၉ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေး မြန်မာစစ်အစိုးရရဲ့ ထုတ်ပြန်ချက်
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၅ မြင်ကွင်း
(မိုးမခ) ၊ ဩဂုတ် ၁၆ ၊ ၂၀၂၆
၉ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေး မြန်မာစစ်အစိုးရရဲ့ ထုတ်ပြန်ချက်
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်အကြာမှာ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ARSA လက်နက်ကိုင် အဖွဲ့ကို နှိမ်နှင်းရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကျော်ကာ တိမ်းရှောင်ခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် (မင်းအောင်လှိုင်အစိုးရ ထုတ်ပြန်ချက်မှာ ဘင်္ဂါလီလို့ သုံးနှုန်း) စာရင်း ၈ သိန်း ကျော်အနက် ထက်ဝက်ကျော်စိစစ်ပြီးနောက် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ အထောက်အထားရှိသူ ၃ သိန်းကျော်သာတွေ့ရပြီး ၁ သိန်းကျော်က အမှန်တကယ်နေထိုင်ခဲ့တဲ့ အထောက်အထားမတွေ့ရကြောင်း မင်းအောင်လှိုင် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေလုပ်ဆောင်ခဲ့တဲ့နောက် ထွက်ပြေးခိုလှုံသူ ၁ သန်းကျော်ရှိတယ်ဆိုတဲ့ ပမာဏကိုလည်း ဒီထုတ်ပြန်ချက်မှာ မှားယွင်းကြောင်းဖော်ပြခဲ့ပြီး အဲဒီကာလက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ၃ မြို့နယ်မှာ ရိုဟင်ဂျာ (မူရင်းထုတ်ပြန်ချက်မှာ ဘင်္ဂါလီလို့သုံးနှုန်း) ၇သိန်း ၄သောင်းကျော် သာရှိပြီး အဆိုပါ ထွက်ပြေးတိမ်းရှောင်တဲ့ ဖြစ်စဥ် ဖြစ်ပွားပြီးနောက် ၂ သိန်းကျော် ကျန်ရှိတာဖြစ်လို့ ထွက်ပြေးတိမ်းရှောင်သူ အရေအတွက်ဟာ ၅သိန်း ၄သောင်းကျော်သာ ရှိတယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လ နှောင်းပိုင်းဖြစ်တဲ့ ၂၅ ရက်နေ့မှာ ရဲကင်းစခန်းနဲ့ နယ်ခြားစောင့်ကင်းစခန်းတွေကို ARSA အဖွဲ့က တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တဲ့နောက် စစ်တပ်က ARSA လက်နက်ကိုင်အဖွဲ့ကို ရှင်းလင်းတဲ့ စစ်ဆင်ရေး တရပ်လုပ်ဆောင်ခဲ့ရာက အရပ်သား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားပြီးနောက်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ သိန်းဂဏန်းနဲ့ချီကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကျော်ပြီး ကော့စ်ဘဇားဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ ထိုစဥ်ကာလကတည်းက သတင်းဖော်ပြချက်တွေ၊ ဒုက္ခသည်အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ ကိန်းဂဏန်းတွေအရ အနည်းဆုံး ၇ သိန်းကနေ အများဆုံး ၁ သန်းထိ ရှိတယ်လို့ ဖော်ပြခဲ့ကြတာပါ။
အဲဒီအချိန်ကာလက NLD အစိုးရအဖွဲ့ တာဝန်ယူထားချိန် ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခုလက်ရှိ သမ္မတရာထူးယူထားသူ မင်းအောင်လှိုင် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ လုပ်ဆောင်ခဲ့တဲ့ စစ်တပ်ရဲ့ ၂ ပတ်ဝန်းကျင်သာကြာမြင့်တဲ့ စစ်ဆင်ရေးအတွင်း အရေအတွက်အားဖြင့် များများစားစား မရှိတဲ့ ARSA လက်နက်ကိုင်အဖွဲ့ဝင်တွေ အပြင် ရိုဟင်ဂျာ (စစ်တပ်က ဘင်္ဂါလီလို့တလျှောက်လုံးသုံးနှုန်း) အရပ်သားတွေ ထောင်ဂဏန်းကြီးကနေ အများဆုံး တသောင်းဝန်းကျင်လောက်ထိ သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့ အဖွဲ့တွေက ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။ ဒီစစ်ဆင်ရေးအတွင်း ရွာတွေမှာ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုပါမကျန် သတ်ဖြတ်မှုနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုကြောင့် အထက်က ဖော်ပြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အသက်ဘေးလွတ်မြောက်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ် အာဆာလက်နက်ကိုင် နှိမ်နှင်းရေးလို့ ခေါင်းစဥ်တပ်ထားတဲ့ စစ်ဆင်ရေးအတွင်း မြန်မာအစိုးရစစ်တပ်ဟာ ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးကာ ထွက်ပြေးတိမ်းရှောင်သူတွေ အနေနဲ့ မူလကျေးရွာ နေရာတွေမှာ ပြန်လာအခြေမချနိုင်အောင် ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့အစည်းအချို့ရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားကြတာပါ။ မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေကို မြေညှိစက်တွေနဲ့ ထိုးပြီး ကျေးရွာပြန်မတည်နိုင်အောင် လုပ်ဆောင်တာ၊ အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးသွားတဲ့ ဒေသခံတွေရဲ့ လယ်ယာစိုက်ပျိုးမြေတွေကို ဥပဒေနဲ့မညီတဲ့ စီမံခန့်ခွဲမှုတွေကို သတင်းနဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
၂၀၁၇ ခုနှစ် စစ်ဆင်ရေးလိုမျိုး ကျေးရွာတွေဝင်ပြီး သတ်ဖြတ်တာ နေအိမ်တွေ မီးရှို့တာတွေ အရင့်အရင် ဆယ်စုနှစ် ၄/၅ ခုကာလအတွင်းမှာ ၂ ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။ ၁၉၇၈ ခုနှစ် မဆလ ပါတီခေတ်က တကြိမ်နဲ့ ၁၉၉၂ ခုနှစ် နဝတ ခေတ်မှာ နောက်တကြိမ် ဖြစ်ပွားခဲ့တာပါ။ အရင်အဖြစ်အပျက်တွေတုန်းက စစ်ဆင်ရေးပြီးနောက် အခုလို နှစ်ရှည်ကြာ အိမ်နီးချင်းနိုင်ငံမှာ ခိုလှုံနေရတာမျိုးမဟုတ်ဘဲ ၁ နှစ်မှ ၂ နှစ်တာကာလအတွင်း ပြန်လာခဲ့ကြတာပါ။
၂၀၁၇ ခုနှစ် အဖြစ်အပျက်မှာလည်း နှစ်ကာလတခုအတွင်း မိမိတို့ နေရပ်ကို ပြန်လာနိုင်ခဲ့ကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ကုန် ကာလအထိ ၃ နှစ်တာကာလအတွင်း ပြန်လက်ခံရေးနဲ့ ပတ်သက်လို့ NLD အစိုးရနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့ တို့အကြား အကောင်အထည်မဖော်နိုင်ခဲ့ကြပါဘူး။
အဲဒီနှစ်ကာလတွေ အတွင်းမှာပဲ ရခိုင်ပြည်နယ် မြောက်ပိုင်းအရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးမှာ လျှောက်ထားခဲ့ရာက ၂၀၁၉ ခုနှစ်အကုန်မှာ အမှုကို စတင်ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးဟာ နိုင်ငံသားဖြစ်ခွင့်နဲ့ ဆက်စပ်နေပြီး မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေရဲ့ အားနည်းချက်၊ ခွဲခြားဆက်ဆံမှုတွေကိုပါ ထောက်ပြလာကြရာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်နေရပ်ပြန်ရေး ပြဿနာဟာ ပါဝင်ပတ်သက်သူတွေနဲ့ ဒုက္ခသည်တွေ ကိုယ်တိုင်ပင်လျင် မျှော်လင့်မထားတဲ့ ရှည်ကြာတဲ့ ပြဿနာတရပ် အဖြစ်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို လိုချင်တာကြောင့် ဘင်္ဂလားဒေ့ရှ် ရောက် ရိုဟင်ဂျာဒုက္ခသည်ပြန်လက်ခံရေး အစီအစဥ်ကို ဆောင်ရွက်တော့မယ့် ပြောဆိုမှုတွေ ရှိခဲ့ပေမဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လူ့ဂုဏ်သိက္ခာနဲ့အညီပြန်လာနိုင်ရေး ၄င်းတို့ဆန္ဒအရ ပြန်လာရေး အခြေခံရပ်တည်ချက်နဲ့ လုပ်ဆောင်ဖို့ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့ အဖွဲ့တွေက တိုက်တွန်းခဲ့ကြတာကြောင့် စစ်ကောင်စီအနေနဲ့ ပြန်လည်လက်ခံရေး အစီအစဥ်တွေ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။
ဒီနောက်မှာတော့ ၂၀၂၃ ခုနှစ်နှောင်းပိုင်း အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်တွေ စစ်ပွဲတွေက ရခိုင်ပြည်နယ် အနှံ့အပြားမှာ ဖြစ်ပွားလာပြီး ၂၀၂၄ ခုနှစ်အကုန်လောက်မှာ ရခိုင်ပြည်နယ် တခုလုံးနီးပါး AA ရဲ့ထိန်းချုပ်မှုအောက် ရောက်ခဲ့တာ ယခုအချိန်ထိ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်း စစ်ကောင်စီတပ်နဲ့ AA တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် အဓမ္မစေခိုင်းတာတမျိုး၊ မက်လုံးပေး ဆွဲဆောင်၍ တဖုံနဲ့ လက်နက်ကိုင် အဖွဲ့ဝင်တွေ အဖြစ် AA နဲ့ ရင်ဆိုင်တိုက်ခိုက်မှုတွေမှာ အသုံးချခဲ့တာ တွေ့ရပြန်ပါတယ်။ စစ်အာဏာသိမ်းမှုမဖြစ်ပွားမီက ရိုဟင်ဂျာတွေကို ဖိနှိပ်ကာ လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ စစ်တပ်က AA နဲ့ ဖြစ်ပွားတဲ့ စစ်ပွဲတွေမှာ ပြန်လည်အသုံးချခဲ့တာဟာ အံ့အားသင့်ဖွယ်အဖြစ်အပျက်တရပ်လည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ၉၀ ရာနှုန်းကို ထိန်းချုပ်ထားတဲ့ ULA/AA အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်ပြန်လည် လက်ခံရေး ကိစ္စနဲ့ ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံနဲ့ ဆက်သွယ်ပြောဆိုဖို့ အသင့်ရှိကြောင်း ပြသခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ဒုက္ခသည် နေရပ်ပြန်ရေးကိစ္စကို အာဏာသိမ်းစစ်အစိုးရ အဖွဲ့နဲ့သာ ဆက်သွယ်ဆောင်ရွက်နေတာ တွေ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ ULA/AA နဲ့ ဆက်သွယ်ပြောဆိုတဲ့ ကိစ္စရပ်တွေ အနေနဲ့ နှစ်နိုင်ငံ နယ်စပ်မှာဖြစ်ပွားတဲ့ ငါးဖမ်းလုပ်သားတွေလို ကိစ္စမျိုးက လွဲလို့ အခြားကိစ္စတွေမှာ ဆက်သွယ်ပြောဆိုတာ မတွေ့ရပါဘူး။
၂၀၁၇ ခုနှစ် ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ၉ နှစ်တာကာလအတွင်း မြန်မာနိုင်ငံဘက်မှာ နိုင်ငံရေး စစ်ရေး အခြေအနေတွေ အာဏာချိန်ခွင်လျှာတွေ အမျိုးမျိုးပြောင်းလဲခဲ့သလို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း အပြောင်းအလဲတွေ အများအပြားရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ လနဲ့ချီဖြစ်ပွားပြီးနောက်မှာ ဆယ်စုနှစ်နဲ့ချီ အာဏာချုပ်ကိုင်ထားခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရပြီး ကြားဖြတ်အစိုးရ အဖွဲ့ဖွဲ့စည်းကာ ယမန်နှစ်က ရွေးကောက်ပွဲကျင်းပကာ အစိုးရသစ် တက်လာခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ၉၀ ရာနှုန်းကို လက်လွှတ်ထားရတဲ့ စစ်အာဏာသိမ်း အစိုးရ အနေနဲ့ လက်တွေ့မြေပြင်မှာ ဘယ်လိုလုပ်ဆောင်မှုမှ ဖော်ဆောင်နိုင်ခြင်း မရှိတာ သေချာနေပြီး ၉ နှစ်ပြည့်မြောက်ဖို့ ရက် သီတင်းပတ်အလိုမှာ အခုလို ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ခြင်းဟာ ထုတ်ပြန်ချက် ထုတ်ခြင်းဟာ နိုင်ငံရေးအရ ရပ်တည်ချက်ကို ဖော်ပြရုံကလွဲလို့ အခြားဘာအဓိပ္ပာယ်မှ မရှိဘူးလို့သာ ဆိုရမှာဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
