မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းကနေ စစ်ကိုင်းတိုင်းကို ရွှေ့မယ့် BPLA
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၈ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၄
မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းကနေ စစ်ကိုင်းတိုင်းကို ရွှေ့မယ့် BPLA
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အတွင်း စတင်ဖွဲ့စည်းခဲ့တဲ့ Bamar People's Liberation Army - BPLA က မကြာခင် အညာဒေသမှာ အခြေချတော့မယ့် အကြောင်း BPLA ကို စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာလည်း ဦးဆောင်နေသူ မောင်ဆောင်းခက သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ အသိပေးလိုက်ပါတယ်။
BPLA ဟာ ၂၀၂၁ ခုနှစ် ဧပြီလ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းပြီး နောက်တလအကြာမှာ PDF လို့အတိုကောက်ခေါ်ဆိုတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းချိန်နဲ့ ရှေ့ဆင့်နောက်ဆင့်လောက် ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး စတင်ဖွဲ့စည်းစဥ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ KNU/KNLA မှာအခြေစိုက်ပြီး စစ်ပညာ လေ့ကျင့်မှုတွေ ရရှိခဲ့တယ်လို့ နားလည်ရပါတယ်။ NUG လက်အောက်က လက်နက်ကိုင် အဖွဲ့အစည်းမဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်ပညာ၊ လက်နက်ခဲယမ်း အကူအညီနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဗမာလူမျိုးလွတ်မြောက်ရေး၊ ဗမာလူမျိုးကြီးဝါဒ တိုက်ဖျက်ရေး အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းလှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ဆန္ဒပြကြရာက မတ်လကုန် ဧပြီလဝန်းကျင်မှာ မြို့ပေါ် ဆန္ဒပြတဲ့နည်းနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဖယ်ရှားဖို့ မလွယ်ကူမှန်း သဘောပေါက်လာကာ လက်နက်ကိုင် လမ်းစဥ်ဆီ ပြောင်းလဲခဲ့ကြတဲ့ လူငယ်တွေ အစုအဖွဲ့တွေ အထဲ BPLA ကို တည်ထောင်ခဲ့တဲ့သူတွေလည်း တခု အပါအဝင်ဖြစ်ပါတယ်။ NUG နဲ့ ရန်သူမဟုတ်သလို တိုင်းရင်းသား အရေး၊ ဖက်ဒရယ်အရေး ကိစ္စတွေမှာလည်း အမြင်ချင်း ထပ်တူထပ်မျှတော့ မရှိကြတဲ့ သဘောမျိုးလို့ နားလည်ရပြီး စတင်ဖွဲ့စည်းစဥ်ကတည်းက NUG ရဲ့ လက်အောက်မှာနေပြီး ဖွဲ့စည်းခဲ့ကြတာမျိုး မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အကူအညီကိုရယူ ဖွဲ့စည်းခဲ့ကြတဲ့ သဘောဖြစ်ပါတယ်။
အစပိုင်းနှစ်တွေမှာတော့ ကရင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေမှာ KNLA နဲ့အတူပါဝင်ခဲ့တယ်လို့ ယူဆရပြီး ယမန်နှစ် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှာတော့ မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ ဖွဲ့ထဲက MNDAA နဲ့ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး လောက်ကိုင်၊ ချင်းရွှေဟော်၊ လားရှိုး၊ သိန္နီ အစရှိတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေမှာ MNDAA အမိန့်ပေးမှုနဲ့ ဗျူဟာကွပ်ကဲမှုအောက်မှာ ပါဝင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
မကြာသေးခင်က ဖြစ်ပွားတဲ့ လားရှိုးမြို့သိမ်း တိုက်ပွဲတွေမှာ အခြားသော BPLA လက်နက်ကိုင်တပ်တွေ၊ KNDF လို ကရင်နီအမျိုးသားကာကွယ်ရေးတပ်လိုမျိုးနဲ့ အတူပါဝင်ခဲ့ကြပြီး လားရှိုးမြို့သိမ်းပြီးနောက်မှာ မူရင်းလာခဲ့တဲ့ ဒေသကို ပြန်သွားခြင်းမပြုတော့ပဲ အညာဒေသမှာ အခြေချဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ သဘောလို့လည်း ပြင်ပကနေ ကောက်ချက်ချနိုင်ပါတယ်။
အညာဒေသလို့ ခြုံငုံခေါ်ဆိုတဲ့ အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းရဲ့ မြို့နယ်အချို့နဲ့ မကွေးတိုင်းမြောက်ပိုင်းမှာ ရှိနေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေအထားကို ကြည့်ရင် NUG လက်အောက်က NUG ရဲ့ ရံပုံငွေ ထောက်ပံ့မှု၊ နိုင်ငံရေးအရ ဦးဆောင်မှုအောက်က လက်နက်ကိုင် တိုက်ခိုက် အုပ်ချုပ်နေကြတဲ့ အဖွဲ့တွေ (အတိုကောက်အားဖြင့် ပသုံးလုံးလို့ ခေါ်ဆိုကြတဲ့) ရှိသလို အချို့သော ဒေသအလိုက် သီးခြားရန်ပုံငွေ၊ အခွန်အကောက် ကောက်ခံကာ ရပ်တည်နေကြတဲ့ အဖွဲ့တွေလည်း အများအပြားရှိကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် BRNA လို့ အတိုကောက် ခေါ်ဆိုတဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ အဖွဲ့၊ ဗိုလ်သံမဏိ ဦးဆောင်တဲ့ ယင်းမာပင် PDF အဖွဲ့၊ ရွှေဘို၊ ဝက်လက် စတဲ့ ဒေသတွေမှာ လှုပ်ရှားနေတဲ့ 96 Soldiers အဖွဲ့တို့အပြင် အခြားသော အဖွဲ့တွေလည်း အသီးသီးရှိနေကြပြီး ကျေးရွာအလိုက် ဖွဲ့စည်းထားတဲ့ ကာကွယ်ရေး အဖွဲ့တွေလည်း ရှိနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
စစ်ကိုင်းနဲ့ ၄င်းနဲ့ ထိစပ်နေတဲ့ မကွေးတိုင်းမြောက်ပိုင်း၊ မန္တလေးတိုင်းက မြင်းခြံ၊ တောင်သာ၊ နထိုးကြီး စတဲ့နယ်တွေမှာ BLPA က ဘယ်လို ပုံစံနဲ့ ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားလာမလဲ ဆိုတာ လောလောဆယ်တော့ မှန်းဆဖို့ စောပါသေးတယ်။ သို့သော် စစ်ကိုင်းတိုင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အနေအထားက အခြားသောပြည်နယ်တွေ တိုင်းတွေနဲ့ မတူကွဲပြားကာ မြို့နယ်အလိုက်၊ ကျေးရွာအလိုက် အသီးသီးသော လက်နက်ကိုင်တွေ အနေနဲ့ ဗဟိုအင်အားစုတခုခုရဲ့ အမိန့်အောက်၊ ဗျူဟာအောက်မှာ လှုပ်ရှားလုပ်ကိုင်ကြတာမဟုတ်လို့ ရှိသင့်တဲ့ အင်အားစုစည်းမှု၊ စစ်ရေးမဟာဗျူဟာ၊ နည်းဗျူဟာကောင်းအောက်မှာ လှုပ်ရှားတာမျိုး မရနိုင်တာလည်း လက်တွေ့ အရှိတရားတရပ် ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းမြောက်ပိုင်း စတဲ့ ဒေသတွေက PDF တွေကို နိုင်ငံရေး၊ စစ်ရေးအရ စုစည်းဖို့ ရည်မှန်းချက်နဲ့ စစ်ကိုင်းဖိုရမ်ကို ယမန်နှစ်တွေက လုပ်ဆောင်ခဲ့ကြပါတယ်။ သို့ပေမဲ့ နိုင်ငံရေး၊ စစ်ရေးအရ အမိန့်တခုထဲအောက်မှာ လှုပ်ရှားနိုင်တဲ့ အနေအထားမျိုး မရှိသေးတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီအညာဒေသကို BLPA က အခြေစိုက်ကြဖို့ ဆုံးဖြတ်ချက်ဟာ BPLA စတင်ဖွဲ့စည်းစဥ်ကတည်းက တနေ့မှာ ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ ဒေသတွေရဲ့ လွတ်မြောက်ရေး၊ ဖက်ဒရယ်ဝါဒကို ရှုမြင်ရာမှာ ဗမာလူမျိုးတွေလည်း အခြားသော တိုင်းရင်းသားတွေကဲ့သို့ လူမျိုးတမျိုး အချိုးအစားတခုသာ ယူသင့်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားတဲ့ လက်နက်ကိုင်အဖွဲ့ ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဖော်ဆောင်ဖို့ စတင်လိုက်တာလား ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်ကောင်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar