Breaking News

တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ ရုန်းကန်မှု စိန်ခေါ်မှုတွေနဲ့ ခရီးပေါက်လာမှု

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၂၉ မြင်ကွင်း

မိုးမခ၊ နိုဝင်ဘာ ၂၀၂၄


တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ ရုန်းကန်မှု စိန်ခေါ်မှုတွေနဲ့ ခရီးပေါက်လာမှု

တိုင်းရင်းသားဒေသတွေနဲ့ ပြည်မဒေသတွေမှာ နွေဦးတော်လှန်ရေးအင်အားစုတွေ၏ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ရုန်းကန်တိုက်ပွဲဝင်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ယခုလပိုင်းအတွင်းမှာ အိမ်နီးချင်းတရုတ်နိုင်ငံအစိုးရ၏ နွေဦးတော်လှန်ရေးအင်အားစုတွေအပေါ် ဖိအားပေးမှုတွေ အထူးသဖြင့် ကိုးကန့်နဲ့ တအာန်း လက်နက်ကိုင်အင်အားစုတွေကိုအပေါ် သက်ရောက်မှုတွေကို လေ့လာသူတွေက သုံးသပ်ကြပါတယ်။ မရှေးမနှောင်းမှာပဲ ထိုင်းစစ်တပ်က ၀တိုင်းရင်းသားအဖွဲ့၏ နယ်စပ်စခန်းတွေကို ရုတ်သိမ်းဖို့ တောင်းဆိုတာ ဖြစ်ပေါ်လာပါတယ်။ နောက်တရက်မှာတော့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court) က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ်  ဖမ်းဝရမ်းထုတ်ဖို့ ICC အဖွဲ့ရဲ့ အမှုလိုက်ရှေ့နေချုပ် ဖြစ်သူက ICC တရားရုံးထံ လျှောက်ထားလိုက်တယ် ဆိုတဲ့ သတင်း ထွက်လာပါတယ်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုလို့ ဆိုတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုမှာ အမိန့်ပေးသူ၊ တာဝန်အရှိဆုံးသူအဖြစ် မင်းအောင်လှိုင်ကို စွပ်စွဲပြီး ၀ရမ်းထုတ်ဖို့ လျောက်ထားတာဆိုပေမယ့် မျက်မှောက် ပြည်တွင်းစစ် မြန်မာတိုင်းရင်းသားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေသူဖြစ်တဲ့ မင်းအောင်လှိုင်အဖြစ် ထိုက်တန်တဲ့ ဖမ်း၀ရမ်းထုတ်မှုလို့ ပြည်သူတွေက သဘောထားကြပါတယ်။

မကြာသေးတဲ့ သီတင်းပတ်တွေက ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းယူထိန်းချုပ်လိုက်တဲ့ ကချင်ပြည်နယ် အရှေ့ပိုင်းက ကချင်အထူးဒေသ (၁) ကို ဖျက်သိမ်းလိုက်ကြောင်း KIA က နိုဝင်ဘာ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။  ထုတ်ပြန်ချက်ထဲမှာ “ယခင်စစ်အာဏာရှင် အစိုးရများမှ ၄င်းတို့အာဏာ ခိုင်မြဲစေရန် အတွက် ကချင် အထူးဒေသ (၁) ဟူ၍ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့သောကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့ပါသည်” လို့ ရေးသားဖော်ပြထားပြီး ယနေ့မှစ၍ ကချင်အထူးဒေသ (၁) ဟူသော သတ်မှတ်ချက် မရှိတော့ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ကချင်အထူးဒေသ (၁) အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သော ဌာနေပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများ အားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIO နှင့်ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တည်ဆောက်သွားကြပါရန် ဖိတ်ခေါ်အပ်ပါသည်လို့လည်း ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ 

မြန်မာ့တော်လှန်ရေးအင်အားစုတွေ၏ ရုန်းကန်လှုပ်ရှားမှုတွေက်ို အဘက်ဘက်ကမေးခွန်းထုတ်ကြ သုံးသပ်ဝေဖန်နေကြတဲ့အချိန်မှာ လက်ရှိဖြစ်စဉ်တွေကို စီပြီး ချရေးကြည့်တဲ့အခါ တော်လှန်ရေးအင်အားစုတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေက သူတို့၏ လှုပ်ရှားမှုတွေကို သူတို့အချိန်ဇယားနဲ့ သူတို့၏ ရငိဆိုင်နေတဲ့ အခြေအနေနဲ့ အညီ ဆက်လက်ချီတက်နေကြတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြည်နယ်တခုချင်းစီ အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ပုံစံ ဖက်ဒရယ်စနစ်အတွက် တော်လှန်ရေးကာလ/ကြားကာလကစတင်ပြီး ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီတွေ၊ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းတွေ အတူတကွ တည်ဆောက်သွားကြမယ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ပူးပေါင်းပြီး စက်တင်ဘာ ၁၉ ရက်မှာ ကြေညာခဲ့တာကိုလည်း ပြန်ကောက်နုတ်ပြနိုင်ပါတယ်။ 

အတူတူလက်တွဲအကောင်အထည်ဖော်သွားမယ့်အဖွဲ့ ၉ ဖွဲ့ထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ  (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊  ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (MNSP-AD)၊ မွန်ပြည်ဖက်ဒရယ်‌ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။

အဲသည်ထဲမှာ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီက အစောဆုံးထူထောင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။  ကရင်နီ IEC ကို မြန်မာနိုင်ငံ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် တည်ထောင်ခဲ့ပါတယ်။ ယင်းအဖွဲ့ကို ကရင်နီပြည်နယ်အတွင်းရှိ ပြည်နယ်တဝှမ်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကို ရောစပ်ပေါင်းစည်းရန်၊ ဒေသအတွင်း တည်ငြိမ်မှုကို ဆောင်ရွက်ရန်၊ နှင့် တော်လှန်ရေးအာဏာပိုင်ဒေသများတွင် ပေါင်းစည်းသော အုပ်ချုပ်ရေးအဖွဲ့တစ်ရပ် တည်ထောင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ 

၎င်းဟာပထမဆုံး ဒေသတွင်း အခြေခံအာဏာပိုင်အုပ်ချုပ်ရေးအစိုးရ ဖြစ်ပြီး၊ ထို့နောက် ချင်းလန်ကောင်စီ (Chinland Council) အပါအဝင် အခြားသော အဖွဲ့အစည်းများလည်း ထပ်မံစတင်တည်ထောင်လာခဲ့ကြပါတယ်။ သည်။ IEC သည် သူ့အုပ်ချုပ်ရေးလက်အောက်ရှိ ဒေသများတွင် သီးခြား စီမံခန့်ခွဲမှုအခြေခံနယ်နိမိတ်များ သတ်မှတ်ခဲ့ပြီး ယခင် အာဏာပိုင် များမှ အသိအမှတ် ပြုခဲ့သည့် မြို့နယ် ၇ ခုအစား မြို့နယ် ၁၆ ခုအဖြစ် သတ် မှတ်ထားပါတယ်။ ထို့အပြင် သူ့ရဲ့ တရားရေးစနစ်ကိုလည်း တည်ဆောက်ရန် စတင်ခဲ့ပြီး၊ ခရိုင်နှင့် မြို့နယ်တရားရုံးများကို စီမံခန့်ခွဲရန် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။  ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် IEC သည် သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ကယန်းအမျိုးသားတပ်မတော် (Kayan National Army) ကို ဖွဲ့စည်းခဲ့ပါတယ်။

နောက်ထပ် ဖွဲ့စည်းလာတဲ့ ချင်းလန်းကောင်စီ ကတော့ ချင်းပြည်နယ်၏ အစိတ်အပိုင်းအချို့ကို အခြေခံထားတဲ့ အုပ်ချုပ်ရေးအာဏာပိုင်၏ တရားဥပဒေပြုအဖွဲ့ဖြစ်လာပါတယ်။ ယင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ချင်းလန်းအစည်းအဝေးမှ ချင်းလန် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခြင်းနှင့်အတူ ဖွဲ့စည်းခဲ့ပြီး၊ ချင်းပြည်နယ်အတွင်းရှိ ချင်းလူမျိုးစုများ၏ ကိုယ် စားလှယ် ၂၃၅ ဦး မှ ထောက် ခံတယ်လို့ ဆိုပါတယ်။ ချင်းလန်းကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ချင်းလန်အစိုးရ၏ ပထမဆုံး အစိုးရကို ရွေးချယ်ခဲ့ပါတယ်။ 

ချင်းလန်ကောင်စီမှ ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းမှုကို ချင်းအဖွဲ့အစည်းများအချို့က ဆန့်ကျင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ချင်း အမျိုးသားကြားကာလ ညှိနှိုင်းရေးကောင်စီသည် ကန့်ကွက်ချက်ပြောကြားခဲ့ပြီး၊ ဇိုမီးလူမျိုး ဗဟိုကောင်စီ သည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အသစ်ဖွဲ့စည်းသည့် အစိုးရသည် ဇိုမီးလူမျိုးစုများကို ကိုယ်စားမပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းနောက် အခြားအခြေခံဒေသများမှာ အခြေစိုက်ကြတဲ့ ချင်းတိုင်းရင်းသားလူမျိုးစုတွေကလည်း ချင်းဘရားသားဟုဒ်၊ ချင်းညီနောင်အဖွဲ့ကို ဒီဇင်ဘာ ၃၀၊ ၂၀၂၃ မှာ ဖွဲ့စည်းခဲ့ကြပါတယ်။ မူလအစ ပါဝင်ကြတဲ့အဖွဲ့တွေကတော့ - CNDF, CDF Mindat, Zoland Defense Force, Maraland Defense Force, CDF Matupi တပ်မဟာ ၁၊ CDF ကန်ပက်လက် တို့ ဖြစ်ကြပါတယ်။ 

နွေဦးတော်လှန်ရေးမတိုင်မီကတည်းက လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်နေကြတဲ့ တိုင်းရင်းသားအဖွဲတွေဖြစ်ကြပြီး မဟာမိတ်အဖြစ်လည်း နားလည်မှုယူထားကြတဲ့ ရှမ်းမြောက်က ညီနောင်အဖွဲ့တွေနဲ့ အတူ ရှိနေတဲ့ အာရက္ခတပ်တော် (AA) ကတော့ လက်ရှိမှာ အာရက္ခပြည်နယ် စစ်ကောင်စီကင်းစင်ရေးအတွက် အရှိန်အဟုန်ကို အထိအခိုက်မခံဘဲ ဆက်လက် ချီတက်နေတယ်လို့လည်း ဆိုနိုင်ပါတယ်။ 


၂၀၂၀ ခုနှစ်အတွင်းတွင် အစိုးရတပ်မတော်နှင့် AA တပ်ဖွဲ့တို့အကြား ရင်ဆိုင်တိုက်ပွဲများကနေ ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းနှင့် ရမ်းဗြဲမြို့နယ်များထိ ကူးစပ် ကျယ်ပြန့်လာခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှုနှင့် လူဦးရေသိန်းနှင့်ချီကာ နေရပ်စွန့်ခွာ စစ်ဘေးသင့်ပြည်သူများ ဖြစ်လာခဲ့ရပါတယ်။ စစ်ကောင်စီကလည််း ဖြတ်လေးဖြတ် ပိတ်ဆို့ထားပါတယ်။  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရခိုင်ဒေသစစ်ဆင်ရေးအား ရခိုင်ပြည်နယ် တွင်  စတင်ခဲ့ပါတယ်။ ။ ရခိုင်ဒေသ စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ  ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ် များအပါအဝင် ချင်းပြည်နယ်အတွင်းရှိ  ပလက်ဝမြို့နယ် များ အား ထိန်းချုပ်ထားပါတယ်။ လက်ရှိအခြေအနေမှာ စစ်ကောင်စီက ၎င်းစစ်စခန်းအများအပြား ဆုံးရှုံးထားဆဲ လေကြောင်းကနေ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတာ တွေ့ရပါတယ်။  သံတွဲမြို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေ နိုဝင်ဘာ ၂၉ မှာ လုပ်ဆောင်နေပါတယ်။ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ ငပလီတို့ကို အာရက္ခတပ်တော်က ဆက်လက် စိုးမိုး နိုင်ဖို့နဲ့ စစ်ကောင်စီတပ်တွေကို ဖယ်ရှားနိုင်ဖို့  တိုက်ပွဲတွေ ဆက်နေတယ်လို့ ဆိုနိုင်ပါတယ်။

အထက်ပါအချက်အလက်တွေ ကောက်နုတ်ပြတဲ့ဆီမှာ မြန်မာပြည်အလယ်ပိုင်း၊ အညာဒေသ၊ တောင်ပိုင်းစစ်ဒေသ၊ KNU ၏ တပ်မဟာဒေသအသီးသီးအလိုက် လွတ်မြောက်ရေးတိုက်ပွဲတွေ ဆင်နွှဲနေကြတဲ့အချက်အလက်များ စုစည်းထားဖော်ပြထားခြင်း မရှိသေးပါဘူး။ အဆိုပါဒေသတွေကလည်း မိမိတို့အခြေခံစစ်ဒေသအလိုက် လွတ်မြောက်ရေး၊ စိုးမိုးရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေဆီကို ဆောင်ရွက်နေကြတယ်လို့ ဆိုနိုင်ပါတယ်။ စစ်ကောင်စီနဲ့ ၎င်းကိုလိုလားတဲ့ အိမ်နီးချင်းနိုင်ငံအချို့ကအစိုးရတွေ မျော်လင့်ထားသလို ယခင် ပိုနေမြဲ ကျားနေမြဲ အခြေအနေမျိုးကို ပြန်သွားပြီးတော့ မြန်မာ့တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေကို ကန့်သတ်ချည်နှောင်ထားနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းမျိုးဆိုတာကို ဖြစ်နိုင်လိမ့်မယ် မထင်ပါဘူး။ စစ်ကောင်စီကိုယ်တိုင်က မြန်မာ့စစ်ရေးမှာ ကန့်သတ်ခံနေရတာကို ရင်ဆိုင်နေရပြီး မြန်မာ့နိုင်ငံရေးမှာလည်း ကန့်သတ်ချည်နှောင်ခံရမှုကို လက်ခံပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးချင်တဲ့ အမူအရာပြဖို့ကိုလည်း မြင်ရဖို့တော့ စောနေဦးမယ် ထင်ရပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar