စစ်မှုထမ်းဥပဒေ အသက်သွင်းမှု နဲ့ လာဘ်စားမှုအောက်က လူထုရဲ့ ဘဝ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၁ မြင်ကွင်း
မိုးမခ၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၄
စစ်မှုထမ်းဥပဒေ အသက်သွင်းမှုနဲ့ လာဘ်စားမှုအောက်က လူထုရဲ့ ဘဝ
၂၀၂၄ ခုနှစ်ရဲ့ မတ်လ ပထမပတ်မှာ အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေရဲ့ အကျိုးဆက်နဲ့ ခြစားမှုအမျိုးမျိုးနဲ့ ပြည့်နှက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတို့ ပေါင်းစပ်လိုက်တဲ့အခါ ပြည်တွင်းမှာ ရှိတဲ့ မြန်မာလူထုအဖို့ စစ်ပွဲတွေအကြားမှာ အသက်အန္တရာယ် မကျရောက်အောင် နေအိမ်စွန့်ခွာတိမ်းရှောင် နေရတဲ့ အခြေအနေအပြင် မိသားစုတွေထဲက စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တွေ စစ်ထဲဆွဲသွင်း မခံရအောင် ရှောင်တိမ်းရ၊ ငွေကြေးနဲ့ ရွေးယူရတဲ့ ဒုက္ခတွေပါ ထပ်ဆင့်ခံစားနေကြရပြန်ပါတယ်။
မြန်မာနိုင်ငံက စစ်မှုထမ်းမထမ်းမနေရ ဥပဒေက အချို့သောနိုင်ငံတွေကလိုပဲ နိုင်ငံကိုကာကွယ်ဖို့ စစ်တပ်ကို အမြဲတမ်းစစ်သားတွေနဲ့ အင်အားကြီးကြီးမားမား ဖွဲ့စည်းမထားဘဲ၊ နိုင်ငံသားတိုင်း စစ်ပညာ တတ်ကျွမ်း နားလည်ပြီး နိုင်ငံကာကွယ်ရေးမှာ တာဝန်ရှိတဲ့ အသိရဖို့ ရည်ရွယ်ပြီး အသက်အရွယ်ရောက်တဲ့အခါ ၂ နှစ်မှ ၃ နှစ်အထိ တာဝန်ထမ်းဆောင်ကြရတဲ့ အနေအထားမျိုးလို့ ယူဆလို့မရသလို ပြည်ပကျူးကျော်စစ် သို့မဟုတ် အိမ်နီးချင်းနိုင်ငံ တနိုင်ငံငံနဲ့ စစ်မက်ဖြစ်ပွားတဲ့အခါ နိုင်ငံ ကာကွယ်ရေးအတွက် အရေးပေါ် ခေါ်ယူကြတဲ့ စစ်မှုမထမ်းမနေရ ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့လည်း မတူညီပါဘူး။ ပထမ အခြေအနေမျိုးက အနီးဆုံး ဥပမာပေးရရင် တောင်ကိုးရီးယားလို နိုင်ငံမှာ ပြဌာန်းကျင့်သုံးနေတဲ့ စစ်မှုမထမ်းမနေရ ဥပဒေ ဖြစ်ပြီး ဒုတိယ အခြေအနေမျိုးက မကြာသေးတဲ့နှစ်က စတင်ဖြစ်ပွားတဲ့ ယူကရိန်း-ရုရှားစစ်ပွဲလိုမျိုးမှာ ယူကရိန်းနိုင်ငံ နဲ့ ရုရှားဖက်ဒရေးရှင်းတို့မှာ အရေးပေါ် ကာလပြဌာန်းကြတဲ့ စစ်မှုမထမ်းမနေရ ဥပဒေတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အဖြစ်က အထက်က အခြေအနေ ၂ မျိုးလုံးနဲ့ မတူဘဲ နိုင်ငံရဲ့ စစ်တပ်ကို နိုင်ငံသားတွေ အလှည့်ကျ တာဝန်ထမ်းဆောင်ပြီး နိုင်ငံသားတာဝန်သိစိတ်ကို မြင့်မားအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလည်း မဟုတ်သလို နိုင်ငံက ပြည်ပနိုင်ငံ တခုခုနဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ အခြေအနေလည်း မဟုတ်ပဲ ပြည်တွင်းစစ် ဖြစ်ပွားနေရာမှာ စစ်ပွဲအရှိန်မြင့်လာ၊ ကျယ်ပြန့်လာပြီး ပုံမှန်လခစား စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်အင်အား သိသာစွာယုတ်လျော့လာတဲ့ အခြေအနေမှာ အင်အားဖြည့်တင်းဖို့ ရည်ရွယ်ချက်နဲ့ ဆယ်စုနှစ်အလွန်က ပြဌာန်းထားတဲ့ ဥပဒေကို အသက်သွင်းတာမျိုး ဖြစ်ပါတယ်။
လက်ရှိ စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၁၀ ခုနှစ်မှာ နအဖ လို့အတိုကောက်ခေါ်ဆိုတဲ့ ယခင်စစ်အာဏာရှင် သန်းရွှေရဲ့ တရားဝင် အာဏာနောက်ဆုံးနေ့ရက်တွေမှာ လက်မှတ်ထိုး ပြဌာန်းခဲ့တာပါ။ ထိုစဥ်ကာလက အသက်မဝင်သေးခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်အကြာ စစ်တပ်က အရှုံးတွေ ဆက်တိုက်ရင်ဆိုင်လာရချိန်မှာ အသက်သွင်းလိုက်ခြင်း ဖြစ်ပါတယ်။ ဒီဥပဒေရဲ့ ပင်မမြစ်ဖျားခံရာကတော့ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ လို့အမည်ပေးခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ အိမ်စောင့်အစိုးရလက်ထက် တပ်မတော် ဥပဒေတွေ ပြင်ဆင်တာ ပြဋ္ဌာန်းတာတွေနဲ့ အတူ စစ်မှုမထမ်းမနေရ ဥပဒေအတွက် ပမာဏရေးဆွဲတာတွေ လုပ်ဆောင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအချို့မှာ တွေ့ရပါတယ်။ ဒီ သန္ဓေတည်မှုအပေါ် အခြေခံပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်းအလိုမှာ အမိန့်နဲ့ ပြဋ္ဌာန်းထားခဲ့ပြီး ချက်ခြင်း အသက်မသွင်းခဲ့တဲ့သဘော ဖြစ်ပါတယ်။
အဆိုပါ အသက်မသွင်းခဲ့တဲ့ ဥပဒေက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တိုက်ခိုက်မှုတွေ အနှံ့အပြားဖြစ်ပွားလာပြီး ၂၀၂၄ ခုနှစ်ဆန်းမှာ စစ်ကောင်စီက အသက်ဝင်ကြောင်း အမိန့်ကြေညာစာနဲ့ စတင်ခဲ့ကာ သီတင်းပတ် အနည်းငယ်အတွင်း နည်းဥပဒေ မထုတ်ပြန်ပဲ စတင်စုဆောင်းခဲ့တာ ဖြစ်ပါတယ်။
စတင်ပြီး ၉ လနီးပါးအကြာမှာ တလတကြိမ် စစ်မှုထမ်း စုဆောင်းတဲ့ အသုတ် အမှတ်စဥ် ၈ ကိုရောက်ရှိခဲ့ပြီး တရားဝင် အရေအတွက်အရ ဆို အမှတ်စဥ် တခုမှာ ၅၀၀၀ နှုန်းနဲ့ ၄၀၀၀၀ စုဆောင်းရရှိတယ်လို့ မှတ်ယူရမှာဖြစ်ပေမယ့် လက်တွေ့ အနေအထားမှာ ဘယ်၍ဘယ်မျှ ရရှိတယ်ဆိုတာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိပါဘူး။ အပတ်စဥ် ၈ ခု လူ ၄၀၀၀၀ စုဆောင်းဖို့ရာအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကလွဲရင် ကျန်တဲ့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေ သို့မဟုတ် တပိုင်းတစထိန်းချုပ်နယ်မြေ တွေမှာ မြို့နယ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးတွေက တဆင့် လူစုဆောင်းတာတွေကို အကောင်အထည်ဖေါ်နေတာဖြစ်ပါတယ်။
သို့ပေမဲ့ အခုလပိုင်းတွေမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးလိုမျိုးကနေ စုဆောင်းတာတွေတင်မကတော့ပဲ မြို့တွေ၊ ရွာတွေမှာ လူငယ်တွေ စုဝေးရာနေရာလိုမျိုး၊ အလုပ်သွားချိန်၊ အလုပ်ပြန်ချိန်ကျော်လွန်တဲ့နောက် လမ်းတွေမှာ စစ်ဆေးမေးမြန်းဖို့ အကြောင်းပြ တားဆီးပြီးစစ်သားစုဆောင်းတာ၊ ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်မှုနဲ့ သော်လည်းကောင်း ဥပဒေ ချိုးဖောက်မှုတခုခုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး မြန်မာနိုင်ငံပြန်ပို့သူတွေကို လက်ခံပြီး အမျိုးသားတွေ အသက်အရွယ်အားဖြင့် စစ်မှုထမ်းဥပဒေ အကျုံးဝင်သူတွေကို စစ်မှုထမ်းဖို့ စုဆောင်းတာ၊ အကျဥ်းထောင်တွေထဲမှာ အကျဥ်းကျနေသူတွေထဲက စစ်မှုထမ်းဖို့ ရွေးချယ် ကမ်းလှမ်းတာတွေ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဖြစ်တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး၊ ရဲ၊ စစ်တပ်တွေ အဖို့လည်း စစ်မှုထမ်းစုဆောင်းမှုကို အကြောင်းပြုပြီး လူပြန်ပေးဆွဲတဲ့ အခြေအနေတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသလို စစ်မှုထမ်းသွားရတဲ့ သူတွေကို ထောက်ပံ့ဖို့ အကြောင်းပြချက်နဲ့ ရပ်ရွာတွေထဲက အိမ်ထောင်စုတွေ အနေနဲ့ တလကို ကျပ် သောင်းဂဏန်းကနေ အချို့နေရာတွေမှာ သိန်းဂဏန်းအထိ ပေးကြရတဲ့ အခြေအနေတွေ ဖြစ်ပွားနေတာပါ။ စစ်ကောင်စီ အနေနဲ့ လာဘ်စားမှုတွေ၊ စစ်မှုထမ်းဥပဒေကို အကြောင်းပြုကာ အာဏာ အလွဲသုံးစားမှုတွေနဲ့ ပြန်ပေးဆွဲမှုတွေလို ဖြစ်နေတာ မသိလို့မဟုတ်ပဲ အောက်ခြေက ဝန်ထမ်းတွေ၊ ၄င်းရဲ့တပ်ဖွဲ့ဝင်တွေ ၄င်းအပေါ် သစ္စာခံဖို့သာ အဓိကအနေနဲ့ ယူဆကာ ဖြစ်ချင်တိုင်းဖြစ်နေတာတွေကို လျစ်လျူရှုထားတာ ဖြစ်ပါတယ်။
ကျေးလက်နဲ့ မြို့ပြက လူထုအဖို့ ပြည်တွင်းက စစ်ပွဲတွေကြောင့် စီးပွားရေး ကျဆင်းချိန်၊ အလုပ်အကိုင် အရောင်းအဝယ် ပျက်ယွင်းနေချိန်မှာ အခုလို စစ်ပွဲတွေနဲ့ ဆက်နွယ်ပြီး ကောက်ခံတဲ့ အခကြေးငွေ၊ စစ်သားစုဆောင်း ပြန်ပေးဆွဲမှုတွေ အတွက် ပေးဆောင်ရမယ့် ငွေကြေးတွေကို ခက်ခက်ခဲခဲ ပေးကြရတာဖြစ်ပါတယ်။ မပေးနိုင်တဲ့အခြေအနေတွေမှာ အဓမ္မစုဆောင်းမှုတွေကို ခံစားကြရပြီး မိသားစုဝင်တွေကို ငွေကြေးပေးပြီး ကယ်ထုတ်နိုင်ခြင်းမရှိကြတဲ့ သူတွေလည်း အများအပြားရှိနေကြတာပါ။
လူထု အနေနဲ့ စစ်ပွဲတွေကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကူးသန်းရောင်းဝယ်ရေး ကောင်းစွာ မလုပ်နိုင်ကြတဲ့ အနေအထားမှာ စစ်ပွဲတွေအတွက် ကုန်ကျစရိတ် အကြပ်ကိုင် တောင်းခံတာ၊ လူကိုယ်တိုင်ပါဝင်တိုက်ခိုက်ဖို့ စုဆောင်းတာတွေ ခံစားနေကြရပြီး ဒီအခြေအနေတွေက လွတ်မြောက်ဖို့က စစ်မှုထမ်းအရွယ် လူငယ် လူလတ်ပိုင်းတွေကို ပြည်ပမှာ ကျရာအလုပ်လုပ်ဖို့ ရွှေ့ပြောင်းလုပ်သားအဖြစ် ထွက်ခွာတဲ့ နည်းလမ်းက တခုသော ရွေးချယ်မှုဖြစ်ပါတယ်။
အခုလို စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီး စစ်ကောင်စီတခုထည်းက စစ်သားစုဆောင်းတာလားလို့ ဆိုရင်တော့ မဟုတ်ဘူးလို့ ဆိုရမှာပါ။ နှစ် ၈၀ နီးပါး သက်တမ်းရှည်လာတဲ့ ပြည်တွင်းစစ်ကာလတွေအတွင်း မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား နယ်မြေအချို့မှာ အရင့်အရင်ကတည်းက ရှိနှင့်ပြီး ဖြစ်နှင့်ပြီးလို့ ဆိုရမှာပါ။ အရွယ်ရောက်လာသူတွေ ကျား ရော မပါ တအိမ် ၁ ဦးကနေ ၂ ဦးအထိ စစ်မှုထမ်းဖို့ စုဆောင်းခံရပြီး သားသမီးမရှိသူတွေက ငွေကြေးပေးဆောင်ကြရတာဖြစ်ပါတယ်။ အဲဒီလို ခေါ်ဆောင်ခံကြရတာကို အရပ်စကားနဲ့ “စစ်သားကောက်” တယ်လို့ ခေါ်ဆိုကြပြီး စစ်မှုထမ်းကာလက အကန့်အသတ်မရှိဘဲ စစ်ပွဲတွေမှာ အသက်သေဆုံးတဲ့ အထိ သို့မဟုတ် တိုက်ပွဲအကြား ထွက်ပြေးလွတ်မြောက်တဲ့ ကာလအထိ ထမ်းဆောင်ကြရသလို သားသမီးတွေရဲ့ ထွက်ပြေးခြင်းက အဆိုပါ လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နေထိုင်နေကြတဲ့ မိသားစုအပေါ် လည်း သက်ရောက်မှုတွေ ရှိကြတဲ့ အဖြစ်တွေလည်း ကြားသိကြရပါတယ်။
နှစ် ၈၀ နီးပါး ပြည်တွင်းစစ်မီးကို အမြန်ဆုံး ပြီးဆုံးအောင် မလုပ်ဆောင်နိုင်ကြရင် မြန်မာနိုင်ငံက လူငယ်တွေရဲ့ ဘဝတွေက စစ်မြေပြင်နဲ့ အိမ်နီးချင်းနဲ့ ပြည်ပနိုင်ငံတွေက အောက်ခြေသိမ်း အလုပ်လုပ်ကိုင်ကြရတဲ့ ရွှေ့ပြောင်းလုပ်သားအဖြစ်ကနေ လွတ်မြောက်ဖို့ ခက်ခဲနေကြဦးမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar