KNU ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့နောက် တောင်ပိုင်းစစ်မျက်နှာ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၂ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၄
KNU ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့နောက် တောင်ပိုင်းစစ်မျက်နှာ
ဖားအံခရိုင် KNU တပ်မဟာ ၇ နယ်မြေထဲ KNU ဌာနချုပ်နေရာကို အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ ဒရုန်း ၄ စင်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာမှာ အဆောက်အဦတချို့ ထိခိုက်မှုရှိခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း KIC သတင်းဌာန က ဖော်ပြထားတာ တွေ့ရပါတယ်။
ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေဟာ KNU နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နယ်မြေအဖြစ် သိရှိထားကြပြီး အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတဲ့ တရားဝင် ပြောဆိုတာမျိုး မရှိပေမယ့်လည်း လက်သည်အနေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်ချက် ဖြစ်တယ်လို့ ယူဆထားကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က မြဝတီမြို့နယ်ထဲက လေးကေ့ကော် ဒေသက စစ်ကောင်စီရဲ့ စခန်းတခုကို KNU/KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ဆက်နွယ်ပြီး လက်စားချေ လုပ်ဆောင်တာလားလို့ ယူဆချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။
KNU/KNLA ရဲ့ လက်အောက် စစ်ရေးအရဖွဲ့စည်းထားတဲ့ တပ်မဟာနယ်မြေ ၇ ခုရှိတဲ့အနက် ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေမှာ စစ်ကောင်စီဘက်နဲ့ ထိုးစစ်ဆင်တာ၊ တိုက်ပွဲဖြစ်ပွားတာတွေ မရှိခဲ့ဘဲ အခုလို ဌာနချုပ်ကို အသေခံ ဒရုန်းလက်နက်နဲ့ ဗုံးချတိုက်ခိုက်ခဲ့တာဟာ KNU ဘက်က မျှော်လင့်မထားတဲ့ အခြေအနေမျိုးလို့လည်း ဆိုနိုင်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ နဲ့ ဧပြီလတွေက KNU/KNLA တပ်မဟာ ၆ နယ်မြေ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က အချက်အချာမြို့ မြဝတီမြို့နဲ့ သင်္ဃန်းညီနောင်ကျေးရွာ အနီးက တပ်ရင်းစခန်းတွေကို KNU/KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး မြဝတီမြို့ကိုတော့ သိမ်းယူနိုင်လုနီး အနေအထားရောက်ခဲ့ရာက စောချစ်သူ ဦးဆောင်တဲ့ BGF ကနေ အမည်ပြောင်းထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့က ကြားခံထိန်းယူပြီး စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ယခုနှစ်အတွင်းမှာပဲ စစ်ကောင်စီ အနေနဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နယ်မြေတွေ ထပ်မံ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး စစ်မျက်နှာ အများအပြားမှာ ခံစစ်နဲ့ ဆုတ်ခွာရတာ၊ ရာ၊ ထောင်ချီတဲ့ တပ်ဖွဲ့ဝင် လက်နက်ချ ဖမ်းဆီးခံနေရတဲ့ အနေအထားမှာ လက်ရှိ ထိန်းချုပ်နယ်မြေတွေ မြို့တွေကို ဆက်လက်ထိန်းထားနိုင်ဖို့ အပြင်းအထန် ကြိုးစားနေရတဲ့ အနေအထားရှိနေတာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ မြန်မာစစ်ကောင်စီတပ် ပြိုလဲမှာကို မလိုလားတဲ့ တရုတ်နိုင်ငံရဲ့ အယူအဆက ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်ဖို့ ဖိအားပေးမှုတွေရှိနေသလို အဆိုပါ တပ်ဖွဲ့တွေအဖို့ လက်နက်ခဲယမ်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အတားအဆီးတွေလည်း ကြုံလာနေရတဲ့ အကြောင်း သတင်းတွေမှာ တွေ့လာနေရတာ ဖြစ်ပါတယ်။ ဒီအခြေအနေက စစ်ကောင်စီတပ်အဖို့ မျှော်လင့်ချက် တခုဖြစ်စေပြီး အချို့သော စစ်မျက်နှာတွေမှာ ခံစစ်ကနေ ထိုးစစ်ဆင်ဖို့ ပြန်လည်ပြင်ဆင်လာတဲ့ လက္ခဏာတွေ တွေ့နေရတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လားရှိုးမြို့ကို ပြန်လည်သိမ်းယူဖို့ ပြင်ဆင်နေတဲ့ လက္ခဏာတွေ တွေ့လာရတာ ဖြစ်ပါတယ်။
အထက်က အခင်းအကျင်းမျိုးမှာ စစ်ကောင်စီ အနေနဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်ထဲက KNU/KNLA လက်နက်ကိုင် အဖွဲ့ရဲ့ ဌာနချုပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ပြီး ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို လုပ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းစကားပါးတာ သတိပေးတာလို့ ကောက်ချက်ချမယ်ဆို ချနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
KNU/KNLA အနေနဲ့ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလို လက်နက်အင်အား၊ ငွေကြေးအင်အားနဲ့ လက်နက်ကိုင် များပြားတဲ့ တပ်ဖွဲ့အင်အားတွေနဲ့ နယ်မြေတွေ မြို့တွေကို မြန်မြန်ဆန်ဆန် သိမ်းယူဖို့ လုပ်ဆောင်နေတာမျိုး မရှိပေမယ့် အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့ စတင်ဖွဲ့စည်းစဥ်ကတည်းက စတင်ကူညီနေရာပေးခဲ့တဲ့ အဖွဲ့ဖြစ်ခြင်းနဲ့ PDF တပ်ဖွဲ့တွေ၊ မြို့ပေါ်လှုပ်ရှားတဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး ပြောက်ကျားအဖွဲ့တွေကို လေ့ကျင့်ပေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ခြင်းကြောင့်လည်း စစ်ကောင်စီရဲ့ ပစ်မှတ်ထားခြင်းကို ပိုမိုခံရတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။
ရှမ်းမြောက်ဒေသမှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့ဖြစ်တဲ့ AA လက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းထားတဲ့ တပ်ပေါင်းစု မြောက်ပိုင်းညီနောင်မဟာမိတ်လိုမျိုး မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖွဲ့စည်းထားတာ မရှိဘဲ KNU အနေနဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ရည်မှန်းချက် အကျိုးစီးပွားမတူတဲ့ လက်နက်ကိုင် အဖွဲ့တွေအဖြစ် တည်ရှိနေတာ၊ မွန်လူမျိုးလက်နက်ကိုင် အဖွဲ့၊ တနင်္သာရီဒေသက PDF လက်နက်ကိုင် အဖွဲ့တွေ စသဖြင့် အသီးသီး သီးခြားစီ တိုက်ခိုက်လှုပ်ရှားနေကြတာက စစ်ကောင်စီအဖို့ အသက်ရှူခွင့်ရနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar