Breaking News

ဆယ်ပေါင်တူ - စစ်ရှုံးသမား ဝရမ်းပြေးကြင်စိုး

ဆယ်ပေါင်တူ - စစ်ရှုံးသမား ဝရမ်းပြေးကြင်စိုး

(မိုးမခ) နိုဝင်ဘာ ၃၀ ၊ ၂၀၂၄


‘ဂျပု အသက်မဟုတ်ဘူး…..လူ့အသက်၊ လူ့အသက်၊ လူ့အသက်လို့ ပြင်ပြောကြ’

ပြေးလွှားဆော့နေသော သူ့မြေးများနှင့် ကစားဖော် ကလေးတသိုက်ကို ကြင်စိုးတယောက် စိတ်ပျက်လက်ပျက်နှင့် အော်ပြောလိုက်သည်။ တလွဲတချော် အော်ဟစ်ရင်း အိမ်ထဲမှာ ဆော့ကစားနေကြသည့် ကလေးတွေအထဲ သူ့မြေးလေးတွေလည်း ပါနေသည့်အတွက် ကြင်စိုးဒေါသကိုထိန်းကာ ပြင်ပေးနေသည်။

သို့သော် ကလေးဆိုသည်က ကလေးစိတ်နှင့်သာ။ လူကြီးဖြစ်သူ ဝင်ရောက်ဟန့်လေလေ၊ အတွန့်တက်ပြီး ရယ် စရာတခုအဖြစ် ထိုအမှားအတိုင်း ထပ်ခါတလဲ ပြန်လုပ်ပြတတ်လေလေ ဖြစ်သည်။ ကျောင်းမှာ တခြားကလေး တွေပြောတာကို ကြားခဲ့သည်လား၊ဒါမှမဟုတ် သူ့ကိုနောက်ကွယ်မှာ ပြက်ရယ်ပြုချင်သောသူများ တီးတိုးပြော ခဲ့တာကို ကြားခဲ့သည်လား သဲသဲကွဲကွဲတော့မသိ။ သူရေးခိုင်းပြီး လွှတ်တင်လိုက်သော တန်ဆောင်တိုင် မီးပုံးပျံ မှ စာသားကို နောက်ပြောင်ပြီး အော်ဟစ်နေကြခြင်းဖြစ်သည်။

သူက ‘လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ’ ဟု ပြင်ပေးလေလေ၊ ထိုကလေးတသိုက်က ‘ဂျပုအသက်ထက် အရေးကြီးတာ ဘာမှမရှိ’ ဟု ပြန်အော်နောက်ရင်း သူ့နားက ထွက်ပြေးကြပြန်သည်။ သူ့မြေးတွေနှင့် သူငယ်ချင်း တသိုက်က ‘ဂျပု’ ဆိုတာ သူ့ကိုခေါ်မှန်းတော့ မသိကြ။ သူတို့က ရယ်စရာအနေဖြင့်သာ နောက်ပြောင်နေခြင်းဖြစ် သည်။

ဤသို့ ကြင်စိုးနှင့် ကလေးတသိုက် ဗရုတ်ဗရက်ဖြစ်နေတုန်း မဲလုံးတယောက် ကပျာကယာဖြင့် ကြင်စိုးဆီရောက် လာသည်။

‘ဘပုကို အိုင်စီစီက ဖမ်းဝရမ်း ထုတ်ဖို့ပြင်နေပြီ’

မဲလုံးက ပြောပြောဆိုဆို ဘာသာပြန်ထားသည့် သတင်းကို ကြင်စိုးမျက်နှာရှေ့ ထိုးပြလိုက်သည်။

ဝရမ်းပြေးဘဝ နေ့ချင်းညချင်း ရောက်မလို ဖြစ်သွားရသည့်အတွက်၊ အလန့်တကြား ဖြစ်သွားသည့် ကြင်စိုး မျက်စိမျက်နှာ အလွန်ပျက်သွားသည်။ တနိုင်ငံလုံးက သာမက၊ အခုဆိုရင် တကမ္ဘာလုံးကပင် စောက်သုံးမကျဟု သတ်မှတ်ထားကြသည့် ကြင်စိုးသည် သူ့ကိုယ်သူတော့ အပြစ်ဘယ်လိုမှမမြင်၊ ပြစ်မျိုးမှဲ့မထင်ဟုသာ ခံယူထားသူပီပီ အိုင်စီစီ ဖမ်းဝရမ်းအတွက် သူများကိုသာ လွှဲချဖို့ ချက်ချင်းစဉ်းစားသည်။

‘အတိတ်နိမိတ်ဆိုတာ အလကားမဟုတ်ဘူး၊ အခုဟာက ဟိုကောင်တွေကြောင့်ဖြစ်တာ’

အဆက်အစပ်မရှိ ပြောလိုက်သည့်စကားကြောင့် မဲလုံးတယောက် ကြင်စိုးဘာကို ပြောလိုက်မှန်းမသိ။ 

‘မင်း မကြားဖူးဘူးလား အိုင်စီစီကနေ မင်္ဂလာသတင်းစကားတွေ ကြားရတော့မှာပါ ဆိုပြီး ပြောပြောနေကြတာ၊ အခု အဲဒီအိုင်စီက ကောင်တွေ မင်္ဂလာဆောင် သီချင်းလိုက်ဆိုကြတာနဲ့၊ ကဲ အခုတော့ဖြစ်လာပြီ၊ အိုင်စီနဲ့ မင်္ဂလာ၊ သွားမတိုက်ဆိုင်ဘူးလား မင်း စဉ်းစားကြည့်စမ်း’

သူများ လွှဲချရမည်ဆိုလျင် ချန်ပီယံဘွဲ့ကိုရမည့် ကြင်စိုးက အိုင်စီတီးဝိုင်း မင်္ဂလာဆောင် သီချင်းလိုက်ဆိုလို့၊ ပြည်သူတွေ ကြားချင်သည့် အိုင်စီစီမှ မင်္ဂလာသတင်း ထွက်ပေါ်လာသည်ဆိုကာ အိုင်စီရောခ့်ကာကြီးများကို အပြစ်တင်လေတော့သည်။

‘ဖမ်းကွာ … ဒီကောင်တွေ’

မဲလုံး စိတ်ညစ်သွားသည်။

‘အာ့ကျကျ … ဖမ်းဖို့နေနေသာသာ လိုက်ရှာဖို့တောင် မလွယ်ဘူး ဘပုရဲ့၊ အခုဆို သူတို့က တနိုင်ငံလုံး ဘုန်းကြီးပျံ၊ ရှင်ပြု၊ ကင်ပွန်းတပ်၊ဟိုး... ရွာစွန်ရွာဖျားတွေအထိ လိုက်ဆိုဖို့ လုပ်နေကြတာ’

ကြင်စိုးဒေါသမပြေသေးပါဘူးဆိုမှ၊ သူ့မြေးများနှင့် ကစားဖေါ်များ သူ့နားသို့ ထပ်ရောက်လာကာ ဘယ်ကကြားခဲ့ မှန်းမသိသော သီချင်းစာသားများကို အော်ဆိုကြပြန်သည်။ ကြင်စိုးအရင် ကြားဖူးသည့် မူရင်းသီချင်းကတော့ ‘အချစ်ရှုံးသမား ဒဿဂီရိ’ ဖြစ်သည်။ ကလေးတွေကတော့ သူ့ကို ‘ဖိုးဖိုးမအလ’လို့သာ သိထားပြီး၊ ကြင်စိုးဆိုတာ သူမှန်းမသိကြလေတော့၊ စာသားပြောင်းထားသည့် သီချင်းအလိုက်အတိုင်း ဆူညံအောင် အော်ဆိုနေကြသည်။

♫ စစ်ရှုံးသမား  ဝရမ်းပြေးကြင်စိုး

    စစ်ရှုံးသမား  ဝရမ်းပြေးကြင်စိုး

    စစ်ရှုံးသမား ………………......ဝရမ်းပြေးကြင်စိုး ♪

‘အဲဒီမူရင်းသီချင်း ဆိုတဲ့ကောင်လည်း ဖမ်းကွာ၊ သူ့သီချင်းကြောင့်လည်း အခုလို ဖြစ်လာရတာ၊ စကားနောက် တရားပါတယ်ဆိုတာ ဒါမျိုးပေါ့’

မရှိတော့သည့် အဆိုတော်ကို ဘယ်လို လိုက်ဖမ်းလို့ ရပါ့မလဲဆိုကာ၊ မဲလုံး အတော်ကြီး စိတ်ပျက်လက်ပျက် ဖြစ် သွားသည်။ ထို့ကြောင့် စကားလွှဲသည့်အနေဖြင့်

‘ဘပု …ယူနန်ပြည်နယ်က အပြန် ရလာတဲ့အကြံနဲ့ ပတ်သက်တာလေး ပြောပြပါဦး’

ထိုအခါမှ ကြင်စိုးလည်း ‘အေး… ငါ မင်းကို ပြောဖို့ မေ့နေတယ်၊ ငါလည်း ဟိုမသွားရဲ၊ ဒီမသွားရဲ၊ ဟိုကမဖိတ်၊ ဒီက  မဖိတ်နဲ့ အခုလို ယူနန် ရောက်သွားတော့မှ အကြံဉာဏ် ပိုပွင့်သွားတယ်။ အဲဒီယူနန်လောက် အဆင့်အတန်း ဖြစ် သွားရင်လည်း မဆိုးဘူးကွ’

မဲလုံး ငြိမ်ပြီး နားထောင်နေလိုက်သည်။ ကြင်စိုးက လေသံတိုးတိုးဖြင့် မဲလုံးကို ဆက်ပြောသည်။

‘ဒီအတိုင်းဆိုရင်ကတော့ ဒီမှာငါလည်း ကြိုးစင်တက်ရာမှာက နေ့လား ညလားပဲ၊ ဒါကြောင့် ကိုကြီးရှီရဲ့ အကာအ ကွယ်ယူပြီး၊ ကိုကြီးရှီ လက်အောက်မှာ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးလို ရာထူးမျိုး ရမလားလို့ မေးထားတယ်။ ပြည်နယ်နာမည် အနေနဲ့တော့ ပြောင်းရမှာပေါ့၊ သူတို့အခေါ် အဝေါ်နဲ့ နီးစပ်အောင်၊ ငါကတော့ ယူနန်ပဲ ရောက်ဖူးတော့၊ ယူနန်ပြည်နယ် နာမည်ခပ်ဆန်ဆန် ဖြစ်ရင်ပြီးရောလို့ ပြောထားတယ်’

ထိုစဉ်မှာပဲ ‘ သံရုံးကစာ အခုပဲ ရောက်ပါတယ်’ ဆိုကာ အနီရောင် စာအိတ်တအိတ်ကို ကြင်စိုးဆီလာပို့သည်။

အိုင်စီစီ ဖမ်းဝရမ်းကိစ္စကြောင့် စိတ်ဆင်းရဲနေသည့် ကြင်စိုးတယောက် ဝမ်းသာအားရဖြစ်သွားသည်။

‘ငါ့ကို ကိုကြီးရှီက ပြည်နယ်အုပ်ချုပ်ရေးမှူး ခန့်တော့မယ်နဲ့တူတယ်’ ဟု ပြောပြောဆိုဆိုဖြင့် စာအိတ်နီကို ဖောက်ကာ အသံထွက်ဖတ်လိုက်သည်။

‘ချီးနားအင်ပါယာအတွင်း ခိုလှုံလိုသော ‘သူခိုးလဗာချာ ငပေငဒူ သူခိုးငတိ ပုကွကွ’ မအလအနေဖြင့် ‘ဝ’တို့၏ လုံ ခြုံရေးကုမ္ပဏီ အယောင်ဆောင်တပ်ဖွဲ့များ ဝင်ရောက်ပြီးချိန်တွင် ‘လု’တောင်းဆိုထားသလို ယူနန်ပြည်နယ် အသံ ထွက်နှင့်နီးစပ်သော ‘ရူးနှမ်းပြည်နယ်’၏ ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူး ခန့်အပ်ခံရမည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်သည်’

‘ငါဖြစ်မှာက ရူးနှမ်းပြည်နယ်အုပ်ချုပ်ရေးမှူးတဲ့ ‘ ဟုဆိုကာ စိတ်ပျက်လက်ပျက်ဖြင့် အသံတိမ်ဝင်သွားကာ ကြင် စိုးတယောက် သူ၏ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။

အလိုက်ကန်းဆိုး မသိတတ်သော ကလေးတသိုက်က အခန်းဝတွင် ပြူတစ်ပြူတစ်လုပ်ရင်း ဆက်ပြီး အော်ဟစ် သီဆိုနေတာကတော့

♫ စစ်ရှုံးသမား  ဝရမ်းပြေးကြင်စိုး

    စစ်ရှုံးသမား  ဝရမ်းပြေးကြင်စိုး

    စစ်ရှုံးသမား ………………......ဝရမ်းပြေးကြင်စိုး ♪




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar