လှကျော်ဇော - အဓိကရန်သူ မျက်ခြည်မပြတ်ရေး
လှကျော်ဇော - အဓိကရန်သူ မျက်ခြည်မပြတ်ရေး
(မိုးမခ) ဒီဇင်ဘာ ၄ ၊ ၂၀၂၄
ကနေ့ တိုင်းပြည် ကြုံတွေ့နေရတဲ့ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံတာပါ။
(ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇောနဲ့ ဒီဗွီဘီ-တွေ့ဆုံမေးမြန်းခန်း။ ၈-၉-၂၀၀၇)
ဟုတ်ပါတယ်။ စစ်အာဏာရှင်စနစ်ဟာ ဗမာပြည်သူလူထုတရပ်လုံးရဲ့ ဆင်းရဲဒုက္ခအလုံးစုံကို သယ်လာတဲ့ တရားခံအစစ်ပါ။
ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်မှ ဗမာပြည်ကြီးရော ဗမာပြည်သူတရပ်လုံးရော လွတ်မြောက်ချမ်းသာကြမှာပါ။
၁၉၆၂ ခုနှစ်က ဗိုလ်နေဝင်း စတင်တည်ထောင်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဆိုတဲ့ ဂျင်း(ချင်း)နဲ့ ၂၆ နှစ်တိတိ ၁၉၈၈ ထိ သက်ဆိုးရှည်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာစီးပွားရေးအလားအလာအကောင်းဆုံးနိုင်ငံဘဝကနေ ကမ္ဘာ့ဖွံဖြိုးမှုအနိမ့်ဆုံးနိုင်ငံဘဝကို ကျရောက်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကြီးကို သွေးချောင်းစီး သတ်ဖြတ်နှိမ်နှင်းပြီး အာဏာသိမ်း တက်လာတဲ့ န၀တ-နအဖ စစ်အစိုးရများကလည်း အပစ်အခတ် ရပ်စဲရေး ဂျင်း(ချင်း)ထည့်ပြီး ၂၂ နှစ် အုပ်စိုးခဲ့ပါတယ်။ တိုင်းပြည်တွင်း ရှိသမျှ သယံဇာတ (ရေနံ၊ တောတောင်၊ ကျောက်) အကုန်ရောင်းစားပြီး ဆွေစဉ်မျိုးဆက် ခုနစ်ဆက် စားမကုန်နိုင်တဲ့ စစ်ခရိုနီအုပ်စု ပေါ်ထွက်လာပါတယ်။
၂၀၁၅-စစ်တပိုင်း ဦးသိန်းစိန်အစိုးရဆင်းခါနီးတိုင်းပြည်ကိုအေးဓားပြတိုက်သလို (နိုင်ငံပိုင်အဆောက်အအုံတွေကိုလက်သိပ်ထိုးအောက်စျေးနဲ့ ရောင်းချသွားတာတွေ၊ သူတို့ရဲ့ပင်စင်လစာတွေမတရားမြှင့်တင်ရယူသွားတာတွေ) လုပ်ဆောင်ချက်တွေဟာ တတိုင်းပြည်လုံးချွတ်ခြုံကျစေခဲ့တာပါ။
၂၀၁၅ ရွေးကောက်ပွဲမဲ သောင်ပြိုကမ်းပြိုနိုင် တက်လာတဲ့ ဒေါ်စုရဲ့ ဒီချုပ်အစိုးရမှာလည်း စစ်တပ်က တောင်းတဲ့ လွှတ်တော်တွင်းအမတ် ၂၅ ရာခိုင်နှုန်းနဲ့ ဝန်ကြီးရာထူး ၃ နေရာပေးရရုံမက ၂၀၂၀ ရွေးကောက်ပွဲ ဒေါ်စု တို့ နိုင်ပြီးပြန်တော့လည်း စစ်တပ်နဲ့ ဗိုလ်မင်းအောင်လှိုင်တို့က လူထုက ရွေးချယ်ခဲ့တဲ့ အမတ်အားလုံးကို ထောင်သွင်းပစ်ပြီး အာဏာသိမ်းလိုက်ပြန်ပါတယ်။
အဲဒီတော့ ဒီလောက် အခွင့်ထူးဟူသမျှ ရယူထားပြီး အာဏာငမ်းငမ်းတက်နေတဲ့ ဒီစစ်အာဏာရှင် စနစ်ကိုမှ ဒီပြည်သူတွေက မမုန်းရင် မတော်လှန်ရင် ဖြစ်နိုင်ပါ့မလား။
ထို့အတူ ဒီလိုအခွင့်ထူးဟူသမျှ ရယူထားတဲ့ ဒီစစ်အာဏာရှင်တွေကလည်း အလွယ်တကူ အာဏာစွန့်ပါ့မလား။
ဗမာပြည်သူတွေဟာ အတော်တာဝန်ကျေပါတယ်။
၁၉၆၂ ဇူလိုင် ၇ ရက်နေ့ကစလို့ ဒီစစ်အာဏာရှင်စနစ်ကို တဗိုလ်ကျ-တဗိုလ်တက် နည်းနည်းမှ အလျှော့မပေး အညံ့မခံ ဆက်တိုက် တိုက်ခဲ့လာခဲ့ကြတာ အခုအချိန် ၂၀၂၄ နွေဦးတော်လှန်ရေးကာလအထိပါ။ အနှစ် ၆၀ ကျော်ခဲ့ပါပြီ။
ဒီစစ်အုပ်စုကလည်း တာဝန်ကျေပါတယ်။
သူတို့ အာဏာမစွန်ု့ရလေအောင် အကြမ်း-အနု နည်းလမ်းပေါင်းစုံ သုံးခဲ့ပါတယ်။ ပြည်တွင်းစစ်ကြီးကို ရနိုင်သမျှ ဆွဲဆန့်ခဲ့ပါတယ်။ (ဒီပြည်တွင်းစစ်ရှိနေမှ သူတို့ရဲ့ အခွင့်ထူးတွေကို ထိန်းထားနိုင်မှာ။)
ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးရေးတွေခေါ်ပြီး တော်လှန်ရေးသမားတွေကို နည်းမျိုးစုံနဲ့ ဖျက်ဆီးတာလို အပျော့နည်းအမျိုးမျိုး၊ တော်လှန်ရေးတပ်ဖွဲ့တွေကြား သွေးကွဲရေး နည်းအမျိုးမျိုး၊ တချို့တပ်ဖွဲ့ကို အပစ်အခတ်ရပ်စဲပြီး တချို့ကို ဖိတိုက်တာ၊ ဒေသရေး၊ လူမျိုးရေး၊ ဘာသာရေး၊အမျိုးသားရေး ပြဿနာတွေ ပဋိပက္ခတွေ အဓိကရုဏ်းတွေပေါ်အောင် လုပ်တာတွေ... စတာ စတာတွေပါ။
အဓိက ကတော့ ပြည်သူလူထုတွေရဲ့ စစ်တပ်အပေါ်ရှိနေတဲ့ အမုန်းတရားနဲ့ ဒေါသတွေကို လမ်းလွဲသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါတွေကြောင့် ဒီစစ်အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်ခဲ့တာပါ။
ဒီတခါတော့ ပြည်သူတွေဟာ ဒီနွေဦးတော်လှန်ရေးစကတည်းက မိမိတို့ လက်တွေ့ဘဝက ရထားတဲ့ အသိနဲ့ 'ဖက်ဆစ်စစ်တပ်-အမြစ်ဖြတ်' ဆိုတဲ့ ကြွေးကြော်သံ တင်ထားပြီး မိမိတို့ရဲ့ အဓိကရန်သူကို မျက်ခြည်မပြတ်ခဲ့ပါဘူး။
ဟုတ်ပါတယ်။ ဗမာပြည်သူတွေကတော့ ဒီတခါ မျက်စိမလည်တော့ပါဘူး။ သူတို့စစ်အုပ်စုကတော့ မျက်စိလည်အောင် နည်းလမ်းမျိုးစုံ သုံးနေပါတယ်။
ပြည်သူတွေ နိုးနိုးကြားကြား ရှိရမှာပါ။
ကဲ-ဒီတော့ တိုင်းပြည်ရဲ့ ဒုက္ခအဖုံဖုံရဲ့ ရေသောက်မြစ် ဒီစစ်အာဏာရှင်စနစ်ကို တတိုင်းပြည်လုံး စည်းလုံးညီညွတ်စွာနဲ့ တကယ်အမြစ်ပြတ်သွားအောင် စွမ်းအားရှိသမျှ ဝိုင်းဝန်းကြိုးစားကြပါစို့။
လှကျော်ဇော
၃-၁၂-၂၀၂၄။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar