Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးအပေါက်ဖြဲမယ့် ရွေးကောက်ပွဲ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးအပေါက်ဖြဲမယ့် ရွေးကောက်ပွဲ

(မိုးမခ) ဒီဇင်ဘာ ၁၄ ၊ ၂၀၂၄


ရွေးကောက်ပွဲကတော့ ဂျပေါင်ကုရဲ့အာဏာသိမ်းတုန်းက အကြောင်းပြချက်တခုပေါ့။ သူက ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ပြောပြီးတော့ သိမ်းလာခဲ့တာကို။ အဲဒါကိုပဲ ခြောက်လ၊ ခြောက်လ၊ ခြောက်လ ရွှေ့ရင်း ရွှေ့ရင်း ရွှေ့ရင်းနဲ့ ဒီလောက်ရောက်လာတာပေါ့။ ဒီလောက်ရောက်လဲ သူထင်သလို အုပ်ချုပ်လို့ရတဲ့အခြေအနေက ဖြစ်မလာဘူး။ စတန်းဒတ်အာမီသာ ကြာလေ ဒရမ်းခတ်လာ‌လေမဟုတ်လား။ NLD ကိုလည်းရွေးကောက်ပွဲ မသန့်ရှင်းဘဲ ညစ်ပတ်နိုင်လာတာဆိုပြီး သိမ်းထားတာဆိုတော့ သူ့စကားသူ ဟုတ်ပါတယ်ဆိုတဲ့ဟာကို အကောင်အထည်ဖော်ပြဖို့ကလဲ လို‌သေးသကိုး။ ဒါပေမယ့် ရွေးကောက်ပွဲဟာ သူ့အတွက် နိုင်ငံရေးထွက်ပေါက်တော့ ဖြစ်လာမှာမဟုတ်ဘူး။ 

ရွေးကောက်ပွဲကတော့ ရွေးကောက်ပွဲလိုဆိုရရုံပါဘဲ။ အဲဒီကနေ သမ္မတဖြစ်ပြီး တပ်ကို ထားရစ်ရဲလားဆို ဘယ်ထားခဲ့ရဲမလဲ။ တပ်ရဲ့သဘောက တပ်ရာထူးမရှိတော့ဘူးဆိုရင် ဘယ်သူကမှ စာရင်းထဲ မထည့်ဘူးလေ။ အာဏာသိမ်းပြီးကတည်း ဖြစ်လာတဲ့ ပြဿနာတွေ အကုန်လုံးကလည်း သူပဲ တာဝန်ယူရမှာဆိုတော့ တပ်ရာထူးကနေ ဆင်းမပေးရဲဘူး။ ဒါကြီးက သူ့အတွက် အချိန်ဆွဲဖို့ အခွင့်အလမ်းတခုအနေနဲ့ပဲ လုပ်တာ၊ ဘာမှမဟုတ်ဘူး။ အပြီးလည်းသတ်မှာမဟုတ်သလို အပီးသတ်လို့ရတဲ့အခြေအနေလဲမရှိဘူး။ ဒါကြီးပြပြီး ခွေးခြေခုံမှာ ထိုင်နေချင်တာ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့လူတွေကတော့ ထပ်ပြီးတော့ သေရမှာပဲ။ အုပ်ကြီးတွေ ထပ်သေမယ်၊ မဲရုံမှူးတွေ ထပ်သေမယ်။ နောက်တခုတိုးပြီးတော့ သေလာနိုင်တာကတော့ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေနဲ့ အမတ်တွေ။ ဒါတွေက ထပ်ပြီးတော့ တိုးပြီးတော့ သေလာနိုင်မယ်။ ရွေးကောက်ပွဲစောင့်ကြည့်တွေကတော့ မပြီးနိုင် အရီးမြိုင်ရွေးကောက်ပွဲမျိုးဆိုတော့ မြိုးမြိုးမြက်မြက်ရနိုင်တယ်။ အဲဒီလောက်ပါပဲ ကျန်တာကတော့ ထူးထူးခြားခြား ဘာမှ  မဖြစ်နိုင်ပါဘူး။ လွှတ်တော်တွေ ဘာတွေခေါ်ပြီးတော့ အလုပ်လုပ်မယ့်အဆင့်အထိလဲ ရောက်မလာဘူး။ ရောက်အောင်လဲ မသွားရဲဘူး။

သူ ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ အချိန်ယူတဲ့ကိစ္စပဲလေ။ ဒီရွေးကောက်ပွဲနဲ့ အချိန်ဆွဲတယ်၊ အချိန်ရှာတယ်ပေါ့။ အချိန်ဆွဲတယ်ဆိုတာထက် အချိန်ရှာဖွေနေရတဲ့အဆင့်။ တရုတ်က ထောက်ခံတယ်ပြောပြော ဘာပြောပြောပေါ့၊ ပြည်တွင်းက သူ့ကို ဘယ်သူကမှ လက်ခံတာ မဟုတ်တော့ ရွေးကောက်ပွဲက နိုင်ငံရေးအပြောင်းအလဲအထိ ဘာမှ မဖြစ်နိုင်ဘူး။ သူ့အတွက်ပဲ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ အပြောင်းအလဲဆိုတာ သူ လစ်သွားနိုင်တယ်။ သူလစ်သွားမယ့်ဟာလည်း သူသိတယ်။ သူ့ တကယ်သမ္မတခန့်လည်း ဒီကောင် တက်လုပ်နေမှာမဟုတ်ဘူး။ တပ်ရာထူး စွန့်ပြီးတော့ လုပ်မှာမဟုတ်ဘူး။ အဓိကတော့ တပ်ရာထူးပဲ။ 

နောက်ဆုံးအဆင့်ကတော့ သူ့တပ်ကို ဗမာနယ်တွေမှာ အုပ်ချုပ်လို့ရအောင် ပြင်ဆင်ချိန်ယူဖို့ ကြိုးစားတာဘဲ။ တိုင်းရင်းသားဒေသတွေကို လက်လွှတ်မယ်။ လက်လွှတ်ပြီးတော့ ဗမာနယ်မြေတွေမှာ ကောင်းကောင်းထိန်းချုပ်နိုင်ရင် သူတို့အတွက် အဆင်ပြေ၊ နေလို့ဖြစ်သေးတာပေါ့နော်။ အဲဒီဟာကို တရုတ်နဲ့ညှိပြီးတော့ အဲဒီလမ်းကြောင်းကို သွားမယ်။ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ နင့်စီမံကိန်းတွေ နင်ထိန်းပေါ့။ ငါ့ဗမာနယ် ငါ တွယ်မယ်ဆိုတာမျိုး။ 

တိုင်းရင်းသားတွေ ကိုယ့်နေရာကိုယ်နေ၊ ကိုယ့်ဘာသာ အုပ်ချုပ်ကြ၊ ဖန်တီးကြ၊ တနည်းပြောရရင် ကိုယ့်ဘာသာ ပြဿနာဖြစ်နေကြပေါ့နော်။ သူကတော့ စားသာရင် ကောက်စားမယ်။ ဒါပေမဲ့ သူလဲ စားသာဖို့တော့ မလွယ်ဘူး။ အဓိကတော့ ဗမာနယ်ကို တိုင်းရင်းသားတွေက ဝင်တိုက်မပေးဖို့ဘဲ။ NUG တပ်လောက်တော့ သူ ထည့်မတွက်ဘူးဆိုတဲ့ ပုံစံရှိမယ်။ အဲဒီအပိုင်းကို သူ့ဘာသူ နိုင်အောင် လုပ်လို့ရမယ် တွက်မှာပေါ့။ အဲဒီအတွက်ကို အချိန်ရှာဖွေတာပါပဲ။ ရွေးကောက်ပွဲက တခြားတော့ ဘာအတွက်မှ မဟုတ်ပါဘူး။ NUG ကလည်း ဒါ မျှော်လင့်ထားပြီးသား၊ သိထားပြီးသားပဲ။ အဲဒီအပေါ်မှာ အပေးအယူရှိလာဖို့လည်း မဖြစ်နိုင်ဘူးပေါ့။ ဘာလို့တုံးဆိုတော့ ဒီကာလအတွင်း သူ တာဝန်ခံရမယ့်ဟာတွေကလည်း များတယ်။ ဒီကောင်ကလည်း ဘယ်တာဝန်ခံမလဲ၊ စစ်တပ်ကလည်း ဘယ်တာဝန်ခံမလဲ။ အပေးအယူ ဖြစ်လာဖို့ကတော့ သိပ်တော့မလွယ်ဘူး။ ဗမာ အညာဒေသမှာပဲ ဆက်ပြီးတော့ စစ်ခင်းနေကြရမယ်။ ရှရှားလည်း မသွားရဲ၊ တရုတ်လည်း မသုတ်ရဲ၊ ဗမာနယ်ထဲမှာပဲ ရအောင် ကုတ်ကတ်နေဖို့ အကြံလည်း ဟန်မယ်မဟုတ်ဘူးဆိုတာ ကနေ့စစ်ရေးအခြေအနေက ပြနေပြီ။ 

မအလအဖို့တော့ ကနေ့လား မနက်ဖြန်လားပဲ၊ သူ့ကောင်တွေကပါ သူ့ကိုဆွဲချတော့မှာ။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar