Breaking News

၂၀၂၄ နှစ်ကုန်ချိန် ပြည်တွင်းစစ်နဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် ဘာမျှော်လင့်စရာ ရှိမလဲ

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၆ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၄


၂၀၂၄ နှစ်ကုန်ချိန် ပြည်တွင်းစစ်နဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် ဘာမျှော်လင့်စရာ ရှိမလဲ

စစ်ကောင်စီ၏ ခေါင်းဆောင် မင်းအောင်လှိုင်က အပစ်အခတ်ရပ်စဲဖို့ကို ထုတ်ပြောလာသလို၊ စစ်ကောင်စီကိုယ်စားလှယ်တွေကလည်း တရုတ်ပြည်ခရီးစဉ်တွေကနေ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်ဆွေးနွေးဖို့ သွားရောက်နေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

လက်နက်စွန့် ဆွေးနွေးဖို့ စစ်ကောင်စီ အကြီးအကဲ ပြောဆိုချက် AA အဖွဲ့ က သည်ရက်ပိုင်းအတွင်း တုံ့ပြန်လိုက်ပါတယ်။ 

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်စွန့်ပြီး ဆွေးနွေးညှိနှိုင်းဖို့ စစ်ကောင်စီ အကြီးအကဲက ပြောတာကို အာရက္ခတပ်တော် AA အဖွဲ့က ပယ်ချလိုက်ပါတယ်။ "အကြမ်းဖက်မှုတွေကိုရပ်၊ လက်နက်စွန့်ပြီး ပြည်သူကို ဝန်ချတောင်းပန်ရမှာက စစ်ကောင်စီသာ ဖြစ်တယ်" လို့ တုံ့ပြန်လိုက်တယ်လို့ VOA သတင်းဌာနက ရေးသားပါတယ်။

တရုတ်၏ ဖိအားကြောင့် တဖက်သတ် အပစ်ရပ်ထားတယ်လို့ ထုတ်ဖော်ထားတဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေထဲက TNLA နဲ့ MNDAA တို့ကတော့ သူတို့သိမ်းပိုက်စိုးမိုးထားတဲ့ နယ်မြေတွေအတွင်းမှာ ဒေသခံပြည်သူတွေနဲ့ အထွေထွေအုပ်ချုပ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးလုပ်ငန်းတွေ ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ သတင်းတွေ ထုတ်ပြန်ထားတာကိုလည်း ဖတ်ရှုနေကြရတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က တဖက်သတ် လေကြောင်းကနေ တိုက်ခိုက်နေလို့ အရပ်သားပြည်သူတွေ ထိခိုက်တာ သေကျေ ပျက်စီးတာတွေကိုလည်း တင်ပြနေတာ တွေ့ရပါတယ်။ 

ပြည်တွင်းစစ်နဲ့ စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းခေါ်နေမှုများကြောင့် မြန်မာနေရပ်စွန့်ခွာ အများအပြားဟာ ပြည်တွင်း စစ်ရှောင်တွေအဖြစ် နေထိုင်နေကြတာအပြင် ထိုင်းမြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး ရွှေ့ပြောင်းအလုပ်သမားများ၊ သက်သေခံလက်မှတ်မဲ့နိုင်ငံသားများအဖြစ်ကို ပြောင်းရွှေ့နေထိုင်မှုတွေ တိုးတက်လာနေပါတယ်။ နှစ်ကုန်တိုင်း ထိုင်းအစိုးရ၏ စီမံမှုတခုဖြစ်တဲ့ တရားမဝင်အလုပ်သမားများကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးမယ့် အစီအစဉ်ကိုလည်း ထိုင်းအဖွဲ့အစည်းများအပြင် မြန်မာအရေး ဆောင်ရွက်သူအဖွဲ့အစည်းများက ဝိုင်းဝန်းပြီး အားပေး လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ထိုင်းမြန်မာအရေးကို စိတ်ဝင်စားတဲ့ သတင်းဌာနတွေက ရေးသားထားတဲ ့ အချက်တွေအရကတော့ - ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး ၁၅ ရက်အတွင်း စာရင်းပေးသွင်းကြဖို့ (အလုပ်ရှင်တွေအနေနဲ့ အွန်လိုင်းမှ စာရင်းပေးသွင်းနိုင်ဟု ဆိုထား) ထိုင်းတာဝန်ရှိသူတွေက ကြေညာချက်ထုတ်ပြီး ပြောထားပါတယ်။ သန်းနဲ့ချီတဲ့ အလုပ်သမားအရေအတွက်ကို ၁၅ ရက်နဲ့ လုံလောက်မှုရှိမှာမဟုတ်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။  လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သက်တမ်းကုန်မယ့် နိုင်ငံခြားသားလုပ်သားပေါင်းမှာ - မြန်မာက ၂ သန်း၊ ကမ္ဘောဒီးယားက ၃ သိန်း၊ လာအို ၉ သောင်းနဲ့ ဗီယက်နမ် ၃ ထောင်လောက် ရှိတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံထဲမှာ စစ်ကောင်စီ၏ အလုပ်သမားစာချုပ် MOU နဲ့ တရားဝင်လာတဲ့ မြန်မာလုပ်သား ၁၅၀,၀၀၀ (တသိန်းခွဲ) ရှိတယ်လို့ပြောပြီး၊ အဲသည်အလုပ်သမားတွေ မှတ်ပုံတင်အရေးကိစ္စတွေအတွက် မြန်မာစစ်အုပ်စုက သူတို့ရဲ့ကိုယ်စားလှယ်ရုံးကို ဘန်ကောက်၊ ချင်းမိုင်နှင့် ရနောင်း ၃ နေရာဘဲထားပေးမယ်လို့ပြောကြားပါ တယ်။  မြန်မာအများအပြားက နယ်စပ်မြို့တွေမှာ သူတို့အခေါ် ပန်းရောင်ကဒ်လုပ်ဖို့ ကိုယ့်ဘာသာကို ဖန်တီးကြရတယ်လို့ ဆိုပါတယ်။ ဘတ်ငွေ ၁သောင်းနဲ့ အထက် ငွေကြေးကို နေထိုင်သွားလာခွင့် ကဒ်မျိုးအတွက် ကုန်ကျရပါတယ်။ နေထိုင်ခွင့် ကဒ်တမျိုးမျိုးရှိရင် မိမိမိသားစုအတွက်ကော မိမိကလေးတွေကို လက်ခံတဲ့ ပရဟိတကျောင်းတကျောင်းမှာ ကျောင်းအပ်ဖို့အတွက်ပါ အဆင်ပြေနိုင်တယ်လို့လည်း ပြောကြပါတယ်။

မြန်မာ့အရေးကို တရုတ်နဲ့ အာဆီယံတို့က ပိုပြီး အလေးပေး ဖြေရှင်းကြဖို့ ၂၀၂၅ နှစ်ထဲမှာ ဟန်ပြင်နေကြတာလို့လည်း ခန့်မှန်းကြပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် ဖြစ်နေသည့် အကျပ်အတည်းမှ ထွက်ပေါက်ရှာရန် အလွတ်သဘော ဆွေးနွေးပွဲများကို လက်ခံကျင်းပရန် ထိုင်းနိုင်ငံက အောက်တိုဘာလတွင် ကမ်းလှမ်းခဲ့ပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယန်ပေါင်ဆာသည် ဒီဇင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် သီးခြားဆွေးနွေးမှုများ ပြုလုပ်မယ်လို့ ဖော်ပြပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပမည့်ဆွေးနွေးပွဲများတွင် မြန်မာ စစ်ကောင်စီ ကိုယ်စားလှယ်များပါဝင်မည် ဖြစ်ပြီး ထိုအစည်းအဝေးသည် နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုအတွက် အလွတ်သဘောဆွေးနွေးပွဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နီကွန်ဒက် ဘလန်ကူရာ ပြောထားပါတယ်။  မြန်မာနှင့် နယ်စပ်ထိစပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်မယ်ဆိုပါတယ်။ ဒီဇင်ဘာ ၂၀ ရက် ဆွေးနွေးပွဲကတော့ ASEAN နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးအဆင့် ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက် ငြိမ်းချမ်းရေးအစီအစဉ် အပါအဝင် မြန်မာ့အရေးအစည်းအဝေး ကျင်းပမည်လို့ ပြောထားပါတယ်။

ဒါ့အပြင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် မလေးရှားနိုင်ငံကလည်း မြန်မာပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ASEAN ၏ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားကြောင်း ၂၀၂၅ ခုနှစ်တွင် ASEAN ဥက္ကဋ္ဌဖြစ်မည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်က ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပြောတယ်လို့ ဆိုပါတယ်။

၂၀၂၄ နှစ်ကုန်ခါနီးမှာ မြန်မာပြည်သူတွေအတွက်ကတော့ အလင်းရောင် တစုံတရာ ထင်ထင်ရှားရှား မမြင်ရသေးဘူးလို့ ဆိုရပါမယ်။ ငြိမ်းချမ်းရေးအတွက် အိမ်နီးချင်းနိုင်ငံတွေက လေသံပစ်နေကြသလို နေရပ်စွန့်ခွာပြည်သူတွေအတွက်ကတော့ ကောက်ရိုးတမျင်ကို မလွတ်တမ်း ဆုပ်ကိုင်ပြီး နေသာမယ့်နေ့တွေကို မျှော်လင့်နေကြရဆဲ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar