တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၀ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၄
တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ
မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အချို့သော နိုင်ငံရေး စစ်ရေး အကဲခတ် သုံးသပ်သူတွေက ပွင့်လင်းရာသီလို့ ဆိုတဲ့ အခုလို နိုဝင်ဘာလကနေ မိုးရာသီစတင်ဝင်ရောက်တဲ့ မေလ အကုန်ကာလအတွင်း ပိုမိုအရှိန်မြင့်လာနိုင်တယ်လို့ ယေဘုယျအားဖြင့် ခန့်မှန်းပြောဆို လေ့ရှိတာတွေ့ရပါတယ်။ မိုးရာသီကုန်တဲ့အခါ တောတောင်တွေထဲက မြေသားလမ်းတွေ ခြောက်သွေ့သွားချိန် ကားလမ်း၊ ယာယီလမ်းတွေအသုံးပြုနိုင်ပြီဖြစ်လို့ လက်နက်၊ ရိက္ခာတွေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် သယ်ယူနိုင်တဲ့အချက်ကြောင့် ထိုးစစ်ဆင်တာတွေ၊ ထိုးစစ်ကိုခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ပိုမိုများပြားလာမယ့် သဘောမျိုး ဆိုလိုကြတာ ဖြစ်ပါတယ်။ အရင့်အရင် ဆယ်စုနှစ် ၂ ခု ကျော်ကာလတွေတုန်းကတော့ အဆိုပါ အချက်အလက်က ချွင်းချက်မရှိ မှန်ကန်ပါတယ်။ ကားလမ်းတွေ၊ တောတောင်ထဲ သယ်ယူနိုင်တဲ့ ယာဥ်၊ စက်ယန္တရားတွေ အခုလို များများစားစား မရှိကြသေးတဲ့ကာလ ဖြစ်တာကြောင့်လည်း ထိုးစစ်ဆင်ဖို့ အမြှောက်၊ ရိက္ခာ၊ လက်နက်ခဲယမ်းတွေ သယ်ယူဖို့ရာအတွက် ပေါ်တာလို့ခေါ်တဲ့ အဓမ္မ ဆွဲခေါ်လာတဲ့ အရပ်သားတွေ ထမ်းပိုးသယ်ဆောင်ခိုင်းပြီး ထိုးစစ်ဆင်ကြတာ ဖြစ်ပေမယ့် အခုကာလတွေမှာ ကားလမ်းတွေ မြေသားလမ်းတွေက နေရာအတော်များများကို ဆက်သွယ်ထားပြီး ဖြစ်သလို ယာဥ်ယန္တရားတွေလည်း ရှိနေကြပြီဖြစ်လို့ မိုးဖြစ်ဖြစ် ဆောင်းဖြစ်ဖြစ် တိုက်ခိုက်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မိုးရာသီ တရာသီလုံး ရှမ်းမြောက်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့တာကို ကြည့်ရင် မိုးရာသီမှာလည်း လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ သိမ်းယူဖို့ ထိုးစစ်ဆင်မှုတွေ ရပ်နားကြတဲ့ အနေအထားမတွေ့ရဘဲ မုတ်သုန်ရာသီ၊ ခြောက်သွေ့ရာသီရယ်လို့ ခွဲခြားခြင်းမရှိဘဲ တနှစ်ပတ်လုံး နှစ်ဖက် တိုက်ခိုက်နေခဲ့ကြတာ တွေ့ရပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ လက်ရှိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ဒေသတွေကတော့ ရခိုင်ပြည်နယ် တောင်ပိုင်း၊ အနောက်ပိုင်း၊ အရှေ့ပိုင်း နဲ့ ချင်းပြည်နယ် တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့ ဖြစ်သလို ရှမ်းမြောက်ဒေသမှာလည်း အချို့နေရာတွေမှာ လနဲ့ချီကြာမြင့်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အရှေ့ဘက်မှာ ရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အမ်းမြို့တို့မှာ AA လက်နက်ကိုင်အဖွဲ့ နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေဆဲ ဖြစ်ပြီးတပ်ရင်းတွေ တခုပြီးတခု AA လက်နက်ကိုင်တပ်ဖွဲ့က သိမ်းယူခဲ့ပြီး ဖြစ်သလို ရခိုင်ပြည်နယ်က စစ်တပ်ကို ကွပ်ကဲနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းယူနိုင်ဖို့ AA လက်နက်ကိုင် အဖွဲ့ကအပြင်းအထန် တိုက်ခိုက်နေတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ကျန်ရှိတဲ့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေကို လေကြောင်းက ဖြစ်စေ သို့မဟုတ် ရေလမ်းကဖြစ်စေ အဲဒီဆက်သွယ်ရေး လမ်းကြောင်းတွေကသာလျင် ရိက္ခာ၊ လက်နက်ခဲယမ်း ပို့ဆောင်နိုင်တော့မယ့် အနေအထားမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။ တိုင်းစစ်ဌာနချုပ် ရှိရာ အမ်းမြို့ အနီး တိုက်ပွဲတွေ ဖြစ်ပွားနေသလို ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ခုရက်ပိုင်းအတွင်း စစ်မီးကူးစက်လာတဲ့ မြို့တမြို့က ရခိုင်ပြည်နယ် တောင်ပိုင်းက တောင်ကုတ်မြို့ဖြစ်ပါတယ်။
ပဲခူးတိုင်း ပြည်မြို့ ကနေ ဧရာဝတီမြစ်ကူးလိုက်ရင် တဖက်က ပန်းတောင်းကနေ တောင်ကုတ်မြို့နဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းကလည်း ရခိုင်ပြည်နယ်ရဲ့ ဝင်ပေါက် တခုဖြစ်ပြီး မကြာခင်ကာလတွေအထိ မြို့အနီးအနား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိပေမယ့် အခုအခါမှာတော့ တောင်ကုတ်မြို့အထိ တိုက်ပွဲတွေ ရောက်ရှိလာနေပြီး တောင်ကုတ်မြို့ခံတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်ပွားလာပြီးနောက် ပထမဆုံး စစ်ဘေးကနေ တိမ်းရှောင်ကြရပြီ ဖြစ်ပါတယ်။ ကားလမ်းနဲ့ ဒါမှမဟုတ် တောလမ်းကနေ တဆင့် ပဲခူးတိုင်း အနောက်ပိုင်းပြည်မြို့နယ်ဘက်ဆီ တိမ်းရှောင်နေကြရပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ တောင်ကုတ်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ဂွမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တောင်ကုတ်မြို့ကိုပါ AA သိမ်းပိုက်နိုင်ခဲ့ရင် ရခိုင်တောင်ပိုင်း အားလုံး ဆုံးရှုံးပြီး ဖြစ်ပါလိမ့်မယ်။
နောက်ထပ် တိုက်ပွဲတွေ အရှိန်မြင့်မြင့်နဲ့ ဖြစ်ပွားနေတဲ့ ဒေသတခုက ချင်းပြည်နယ် တောင်ပိုင်းနဲ့ အလယ်ပိုင်းက မြို့တွေ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ပထမဆုံး ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကာ တိုက်ခိုက်ခဲ့တဲ့ မင်းတပ်မြို့မှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသလို ချင်းပြည်နယ် အလယ်ပိုင်း ယခင် ဖဆပလ ခေတ်က ချင်းဝိသေသတိုင်း အုပ်ချုပ်ရေး အခြေစိုက်မြို့ဖြစ်ခဲ့တဲ့ ဖလမ်းမြို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဖလမ်းမြို့ခံတွေ အနေနဲ့ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး အနေနဲ့ မြို့ကနေ တိမ်းရှောင်ကြရတဲ့ အနေအထားလို့လည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ မင်းတပ်နဲ့ ဖလမ်းမြို့ ပြီးနောက် ချင်းပြည်နယ်ထဲမှာ နောက်ထပ် တိုက်ပွဲပြင်းထန်တဲ့ နေရာတခုက မြို့နေလူထု အားလုံးထွက်ပြေးတိမ်းရှောင်ပြီး ဖြစ်တဲ့ ထန်တလန်မြို့ပျက်ထဲမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ရခိုင်၊ ချင်း အပြင် လတ်တလော တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့နေရာဒေသကတော့ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းကျေးရွာ အနီးက စစ်ကောင်စီခံစစ်စခန်းတွေ မှာ လနဲ့ချီကြာ TNLA နဲ့ စစ်ကောင်စီတပ်တွေအကြား ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မန္တလေးတိုင်းအရှေ့မြောက်ဘက် ပြင်ဦးလွင် အရှေ့ဘက် ရှမ်းမြောက်နဲ့ ရှမ်းတောင်အကြား မဟာဗျူဟာကျတဲ့ တောင်ခမ်းက စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းယူနိုင်ဖို့ လနဲ့ချီ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
တနိုင်ငံလုံး အနေအထားကို ခြုံကြည့်ရင် စစ်ကောင်စီ အနေနဲ့ ကချင်၊ ရှမ်းမြောက်၊ ရခိုင်၊ ချင်းတို့မှာ တပြိုင်နက်ထည်း ခုခံတိုက်ခိုက်နေရတဲ့ အနေအထားဖြစ်တာတွေ့ရပြီး စစ်ကိုင်းတိုင်း၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ကရင်နီ စတဲ့ဒေသတွေမှာတော့ တိုက်ပွဲတွေ လုံးဝရပ်တန့်နေတာ မဟုတ်ပေမယ့် ကြီးမားတဲ့ ခုခံကာကွယ်တိုက်ခိုက်ရတာမျိုး မဟုတ်သလို နယ်မြေဆုံးရှုံးမှုလည်း ကြီးကြီးမားမား မတွေ့ရသေးတဲ့ အနေအထား ဖြစ်ပါတယ်။
လတ်တလော တရုတ်နိုင်ငံနဲ့ စစ်ကောင်စီအကြား ဆက်ဆံရေးကောင်းမွန်လာတာကို အခြေပြုပြီး စစ်ကောင်စီ အနေနဲ့ ထပ်ပြီး လက်လွှတ်နေရတဲ့ နယ်မြေတွေရှိသလို အချို့သောဒေသတွေမှာ စစ်ရေးအရဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်လည်ရယူဖို့ ကြိုးစားကောင်းလည်း ကြိုးစားလာနိုင်တာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar