Breaking News

ကိုးကန့်လက်နက်ကိုင် တပ်က တဖက်သတ်အပစ်ရပ်ကြောင်းထုတ်ပြန်၊ တောင်ကိုးရီးယားက နာရီပိုင်းသာခံတဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်


မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၃ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၄၊  ၂၀၂၄


ကိုးကန့်လက်နက်ကိုင် တပ်က တဖက်သတ်အပစ်ရပ်ကြောင်းထုတ်ပြန်၊ တောင်ကိုးရီးယားက နာရီပိုင်းသာခံတဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက် 

၁၀၂၇ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ကြတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ အနက်က တဖွဲ့ဖြစ်တဲ့ MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် က ဒီဇင်ဘာ ၃ ရက်နေ့နေ့စွဲနဲ့ မြန်မာ စစ်ကောင်စီတပ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကို တဖက်သတ်အပစ်ရပ်ပြီး လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်ကြိုးပမ်းဆောင်ရွက်မှု အတိုင်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည် လို့ ပါရှိတဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ဆွေးနွေးမှုတွေ ဖြေရှင်းမှုတွေ လုပ်နိုင်ဖို့ရာမှာ စစ်ကောင်စီဘက်က မြေပြင်နဲ့ ဝေဟင် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပေးရမည်လို့လည်း ပါရှိပါတယ်။ နောက်ဆုံးပိတ် အချက်အနေနဲ့တော့ MNDAA အနေဖြင့် နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ယခင်နည်းတူ ဆက်လက်ကိုင်စွဲသွားမည် လို့ပါရှိတာတွေ့ရပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကျော့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတဲ့နောက် တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တကြိမ် MNDAA အနေနဲ့ ထုတ်ပြန်ချက် ထုတ်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာ မန္တလေး၊ တောင်ကြီးကို တိုက်ခိုက်သိမ်းယူတာမျိုးမှာ ပါဝင်မှာမဟုတ်တဲ့အကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကိုသာ ရည်မှန်းချက် အဖြစ်ထားရှိပြီး ခွဲထွက်မှာမဟုတ်ကြောင်း၊ NUG နဲ့ လုံးဝ ပူးပေါင်းမှာမဟုတ်ကြောင်း နဲ့ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကို လက်ခံမယ့်အကြောင်း ပါရှိပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ဆန့်ကျင်လုပ်ဆောင်နေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆက်ဆံခြင်း လုံးဝ မလုပ်မယ့်အကြောင်း ဖေါ်ပြထားတာ ဖြစ်ပါတယ်။ အဲဒီထုတ်ပြန်ချက်က MNDAA အနေနဲ့ စစ်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာ အောင်ပွဲရ သိမ်းယူထားတဲ့ နယ်မြေတွေ၊ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ထိန်းချုပ်ထားတာတွေ နဲ့ ပတ်သက်လို့ ဖေါ်ပြထားတာ မတွေ့ရဘဲ၊ အဆိုပါထုတ်ပြန်ချက်ထွက်ရှိပြီး ၂ လ ကျော်အကြာမှာ အခု ထုတ်ပြန်ချက်ကို ထပ်မံထုတ်ပြန်ပြီး တရုတ်နိုင်ငံ ကျေနပ်မှုရှိအောင် ကြိုးပမ်းမှုတခုအနေနဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ 

ဒီကြေညာချက်မထွက်ပေါ်မီ နိုဝင်ဘာ ၂၅ ရက်နေ့က TNLA တအာန်းလက်နက်ကိုင် အဖွဲ့ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ စစ်ပွဲဒဏ်ခံစားနေရတဲ့ ပြည်သူလူထုကို ငဲ့ညှာသောကြောင့် သော်လည်းကောင်း၊ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကို အသိအမှတ်ပြုမှုကြောင့်သော်လည်းကောင်း လက်နက်ကိုင် ပဋိပက္ခတွေကို ဆွေးနွေးညှိနှိုင်းဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ချက် တစောင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ မြောက်ပိုင်း လက်နက်ကိုင် ၃ဖွဲ့ အနက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာအခြေစိုက်ကြတဲ့ ၂ ဖွဲ့ လုံးက အခုလို ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန် ကြေညာခဲ့ခြင်းဟာ တရုတ်နိုင်ငံရဲ့ ဖိအားက အတိုင်းအတာတခုထိ သက်ရောက်မှုရှိတဲ့ သဘော ကောက်ချက်ချနိုင်ပါတယ်။ 

အခုလို ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေး အဖြေရှာဖို့၊ တွေ့ဆုံဆွေးနွေးဖို့ နဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကို အလေးထားကြောင်း ထုတ်ပြန်လိုက်ခြင်းဟာ ရှမ်းမြောက်ဒေသက စစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ KNDF, PLA, BPLA နဲ့ အခြားသော PDF မဟာမိတ်တွေကို ဘယ်လို ရှင်းလင်းပြောဆိုခဲ့သလဲ ဆိုတာတော့ မသိရှိရပါဘူး။ NUG နဲ့ NUG လက်အောက်က မဟုတ်တဲ့ PDF အဖွဲ့တွေ အနေနဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ လူအင်အားအများအပြားနဲ့ ကူညီခဲ့ကြတာ သတင်းမီဒီယာအချို့ရဲ့ သတင်းဖေါ်ပြမှုတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တစွန်းတစ ထုတ်ဖေါ်ပြောဆိုမှုတွေ အရ သိရှိကြရပြီး ဖြစ်ပါတယ်။ လူအင်အား ဘယ်၍ဘယ်မျှ ပါဝင်ခဲ့ကြသလဲ၊ ပူးပေါင်းပါဝင်တိုက်ခိုက်ခြင်း မပြုခင် ဘယ်လိုအကျိုးတူ သဘောတူညီမှုတွေ ရှိခဲ့ကြသလဲဆိုတဲ့ အချက်တွေလည်း ပေါ်ထွက်လာတာတော့ မတွေ့ကြရပါဘူး။ 

ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့ ၄င်းတို့ရည်မှန်းချက် အတိုင်းအတာ သို့မဟုတ် ရည်မှန်းထားတာထက်ပိုတဲ့  နယ်မြေတွေကို သိမ်းယူနိုင်ခဲ့ပြီးဖြစ်ပေမယ့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို မကာကွယ်နိုင်တာ၊ တရုတ်နိုင်ငံရဲ့ ပိတ်ဆို့မှု ဖိအားကို ရေရှည်မှာ ကြံ့ကြံ့ခံနိုင်ဖို့ ခက်ခဲတာတွေကြောင့် ဘယ်အနေအထားမှာ ဆွေးနွေးညှိနှိုင်း သဘောတူညီမှု ရနိုင်မလဲဆိုတဲ့ ဖြစ်နိုင်ခြေတခုကို မျှော်လင့်ပြင်ဆင်ထားတဲ့ အနေအထား ဖြစ်နိုင်ပါတယ်။ 

တဖက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ရှမ်းမြောက်ဒေသမှာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ PDF အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ ၄င်းတို့ရဲ့ ရည်မှန်းချက်နဲ့ MNDAA ရဲ့ ထုတ်ပြန်ချက်က လိုက်လျောညီထွေရှိရဲ့လား ဆိုတာ ပြန်သုံးသပ်စရာ အနေအထားရောက်ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က ဆက်လက်ပြီး ထိုးစစ်ဆင်နေမယ်၊ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်နေမယ်၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ကျုးလွန်နေဦးမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့က ဖိအားပေးနေတဲ့ တရုတ်ကို ပြန်လည် မေးခွန်းထုတ်ကြမည်လား။ သို့မဟုတ် မိမိတို့ ကာကွယ်ခွင့်ကို ပြန်ကျင့်သုံးပြီး တော်လှန်ရေးနောက်တလှိုင်းကို တက်ကြမည်လား ဆိုတာ မေးခွန်းလည်း ဖြစ်နိုင်ပါတယ်။ 

ဒီနေ့ အဖို့ အခြားစိတ်ဝင်စားစရာ အကောင်းဆုံး နိုင်ငံတကာ သတင်းတပုဒ်က တောင်ကိုးရီးယား သမ္မတ ယွန်ဆော့ယိုလ် က လွှတ်တော်မှာ နိုင်ငံရေး အကြပ်အတည်းကြုံရတဲ့ အခြေအနေကို ဖြေရှင်းဖို့ စစ်တပ်ကို အသုံးချဖို့ ရည်ရွယ်ကာ အရေးပေါ် စစ်အုပ်ချုပ်ရေး ရုတ်တရက် ကြေညာလိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ အရေးမှာလည်း စစ်အာဏာရှင် ဆန့်ကျင်တဲ့ အင်အားစုတွေကို စိတ်ဓါတ်ရေးရာအရ အကူအညီပေးနေတဲ့ တောင်ကိုးရီးယား နိုင်ငံက ရွေးကောက်ခံ သမ္မတ ဖြစ်သူက လွှတ်တော်မှာ အတိုက်အခံပါတီက အင်အားအသာစီးနဲ့ သမ္မတကို နိုင်ငံရေးအရ ဖိအားပေးနေကြတဲ့ အခြေအနေကနေ ကျော်ဖြတ်ဖို့ရာမှာ စစ်တပ်ကို အမိန့်ပေးပြီး  အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို စစ်တပ်က အာဏာသိမ်းတာမျိုးမဟုတ်ပဲ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ရေဒီယို၊ရုပ်သံကနေ မျှော်လင့်မထားတဲ့ ကြေညာချက်ကို ကြေညာခဲ့တာပါ။ 

သမ္မတဖြစ်သူ ယွန်ဆော့ယိုလ်က မြောက်ကိုးရီးယားရဲ့ လူတွေ လွှတ်တော်ထဲ ရောက်နေတာကြောင့် စစ်အုပ်ချုပ်ရေး ကြေညာပြီး အဆိုပါ အင်အားစုတွေကို ဖယ်ရှားရှင်းလင်းမယ်လို့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို ထောက်ခံမှုရအောင် ကြိုးပမ်းခဲ့တာပါ။ အလားတူ ဆင်ခြေပေးပြီး အာဏာသိမ်း၊  စစ်အုပ်ချုပ်ရေး ကြေညာတာမျိုးကို အာဏာရှင်နိုင်ငံတွေမှာ လုပ်လေ့လုပ်ထရှိပြီး မြန်မာနိုင်ငံက စစ်အာဏာရှင်တွေက ပြည်ထောင်စုကို ပြိုကွဲအောင် လုပ်ဆောင်မယ့်သူတွေ ဘေးရန်က ကာကွယ်ဖို့ဆိုတာမျိုး စစ်အာဏာသိမ်းမှုတွေမှာ အကြောင်းပြခဲ့ကြတာ ဖြစ်ပါတယ်။ 

အခုလို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ တောင်ကိုးရီးယားနိုင်ငံ သမိုင်းကိုပြန်ကြည့်ရင် လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်တပ်က ဗိုလ်ချုပ်ကြီးတွေက အာဏာသိမ်းတာ အာဏာရှင် ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခု ၃ ခုကာလမှာတော့ ဒီမိုကရေစီ စနစ်ကို တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ စီးပွားရေးအရ တိုးတက်တဲ့ နည်းပညာ အခြေပြုတဲ့ စီးပွားရေးအင်အားကြီးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်အောင် တည်ထောင်ခဲ့ကြပြီး အရပ်ဖက်အဖွဲ့အစည်းတွေ၊ မီဒီယာ၊ အတိုက်အခံ နိုင်ငံရေးပါတီတွေ အားကောင်းတဲ့ နောက်ခံအခြေအနေမှာ လက်ရှိ သမ္မတအနေနဲ့ ၄င်းတဦးထည်း ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေး အာဏာကို စစ်တပ်လက်ထဲ ခေတ္တလွှဲပြောင်းပေးကာ အတိုက်အခံတွေကို ဖိနှိပ်ဖို့ ကြိုးစားတဲ့ ကြိုးစားမှုက မအောင်မမြင်ဖြစ်တဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ 

မြန်မာနိုင်ငံနဲ့ နောက်ခံ သမိုင်းကြောင်း၊ နိုင်ငံရေး ပြဿနာ၊ လူမျိုးစု ပြဿနာ၊ ပြည်တွင်းစစ် ဖြစ်ပွားမှု စတဲ့အနေအထားတွေ မတူညီခြင်းက  မြန်မာနိုင်ငံလို လက်နက်ကိုင် ပဋိပက္ခနွံထဲ ကျရောက်သွားခြင်း မရှိတာလို့ ဆိုရင်မှားမယ် မထင်ပါ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar