Breaking News

အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်ကို အာဏာသိမ်းစစ်အစိုးရက တုံ့ပြန်

Protest marking the second anniversary of Myanmar's 2021 military coup outside Myanmar Embassy, in Tokyo
REUTERS/Issei Kato/File Photo

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၄ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၁၅ ၊ ၂၀၂၆


အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်ကို အာဏာသိမ်းစစ်အစိုးရက တုံ့ပြန် 

မကြာသေးတဲ့ သီတင်းပတ်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အမေရိကန်သံရုံးက ဒေါ်အောင်ဆန်းစုကြည်ထံ ICRC ကိုယ်စားလှယ်သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုပါသည် အစချီပြီး ထို့အပြင် နိုင်ငံရေးအကျဥ်းသားအားလုံးထံ ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်တွေ့ဆုံခွင့်ရရှိရေး အတွက် လမ်းဖွင့်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်ချက်မရှိ လွှတ်ပေးရန် မိမိတို့ ဆက်လက်တောင်းဆိုပါသည်” ဆိုပြီး သြဂုတ်လ ၇ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်ချက် ထုတ်ခဲ့တာဖြစ်ပါတယ်။ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသူ အားလုံးကို လွှတ်ပေးရန်လည်း တောင်းဆိုပြီး မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခများ အဆုံးသတ်နိုင်ရေး အတွက် စစ်တပ်အနေနဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ဖို့ တိုက်တွန်းတယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာလည်း တွေ့ရပါတယ်။ 

ဒီထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက် သီတင်းတပတ်အကြာ သြဂုတ်လ ၁၄ ရက်နေ့မှာ ဝါရှင်တန်ဒီစီ ရှိ မြန်မာသံရုံးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ရဲ့ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခြင်နှင့် စပ်လျဥ်း၍ ဖော်ပြချက်များအပေါ်  မြန်မာသံရုံး (ဝါရှင်တန်) ၏ ထုတ်ပြန်ချက် ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ 

ဒီ ဝါရှင်တန် မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌတို့က အဆိုပါတွေ့ဆုံမှုကို ကြိုဆိုကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ဖေါ်ပြခဲ့ပြီး အခုလို အပြုသဘောဆောင်သော ဖော်ပြချက်ကို အသိအမှတ်ပြုသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိလွှတ်ပေးရန် ဟူသည့် တောင်းဆိုချက်သည် နိုင်ငံတနိုင်ငံ၏ သက်ဆိုင်ရာ တရားစီရင်ရေးလုပ်ငန်းစဥ်နဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေပါသည်” လို့ တုံ့ပြန်ရေးသားကာ “အခုလိုအမေရိကန် နိုင်ငံရဲ့ အပြုသဘောဆောင်သော ဖော်ပြချက်များကို အသိအမှတ်ပြု မှတ်သားထားသော်လည်း အပြုသဘောမဆောင်သည့် တောင်းဆိုချက်များအပေါ် စိတ်မသက်မသာ ဖြစ်ရပါသည်” လို့  ဖော်ပြထားပါတယ်။ 

ယခင်ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အချို့ လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံခြားဆက်ဆံရေး ကော်မတီ စသဖြင့် မြန်မာစစ်အစိုးရနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာ တောင်းဆိုတာတွေ ထုတ်ပြန်ခဲ့သည့်တိုင် အခုလို အချက်တချက်ချင်း ပြန်လည်တုံ့ပြန်ဖြေရှင်းတာ သဘောထားကို ထုတ်ဖော်ပြောဆိုတာတွေ လုပ်လေ့မရှိပါဘူး။ 

အခု ထုတ်ပြန်ချက်ကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ထုတ်ပြန်တာမျိုး မဟုတ်ဘဲ ဝါရှင်တန်ဒီစီ မြန်မာသံရုံးအနေနဲ့ ထုတ်ပြန်ခဲ့တာကို ကြည့်ရင် လုပ်ထုံးလုပ်နည်းအရ အနည်းငယ် ဖော့ပြီး လုပ်ဆောင်တယ်လို့ ယူဆရပါတယ်။ အခုထုတ်ပြန်ချက်ကို နေပြည်တော် ဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ရင် ဒီထက်ပို အလေးအနက်ထားတဲ့ အရေးတကြီးထားတဲ့ အဓိပ္ပာယ် သက်ရောက်လိမ့်မယ်လို့ နားလည်ရပါတယ်။ 

ပြန်လည်တုံ့ပြန်ချက်ရဲ့ နောက်ဆုံး ၂ ပိုဒ်မှာ မြန်မာနိုင်ငံအစိုးရဟာ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဆိုတဲ့ အကြောင်းပြချက်၊ မဲပေးခွင့်ရှိသူ ၂၄ သန်းအနက် ၁၃ သန်းကျော် မဲပေးပြီး ရွေးကောက်ခံအစိုးရ ဆိုတဲ့ သဘောကို ဖော်ပြထားတာလည်း တွေ့ရပါတယ်။ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ ဖြစ်တယ်လို့ ဆိုကာ “အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်”လို့ အဆုံးသတ်ထားတာ တွေ့ရပါတယ်။ 

ဒီတုံ့ပြန်ချက်ဟာ မကြာသေးခင် လပိုင်းတွေက သမ္မတဖြစ်လာတဲ့ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနိုင်ငံတွေကို တရားဝင် ခရီးစဥ်တွေ သွားရောက်ပြီးနောက် မင်းအောင်လှိုင် အနေနဲ့ မိမိကိုယ် ယုံကြည်မှုတွေ မြင့်တက်လာတဲ့ လက္ခဏာလို့ ဆိုနိုင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ် သမ္မတထရန့်ရဲ့ နိုင်ငံအသီးသီးအပေါ် ကုန်သွယ်ခွန်တွေ တိုးမြှင့်ကောက်ခံစဥ်က မင်းအောင်လှိုင်က မြန်မာနိုင်ငံအပေါ် ကုန်သွယ်ခွန် ၂၀ ရာနှုန်းသာကောက်ခံဖို့ အမေရိကန် သမ္မတထရန့်ထံ စာတစောင် ပေးပို့ခဲ့ပါတယ်။ အဲဒီကာလက လိုအပ်ပါက မြန်မာအစိုးရဘက်က ကိုယ်စားလှယ်အဖွဲ့ အမြန်ဆုံးစေလွှတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ တွေ့ဆုံညှိနှိုင်းလိုကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ သို့ပေမဲ့ အဲဒီစာနဲ့ပတ်သက်လို့ သမ္မတထရန့်ဘက်က တုံ့ပြန်မှုမရှိခဲ့သလို မြန်မာကိုယ်စားလှယ်အဖွဲ့လည်း စေလွှတ်နိုင်တဲ့ အခြေအနေမျိုး မဟုတ်ခဲ့ပါဘူး။ 

လွန်ခဲ့တဲ့ ၁ နှစ်ဝန်းကျင် ကုန်သွယ်ခွန်ကိစ္စနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးလိုတယ်ဆိုတဲ့ စာပေးပို့ကြောင်း ထုတ်ပြန်ခဲ့စဥ်ကလို မြန်မာစစ်အစိုးရက အမေရိကန်အပေါ် အောက်ကျို့ ဆက်ဆံမဲ့ လေသံမျိုး အခုအခါမှာ မတွေ့ရတော့တာလည်း ဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးကို ရအောင် စီစဥ်လုပ်ဆောင်လာတဲ့ မင်းအောင်လှိုင် အနေနဲ့ ၂၀၂၅/၂၆ ရွေးကောက်ပွဲဟာ နိုင်ငံတကာမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေလို လွတ်လပ်ပြီး တရားမျှတတယ်လို့ မိမိဘာသာ မိမိ ကြေညာပြောဆိုရင်း ကမ္ဘာ့အလယ်မှာ ရွေးကောက်ခံ အစိုးရ တရပ်အဖြစ် အသိအမှတ်ပြုခံချင်တဲ့ ဆန္ဒပြင်းပြနေပေမဲ့ သမ္မတအဖြစ် အသိအမှတ်ပြုကာ ဖိတ်ကြားတဲ့ နိုင်ငံ လက်ချောင်း ၂ ဖက် မပြည့်သေးတဲ့ အနေအထားလည်း ဖြစ်နေပါတယ်။ လူထုကို ဝါဒဖြန့်တဲ့အခါ အမှားကို အကြိမ်ကြိမ်ပြောဆိုတဲ့အခါ အမှန်ထင်လာလေ့ရှိတယ်လို့ ဆိုရိုးစကားရှိတာကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင် အနေနဲ့လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ရလာတဲ့ အစိုးရအဖွဲ့ကို  လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ခံရတဲ့ အစိုးရအဖြစ် အကြိမ်များစွာ ပြောဆိုကာ လူတွေယုံကြည်လာအောင် ကြိုးစားမှုတခု အဖြစ်ထက် မပိုတာလည်း တွေ့ကြရတာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar