Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၇ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၇ )

(မိုးမခ) နိုဝင်ဘာ ၁၃ ၊ ၂၀၂၄

12/10/24

Diary in the darkness 


အန်ကယ် တူမီး

အမေရိကန် ပထမ လို့ ကြွေးကြော်ကာ ကိုယ်ကျင့်သိက္ခာ အားနည်းတဲ့ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ဖြစ်လာတယ်။

မြန်မာပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကူညီမယ်လို့ ကြွေးကြော်ကာ တရုတ်က လူသတ်သမား မင်းအောင်လှိုင်ကို ပြတ်ပြတ်သားသား ထောက်ခံကူညီလိုက်တယ်။ 

တရုတ်ပြန် မင်းအောင်လှိုင်ဟာ မိုးကုတ်ကို ဗုံးမိုးရွာတယ်။ လူသတ်တဲ့နေရာမှာ ပိုပြီး ဇက်ရဲ လက်ရဲ နိုင်လာတယ်။ သူ့တပ်တွေကတော့ ခြေသွက်လာတယ်။ ပြေးတဲ့နေရာမှာ။ ရခိုင်မှာ အရာရှိကြီးတွေအပါအဝင် လူ သုံးရာကျော် တော်လှန်ရေးတပ်တွေဆီမှာ လက်နက်ချတယ်။ 

မင်းအောင်လှိုင် စိနတိုင်းက ပြန်ရောက်ရောက်ချင်း ကထိန်ခင်းတယ်။ ပါချုပ်ဆရာတော်ကို ဆွမ်းကပ်နေပုံတွေ စစ်တပ်မီဒီယာတွေမှာ  ပလူပျံသွားတယ်။ အသောကမင်းကြီးရဲ့ သွေးစွန်းလက်တွေနဲ့ ချီးမြှောက်ခံခဲ့ရတဲ့ ဗုဒ္ဓသာသနာဟာ ခုအခါ တကျော့ပြန် အနိုင်ကျင့်ခံရလေပြီလား။ 

ရပ်ကွက်ထဲ လှည့်လာတဲ့ ကထိန်လှည့်ပွဲမှာ အရွယ်မရောက်သေးတဲ့ လူငယ်ကလေးတွေ ကထိန်သင်္ကန်းအတွက် အလှူခံနေကြတယ်။ အရွယ်ရောက်ပြီးသူတွေက သတ်ကွင်းထဲမှာ အလူးအလဲ။

မိုးအကုန် ဆောင်းအကူးမှာ ကုန်းဈေးနှုန်းတွေက အရူးဘုံမြှောက် ဖြစ်နေလေပြီ။ ကန်စွန်းရွက် တစည်း တထောင်၊ ချဉ်ပေါင်ရွက် တစည်း တစ်ထောင်။ လူထုအတွက်က အင်းစိန်ထောင်၊ သာယာဝတီထောင်၊ အိုးဘိုထောင်။ 

အန်ကယ် တူမီး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar