ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခြံထဲကနွား
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခြံထဲကနွား
(မိုးမခ) အောက်တိုဘာ ၂၉ ၊ ၂၀၂၄
တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်က ကျောင်းသားတွေကိုတော့ သေတွင်းပို့ဖို့ ပြင်နေပြီ။ အင်း စကစရဲ့ တရသတွေကလည်း ပေါသကိုး။
သရေကြိုးကောင်က နိုင်ငံမှာ သယံဇာတကြွယ်ဝတာမို့ ကြိုးစားရင် ကမ္ဘာ့ထိပ်တန်းအဆင့်အထိ ရောက်မယ်လို့ စောက်ကြီးစောက်ကျယ်တွေ ပြောရင်း လောလောဆယ်တော့ သူတို့မိသားစုရဲ့အချုပ်အခြာအာဏာ စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ရမယ့်အချိန် ဖြစ်လို့ တပ်ထဲဝင်ဖို့ဟာ တာဝန်ဖြစ်တယ်ဆိုပြီး တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှာ ကျောင်းသားတွေကို သေတွင်းထဲ ခြေဆင်းထိုင်ပေးကြဖို့ သွားပွားတယ်။
သယံဇာတက သူတို့ ဖြုန်းလို့ကုန်ပြီ။ မြေပေါ်လည်း မကျန်၊ မြေအောက်လည်း မဟန်၊ ရေထဲလည်း မရှိတော့ဘူး။ လေတောင် သွေးညှီနံ့တွေ ယမ်းနံ့တွေ ဖုံးနေလို့ လူသားသယံဇာတပါ မရှိတော့ဘူး။ အားလုံး နိုင်ငံခြားထွက်ရင်ထွက်၊ မထွက် လက်နက်ကိုင်နေကြရပြီကိုး။ နိုင်ငံမှာ ကျောင်းမရှိ ဆရာမရှိ၊ ဆေးရုံ မရှိ ဆေးမရှိ ဆရာဝန် မရှိ၊ အိမ်မရှိ မိသားစုမရှိ၊ လက်မရှိ ခြေမရှိ အလုပ်မရှိ၊ လင်မရှိ သားမရှိ၊ သမီးမရှိ ထီးမရှိ၊ အပင်မရှိ အမြင်မရှိ၊ အရွက်မရှိ အခက်မရှိ အသက်မရှိ။ ဘာမှမရှိတာ ဆိုရင်တော့ ကမ္ဘာ့ထိပ်တန်းအဆင့်ထိမကဘူး၊ စကြဝဠာ ထိပ်တန်းအဆင့်ထိ ရောက်တာပေါ့။
ခုက သူများကို သတ်ချင်သလို သတ်လာရာကနေ ကိုယ် အသတ်ခံရမယ့်အလှည့် နီးလာပြီဆိုတော့ အသေခံတပ်သားရဖို့ လမ်းမပေါ် ဝင်ဆွဲ၊ စက်ရုံထဲဝင်ဆွဲ၊ အိမ်ထဲ ဝင်ဆွဲရာကနေ ခု တက္ကသိုလ်ထဲဝင်ဆွဲပြီဆိုတော့ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ် ပို့မိတဲ့ မိဘတွေ ပျားတုပ်နေပြီလေ။
မအလက သူတို့အတွက် အသေခံပေးမယ့်သူ နည်းမျိုးစုံသုံး ရှာနေတာ။ တိုင်းရင်းသားတွေ ဆိုတာ ဟိုနေဝင်းလက်ထက် သေနတ်ကိုင်တပ်ရင်းခေတ်ကထဲက သက်တော်စောင့် ဖြစ်ခဲ့ကြရပြီး မြေကွက်ကလေးတွေ ချပေးပြီးတော့ သားစဉ်မြေးဆက် အိမ်တော်ပါကျွန် ဆက်လုပ်ခိုင်းခဲ့တာဘဲ။ အစပိုင်းတော့ တပ်ထဲမှာ တိုင်းရင်းသားက အများစုပဲ။ နောက်တော့ တဖြည်းဖြည်း တိုင်းရင်းသားတွေကို ရာထူးကြီးမပေး၊ ဗုဒ္ဓဘာသာ မဟုတ်ရင် ရာထူးကြီးမပေးတော့ဘဲ တိုင်းရင်းသားနာမည်နဲ့သေနတ်ကိုင်တပ်ရင်းဆိုတာ ဖျောက်ပြီး နံပါတ်တပ်ကာ လူစုခွဲပေးလိုက်တော့တယ်။
တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်တွေ၊ နယ်စပ်ဒေသ လူငယ်ဖွံ့ဖြိုးရေးကျောင်းတွေနဲ့ ဘရိန်းဝပ်ရှ်လုပ်ပြီး စစ်အာဏာတည်မြဲရေးအတွက် နိုင်ငံရေးလက်တိုလက်တောင်းခိုင်းဖို့၊ ယန္တရားထဲက ခွေးသွားစိပ်လေးတွေ လုပ်ဖို့ မွေးတာက နောက်တမျိုးပေါ့။ သန်းရွှေလက်ထက်က နတလထောင်ပြီး တိုင်းရင်းသားတွေအချင်းချင်းထဲမှာ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ရန်တိုက်ဖို့ပါ တွဲလုပ်ခဲ့တာ။ BGF လုပ် ပြည်သူ့စစ်လုပ်ခိုင်းပြီး ကာကင်းလုပ်တာက တနည်းနဲ့ တိုင်းရင်းသားတွေကို စစ်ကျွန်ဇာတ်အမျိုးမျိုးသွင်းထားတာလေ။
အဲလိုမျိုး မွေးထားတဲ့ကျွန်တွေပဲဆိုပြီး ခု အသက်ကို တိုက်ရိုက်လာတောင်းတာ။ သူတို့သားသမီးတွေ မသေဖို့ သူများသားသမီးတွေ အသက် လိုက်တောင်းတယ်၊ လိုက်လုတယ်။ သူတို့သားသမီးတွေကို စစ်ထဲ မခေါ်ဘူး။ မပို့ဘူး။ နိုင်ငံခြားပဲ ပို့တယ်။ ကုမ္ပဏီထောင်ပေးတယ်။
စစ်အုပ်စုကောင်းမှုနဲ့ ပြည်သူ ဆယ်သန်းကျော် အပြင်ရောက်သွားတာကိုပဲ ခပ်တည်တည်နဲ့ တိုင်းပြည်အင်အားက ပြည်တွင်းမှာပဲ ရှိတယ် လုပ်နေတုန်း။ အဲဒါ ခု ကျန်တဲ့သူ အထွက်မခံတော့ဘဲ စစ်ထဲ အကုန်ဆွဲသွင်းနေတာ။ ဒါတောင် အခြေအနေမကောင်းလို့ ဖွံ့ဖြိုးရေးတက္ကသိုလ်ကကျောင်းသားတွေကို မျက်စသွားပစ်တာ။ နွားတွေက ကျားက သနားတတ်ပါတယ် ဆိုပြီး သားသမီးကို ယုံမှတ်ပြီး ပုံအပ်လိုက်တာရော၊ အဲဒီပို့ရင် စစ်ထဲ အသွင်းမခံရဘူးလို့ ထင်တာရောပေါ့လေ။ ခုတော့ ခြင်းထဲက ကြက်၊ မြုံးထဲက ငါး၊ ခြံထဲကနွား ဖြစ်သွားပြီပေါ့။
မအလက အသေခံစစ်သားရှာပုံတော် အသည်းအသန်လုပ်နေတော့ သူ့ကောင်တွေကလည်း လူပြန်ပေးမြိုင်မြိုင် လုပ်လာတယ်လေ။ ပေါက်ဈေးက ခုဆို သိန်းတရာပတ်လည်။ ချမ်းသာသူက ဆင်းရဲသူကိုဝယ်ထည့်တာပေါ့။
တိုင်းပြည်အတွက် မဟုတ်ဘဲ သူတို့ သက်ဆိုးရှည်ဖို့အတွက်လည်း ဖြစ်၊ သေမှာလည်း သေချာပေါက် သိကြတော့ ဘယ်သူက ကိုယ့်သားသမီး ထည့်ပေးနိုင်မလဲ။ မတိမ်းသာ မရှောင်သာ မလှည့်သာ မပြေးသာသူတွေ မိအို ဖအိုနဲ့ နေကြရသူတွေ ငွေကြေးမတတ်နိုင်သူတွေ မကျန်းမာတဲ့မိသားစုဝင်ရှိသူတွေ ခံကြရတာလေ။
စစ်ငရဲမီးထက် ပူတာ ဘာရှိမှာလဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar