Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သဗ္ဗေသတ္တာ အာဏာရှင်စောက်ပေါမှန်သမျှ ကမ္မသကာ ပြန်ကျမလာပါစေနဲ့



ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သဗ္ဗေသတ္တာ အာဏာရှင်စောက်ပေါမှန်သမျှ ကမ္မသကာ ပြန်ကျမလာပါစေနဲ့

(မိုးမခ) ဒီဇင်ဘာ ၁၇ ၊ ၂၀၂၄


နပခ ယာယီတိုင်းမှူးလေးတောင် ဘဝတပါးကို ကိုင်းကူးပြေးရှာပြီ။ အင်း ယာယီဆိုသည့်အတိုင်း ခနခေတ္တ ရေပွက်မျှ။ နောက်တမျိုးက ယာယီဆိုတာ အသုဘလေ။ မကူး ခံနိုင်ရိုးလား။

အယ်ဘရေ အယ်မျှ အယ်မျှ၊ အနောက်တံခါးကနေ အရောက်သွားပေတော့ ငရဲပြည်။ တိုင်းမှူးဖြစ်မတတ် ဖြစ်လုဖြစ်ခင် ဖြစ်ခါနီးကို လစ်တာကြီးဆိုတော့ က‌ဗျာလေးတပုဒ်နဲ့ နှုတ်ဆက်လိုက်ပါတယ်။

နာမည်က "သင် လစ်သွားသော်"တဲ့။

"အော် စစ်သည်လောက အနိစ္စမို့ ကိစ္စချောမည် မှန်ပေသည်တည့်။

သို့တပြီကား သင် လစ်သွားသော် သင်ဖွားသောမြေ သင်တို့ပြည်သည် ပျော်နေဝမ်းမြောက် လက်ပန်းပေါက်၏။

သင်၏မယား သမီးသားလည်း ဝဲစားလောက်ကိုက် လောင်မီးမြိုက်၏။

သင် သတ်ဖြတ်၍ ပြတ်သည့် လက် ခြေ ဒုက္ခတွေနှင့် နေနေရသူ များဗိုလ်လူလည်း ပူလျက်ပန်းလျက်ကျန်လေသတည်း။"

တကယ်က အယ်ဘ ဆိုတာ အလကားနေရင်း ညှဉ်းဆဲနေတဲ့ ကောင်။ မုဒိမ်းကျင့်နေတဲ့ ကောင်။ လူလိုက်သတ်နေတဲ့ ကောင်။ အိမ်ဖြိုနေတဲ့ ကောင်။ မြေသိမ်းနေတဲ့ ကောင်။ ဓားပြတိုက်နေတဲ့ကောင်။ ပြန်ပေးဆွဲနေတဲ့ကောင်။ ထောင်ချနေတဲ့ကောင်။ ရွာမီးတိုက်နေတဲ့ကောင်။ မြို့ဖျက်နေတဲ့ကောင်။ ဒုက္ခိတဖြစ်အောင် မိုင်းလိုက်ထောင်နေတဲ့ကောင်။ ကလေးတွေအပေါ် ဆေးရုံတွေအပေါ် ဗုံးကြဲနေတဲ့ကောင်။ လူမျိုးရေးအဓိကရုဏ်းတွေ ဖန်တီး သားစဉ်မြေးဆက် သွေးချောင်းစီးအောင်လုပ်နေတဲ့ကောင်။ ပညာရေးနိမ့်ကျ တတိုင်းပြည်လုံးကျွန်ဘဝ‌အရောက် ပို့နေတဲ့ကောင်။ စီးပွားရေးပျက် ခွက်ဆွဲ‌စေတဲ့ကောင်။ ကျန်းမာရေးပျက် အသက်တို နာမကျန်း ရှူနာရှိုက်မသန်စွမ်းအောင် လုပ်နေတဲ့ကောင်။ 

အဲသလို ခွေးကောင်တွေ။ ဝက်ကောင်တွေ။ ခုတော့ ခွေးပြေးဝက်ပြေးပြေးရင်း ခွေးသေဝက်သေ သေရပြီ။ နားရွက်စုတ်အမြီးပြတ် အစာငတ်ကြမ္မာဟပ် သေနတ်စာမိပြီ။ 

အယ်ဘတွေ ဆိုတာ အမြင်သေးနုတ် မိစ္ဆာယုတ်၊ သဘောထားကြုတ် ပြိတ္တာစုတ်၊ သိက္ခာမဲ့လုပ် အဘိဇ္စျာပုတ်တွေ။ မိတ္ထီလာကဘုန်းကြီးတချို့က အဲဒီ အနုတ် အစုတ် အယုတ် အပုတ်ကောင်တွေကို အဟုတ်ကောင်တွေဆိုပြီး ချီးမြှောက်သတဲ့။ ဘုန်းကြီးတွေ အဘိုးတွေ အဖွားတွေ ကိုရင်လေးတွေ ကလေးတွေ ဦးဇင်းတွေ လူငယ်တွေ အသက်တွေ လိုက်သတ်နိုင်ဖို့ ကျန်းမာ လန်းဖြာစေကြောင်း ဆုတောင်းပေးသတဲ့။ မြို့တွေ ရွာတွေ ဘုရားတွေ ကျောင်းတွေ ဆေးရုံတွေ လိုက်ဖျက်နိုင်ဖို့ ဂန်းသာဖို့ ဂန်းမာဖို့၊ ဗုံးကြဲလေယာဉ်တွေ ငှက်ကင်မဖြစ်ဖို့၊ ကိုယ့်ဒကာ ဒကာမတွေအပေါ် စက်သေနတ်ကြီးတွေနဲ့ လှည့်ပတ်ပစ်သတ်မယ့် ရဟတ်ယဉ်တွေ ပုဇဉ်းကင် မဖြစ်ဖို့ ပရိတ်ရွတ်ဖတ် မေတ္တာဓာတ်တွေ ထည့်ပေးကြသတဲ့။ 

နေ့စဉ် ညတိုင်း သတ္တဝါတွေ ဘေးရန်ကင်းပါစေလို့ ဘုန်းကြီးတွေရွတ်ဖတ်နေတဲ့တရား ခုမှ သဘောပေါက်တော့တယ်။ သတ္တဝါတွေဆိုတာ သတ်တဲ့ဟာတွေကို ဆိုတာကိုး။ သဗ္ဗေသတ္တာ အဝေရာ ဟောန္တု၊ သတ္တဝါတွေ ဘေးရန်ကင်းပါစေဆိုတာ သတ်တဲ့ကောင်တွေဘဲ ဘေးရန်ကင်းပါစေလို့ ပြောသာကိုး။ သတ္တဝါတွေ ကျန်းမာကြပါစေဆိုတာ သတ်တဲ့ကောင်တွေသာ ကျန်းမာကြပါစေလို့ ဆိုသာကိုး။ 

နဂိုက ဒါမျိုးတွေကို ဒီလိုပုဂ္ဂိုလ်ကြီးတွေက ဘာ့ကြောင်းများလုပ်ကြတာပါလိမ့်လို့ သိပ်နားမလည်ခဲ့ဘူး။ ကျောဥပဒေ ကျောခြေဥထုတ်လာတာဖတ်ရတော့မှ ဘုန်းကြီးတွေ သေနတ်ကိုင်အာဏာပိုင်တွေကို ကျန်းမာပါစေကြောင်း ချမ်းသာပါစေကြောင်း ဘာ့ကြောင့် ဆုတောင်းပေးကြတာလဲဆိုတာ  သဘောပါတော့တယ်။ စစ်အားကောင်းမှ သာသနာစည်ပင်နိုင်မမည်ဖြစ်ကြောင်း ဟောကြပြောကြတာ ဆဝါးမိပါတော့တယ်။ 

ဟုတ်တယ်လေ သေနတ်ကိုင်အာဏာပိုင်နဲ့ မပေါင်းရင် မျှစ်တောင်ချိုးရဖို့ မဖြစ်နိုင်ဘူးမဟုတ်လား။ ကျောဥမှာ မျှစ်ချိုးရင် သေဒဏ်၊ ပြန်လည်ပြင်ဆင်တော့ ပြင်းထန်ပြစ်ဒဏ်ဆိုသကိုး။ ပြင်းထန်ဆိုတာလဲ သေဒဏ်နဲ့ အတူတူပါဘဲလေ။ အဲဒီကျောခြေဥမှာ (ခွင့်ပြုချက်မဲ့)လို့ ဂွင်းစဂွင်းပိတ်ကြီးနဲ့ပြထားတဲ့ အထူးစကားရပ်ကို ထောက်ရင် မေတ္တာမပို့လို့က မဖြစ်ဘူးလေ။ မံမံ တူ့တူပုန်းသွားမှာပေါ့။ သာသနာ ကွယ်သွားမှာပေါ့။ ခွင့်ပြုရင် ချစ်မှု၊ ခွင့်မပြုရင် ပြစ်မှုလို့ဆိုသကိုး။ ချစ်မှုက နေရန်၊ ပြစ်မှုက သေဒဏ် မဟုတ်လား။ ခုမှဘဲ ကျောဘက်က ဘုန်းကြီးတွေလဲ ကျောပသုံးလုံးရဲ့ဂန်းတွေ မာဖို့ချာဖို့ မေတ္တာသုတ်ပရိတ်ရွတ်ပေးရမှာပါကလားလို့ သနားမိရပါတော့တယ်။

အင်း ကိုယ်လဲ မင်းသိင်္ခကြီးရဲ့စာလို သဗ္ဗေသတ္တာ ကမ္မသကာနဲ့ အဆုံးသတ်ရမယ်။ 

သဗ္ဗေသတ္တာ-အာဏာရှင်စောက်ပေါမှန်သမျှ၊ ကမ္မသကာ- ပြန်ကျမလာပါစေနဲ့။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar