ထိုင်းငါးဖမ်းလှေ မြန်မာရေတပ် ပစ်ခတ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း ရေလုပ်သားကို မြန်မာရေတပ် ပစ်ခတ်တယ်လို့ ဆို
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၃၀ မြင်ကွင်း
မိုးမခ၊ ဒီဇင်ဘာ ၁၊ ၂၀၂၄
ထိုင်းငါးဖမ်းလှေ မြန်မာရေတပ် ပစ်ခတ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း ရေလုပ်သား ကို မြန်မာရေတပ် ပစ်ခတ်တယ်လို့ ဆို
ခုရက်ပိုင်းအတွင်း ထိုင်းငါးဖမ်းလှေ တစီးကို မြန်မာရေပိုင်နက်ထဲ ဝင်ရောက်ငါးဖမ်းတယ်ဆိုပြီး မြန်မာရေတပ်က ပစ်ခတ်ကာ ငါးဖမ်းလှေက အလုပ်သမား ၃၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းထဲက ဇာဒက်ကြီးကျွန်းအနီး၊ ထိုင်းနိုင်ငံ ရနောင်းခရိုင်ထဲမှာ ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တာပါ။ အလားတူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ပင်လယ်ပြင်မှာလည်း ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတဦးကို မြန်မာရေတပ်က ပစ်ခတ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ် အနောက်ဘက် ဘင်္ဂလားပင်လယ်အော် မြောက်ဘက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပင်လယ်ပြင်နယ်နိမိတ်ထိစပ်ရာ စိန့်မာတင်ကျွန်းအနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က ၄င်းတို့ပစ်ခတ်တာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေး ကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး အဆိုပါဒေသမှာ လှုပ်ရှားနေတဲ့ ရက္ခိုင့်တပ်တော်ဘက်က လုပ်ဆောင်တာလို့ ဆိုလိုတဲ့ သဘောမျိုးလည်း အဓိပ္ပာယ်ကောက်ယူနိုင်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြို့အများစု ကို AA တပ်တွေ သိမ်းယူထားပြီး မြို့တော် စစ်တွေ၊ မောင်တောမြို့နယ်ထဲက နယ်ခြားစောင့် စခန်းအနည်းငယ်နဲ့ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ရေနက်ဆိပ်ကမ်းနဲ့ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်း ရှိရာ ကျောက်ဖြူမြို့ နဲ့ အမ်းစစ်ဌာနချုပ်တို့သာ ကျန်ရှိတဲ့ ရခိုင်ပြည်နယ်ရဲ့ မြန်မာရေပြင်ပိုင်နက်မှာ စစ်ကောင်စီ ရေတပ်တွေ ရှိနေသေးတဲ့ အနေအထားလို့ ယူဆနိုင်ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းနီးပါးကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း မကြာသေးခင်လပိုင်းတွေက နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ကာ လက်ရှိကာလမှာ ကြားဖြတ်အစိုးရက တာဝန်ယူထားတဲ့ အနေအထားဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ နှစ်နိုင်ငံ ရေပြင်ပိုင်နက်ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ အငြင်းပွားမှုတွေ ရှိခဲ့ပြီး နိုင်ငံတကာခုံရုံးရဲ့ အဆုံးအဖြတ်ကို ခံယူရခဲ့တဲ့ အနေအထားတွေဖြစ်ပွားခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် တိုက်ပွဲတွေ တနှစ်ကျော်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့ပြီး AA အနေနဲ့ ရခိုင်ပြည်နယ် ဒေသအတော်များများကို သိမ်းယူပြီး ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ တနည်းအားဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စတွေနဲ့ ပတ်သက်လို့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းဖြစ်လာဖို့ ဆန္ဒရှိနေမှာ မလွဲပါဘူး။ တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ရင် ရေပိုင်နက် နယ်နိမိတ်ကိစ္စရပ်တခုထည်းတင်မကဘဲ ၁ သန်းဝန်းကျင်ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ၇ နှစ်ကျော် လက်ခံထားတဲ့ ကိစ္စကိုလည်း ဖြေရှင်းလိုနေတဲ့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ မဖြစ်ပွားခင်ကတည်းက လူနည်းစုရိုဟင်ဂျာတွေ အပေါ် ခွဲခြားဖိနှိပ်မှုတွေ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနှင့်ပြီး အခုလို လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာချိန်မှာ ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ လမ်းစက ပိုပြီးရှာဖွေရ ခက်ခဲလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီအနေအထားမှာ ဘင်္ဂလားဒေ့ရှ် အစိုးရ၊ စစ်ကောင်စီနဲ့ De Facto အုပ်ချုပ်နေတဲ့ AA လက်နက်ကိုင်တို့အကြား ဘယ်လို ဆွေးနွေး အဖြေရှာမလဲဆိုတာ ခန့်မှန်းရခက်ခဲတဲ့ ကိစ္စလို့ဆိုရမှာဖြစ်ပါတယ်။
အခြား အိမ်နီးချင်းနိုင်ငံနဲ့ ပြဿနာကလည်း အထက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားတယောက်ကို ပစ်ခတ်မှု ဖြစ်ချိန်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာအကြား ငါးဖမ်းလှေတွေနဲ့ ပတ်သက်ပြီး ရေတပ်က ပစ်ခတ်မှုလိုမျိုးတွေ အခုနှစ်ကာလတွေမှာ ဖြစ်ပွားတာ မရှိသလောက် ဖြစ်ပေမယ့် အခုရက်ပိုင်း ရှမ်းပြည်နယ် အရှေ့ပိုင်း ဝ လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ဒေသမှာ ထိုင်းစစ်တပ်တွေက သတိပေးမှု ပေါ်ထွက်လာတဲ့ အဖြစ်အပျက်နဲ့ ရှေ့ဆင့်နောက်ဆင့်မှာ အခုလို ပင်လယ်ပြင်မှာ ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်တဲ့ ကိစ္စဖြစ်ပွားလာတာပါ။
ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်က တပ်အချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ပုံမှန်အားဖြင့် ထိုင်းစစ်တပ် နဲ့ မြန်မာ စစ်ကောင်စီအကြား ပြဿနာ ဖြစ်ပွားလေ့မရှိပါဘူး။ အခုဖြစ်ရပ်မှာလည်း ထိုင်းစစ်တပ်အနေနဲ့ ဝ လက်နက်ကိုင် အဖွဲ့ကို ဖိအားပေးလိုတဲ့ သဘောသက်သက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခုရက်ပိုင်းအတွင်း အထက်က ဝ နယ်က တပ်စခန်းတွေ ဖယ်ရှားပေးဖို့ ထိုင်းစစ်တပ်က တောင်းဆိုမှုအပြီး ထိုင်းအစိုးရအဖွဲ့က အကြံပေးတဦး နေပြည်တော်ကို လာရောက်ပြီး မြန်မာစစ်ကောင်စီ အစိုးရအဖွဲ့က တာဝန်ရှိသူနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းလည်း ဖေါ်ပြထားတာတွေ့ရပါတယ်။
ဘီဘီစီမြန်မာပိုင်း သတင်းမှာတော့ ထိုင်းစစ်တပ်က ဝ လက်နက်ကိုင် အဖွဲ့ကို တောင်းဆိုရတဲ့ အကြောင်းရင်းခံ ဖြစ်နိုင်တဲ့ ဝ စစ်တပ်ရဲ့ တောင်ပိုင်းဒေသမှာ စစ်မှုထမ်းသင်းတန်း ပထမဆုံးအကြိမ် ဖွင့်လှစ်တဲ့ အကြောင်း ဖေါ်ပြထားပါတယ်။ မကြာခင်လပိုင်းတွေမှာ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဝ လူငယ်တွေကို စစ်မှုထမ်းဖို့ ဝ လက်နက်ကိုင် အဖွဲ့ကက ပြန်လည်ဆင့်ခေါ်ခဲ့ပြီး ဝ ပြည်တောင်ပိုင်း ၁၇၁ စစ်ဒေသအတွင်း စစ်သင်တန်း ဖွင့်လှစ်ခဲ့တာကြောင့် ထိုင်းစစ်တပ်အနေနဲ့ အခုလို ဖိအားပေးတောင်းဆိုတဲ့ အဖြစ်အပျက်ပေါ်ထွက်လာတာလို့ ကောက်ချက်ချပါတယ်။
ဝ လက်နက်ကိုင် အဖွဲ့ကတော့ နယ်စပ်ပြဿနာ နှစ်နိုင်ငံ နယ်နိမိတ် တိတိကျကျ သတ်မှတ်ထားခြင်းမရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက အငြင်းပွားနေတဲ့ တပ်စခန်းကိစ္စတွေကို နေပြည်တော်က အာဏာသိမ်းအစိုးရနဲ့ သာ ဆွေးနွေးရမှာ ဖြစ်တယ်လို့ ဆိုပြီး နေပြည်တော်အနေနဲ့တော့ ထိုင်းနယ်စပ်ကိစ္စနဲ့ ပတ်သက်လို့ ထုတ်ပြန်တာ မှတ်ချက်ပေးပြောဆိုတာတွေ အခုချိန်ထိ မတွေ့ရသေးပါဘူး။
အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ အခုလို နိုင်ငံတွင်းမှာ ပြည်တွင်းစစ်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန်မှာ နယ်နိမိတ် ပြဿနာတွေကို ဖန်တီးပြီး ပြည်တွင်းစစ်ပွဲတွေကနေ နိုင်ငံရေးအရ အာရုံပြောင်းလိုတဲ့ ရည်ရွယ်ချက်လားဆိုတဲ့ သံသယလည်း ပေါ်ထွက်လာနေတာတွေ့ရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar