မောင်တူး - မာနယ်ပလော သို့မဟုတ် အောင်နိုင်သူတို့ရဲ့ကွင်း
မာနယ်ပလော သို့မဟုတ် အောင်နိုင်သူတို့ရဲ့ကွင်း
မောင်တူး
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၄
မာနယ်ပလော၊ အောင်မြေကြောကို
ပျော်မောဘွယ်ရာ၊ ပြန်ရပါပြီ
မြန်ပြည်နွေဦး သပြေဖူးနှင့်တကား။ ။
မာနယ်ပလောရဲ့ အဓိပ္ပာယ်က ဘာလဲ။ မာနယ် ဆိုတာ အနိုင်ရတာတဲ့။ ပလော ကတော့ တိုက်ပွဲဝင်ကွင်း၊ နှစ်ဖက်တိုက်တဲ့ ကွင်းလို့ အဓိပ္ပာယ် ရတယ်။ ကျွန်တော်ကတော့ အောင်နိုင်သူတို့ရဲ့ကွင်း လို့ ဘာသာပြန်လိုက်ပါတယ်။ နှစ်ပေါင်း ၃၀ ကြာ စစ်အာဏာရှင်လက်အောက်ကို ရောက်ရှိနေတဲ့ မာနယ်ပလော တပ်ပေါင်းစု ဌာနချုပ်စခန်းကြီးဟာ နွေဦးတော်လှန်ရေးကြီးရဲ့ လှိုင်းလုံးကြီးနဲ့ အတူသာပဲ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီမှာ ပြန်ရခဲ့ပြီ။
မာနယ်ပလော (မၤနၢၤပျီ Manerplaw) ဟာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာတည်ရှိတဲ့ ရွာတစ်ရွာပါ။ ကရင်လူမျိုးတွေ အုပ်ချုပ်တဲ့ လွတ်လပ်သောပြည်နယ် ကော့သူးလေရဲ့ မြို့တော်အဖြစ် အဆိုပြုခဲ့ကြတာပါ။ မာနယ်ပလောကို ၁၉၇၅ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်က နအဖ စစ်တပ် တိုက်စစ်ကြောင့် စွန့်ခွာခဲ့ကြတာပါ။ နှစ်ပေါင်း ၃၀ အကြာမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြတာပါ။
မစွန်ပစ်ခဲ့ခင်က မာနယ်ပလောတပ်ပေါင်းစု ဌာနချုပ်မှာ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ရဟန်းပျိုသမဂ္ဂ ABYMU အပါအဝင် အတိုက်အခံအဖွဲ့အစည်းတွေရဲ့ ဌာနချုပ်ဖြစ်ခဲ့ပါတယ်။ မာနယ်ပလောကို နအဖစစ်တပ်နဲ့ ဒီမိုကရက်တစ် တိုး တက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့တွေက ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တိုက်ခိုက်သိကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ မာနယ်ပလောစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးစီးတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ကရင်စစ်ရေး သတင်းရင်းမြစ်ကနေ သိရပါတယ်။မ်းပိုက်ခဲ့တာပါ။ အခု နှစ် ၃၀ အကြာမှာ ပြန်သိမ်းခဲ့တာပါ။ DVB သတင်းကတော့ ကရင် ပြည် နယ်၊ ဖာပွန်ရှိ မာနယ်ပလောစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (KNLA) ဦးစီးတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖော်ပြထားပါတယ်။
ရင်းနှီးခဲ့ဖူးတဲ့ မာနယ်ပုလော
ကေအင်န်ယူဌာနချုပ်
လောကွားလူ ကျောင်းသားကုန်း
အရှင်ခေမာစာရ ရဟန်းပျိုကုန်း
ဒေါအောင်ဆန်းစုကြည်လမ်း
Give me liberty or death ဆိုင်းဘုတ်
ကိုမြင့်ဇော်နဲ့ လူ့ဘောင်သစ်ဌာနချုပ်
အဘဦးတင်အောင်တို့ NLD ရုံး
စစ်ရေးပြကွင်း ခရစ္စမတ်ပွဲကွင်း
စသည် စသည် ပြန်မြင်ယောင်ဝေဝါး
ဟိုတုန်းက မာနယ််ပလောတဲ့လား။ ။
ကျနော်တို့က ဒေါင်းခွင်ကို ပြောင်းရတယ်။ ပထမ မာနယ်ပလော လောကွားလူမှာ ABSDF ဌာနချုပ်။ နောက်ပိုင်းဒေါင်းခွင် ပြောင်းကြပြီးတဲ့နောက်လည်း မာနယ်ပလောကို ရောက်ရောက်နေတာပါပဲ။ ပြောစရာတွေများလှပေမယ့် မာနယ်ပလော ကျချိန် အကြောင်းလေးကို အရင် ပြောချင်ပါတယ်။ ဒါကလည်း အဲ့သည့် မာနယ်ပလေ ကျချိန်မှာ ကျနော်တို့ ကျောင်း သားဌာနချုပ် ဒေါင်းခွင်ကလည်း ၁၉၉၄ ဒီဇင်ဘာလကုန်ကတည်းက ဆုတ်ခွာခဲ့ပြီးပြီမို့ ကျနော်က မာနယ်ပလောနဲ့ ဝေးနေချိန်ပေါ့။ အဲ့သည်ကာလမှာ KNU မှာ ဘာသာရေးပြသနာ ဖြစ်တယ်။ DKBA ခွဲထွက်သွားတယ်။ DKBA နဲ့ နအဖ စစ်အာဏာရှင်တွေ ပေါင်းတိုက်တော့ မာနယ်ပုလော ကျခဲ့ရတာပေါ့။ အဲ့သည်အချိန် မာနယ်ပုလောမှာ ရှိနေခဲ့တဲ့ ကျောင်းသားတပ်မှုးတဦးဖြစ်သူ ဦးချိန်က ကျနော့်ကို ဗိုလ်ချုပ်ကြီး စောဘိုမြအကြောင်း ပြန်ပြောပြခဲ့ပါတယ်။ ဘုန်းကြီးရမ်ဘိုကျောင်း ပထမဆုံးစ မီးလောင်ပြီး စစ်ရုံးတွေ ဌာနချုပ်တွေ တခုပြီးတခု နောက်ပိုင်း ဆက်တိုက် မီးလောင်ကုန်တာလည်း ပါတာပေါ့။ အဲ့သည်အချိန်မှာ ABSDF ဗဟိုကော်မတီတဦးနဲ့ ဆက်သွယ်ရေး မိသားစု ၇ ယောက်လောက်လည်း မာနယ်ပလောမှာ ပိတ်မိနေခဲ့တာတဲ့။
စစ်ရှုံးတာမဟုတ်ဘူး မြေရှုံးတာသာဖြစ်တယ် (ဗိုလ်ချုပ်ကြီး စောဘိုမြ)
မာနယ်ပေလောကနေ ဆုတ်ခွာကြတော့ ကရင်ရဲဘော်တွေဟာ ဒေါသထွက်ကြတယ်တဲ့။ ဝမ်းနည်းကြတယ်တဲ့။ အဲ့သည် ကရင်ရဲဘော်တွေကိုစုပြီး KNU ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး စောဘိုမြက မိန့်ခွန်းပြောတယ်တဲ့။ ("ရဲဘော်တို့ ဘာမှအားမငယ်ကြနဲ့။ ငါတို့ စစ်ရှုံးတာမဟုတ်ဘူးကွ။ ခေတ္တခန မာနယ်ပလောမြေကို ဆုံးရှုံးသွားတာ။ နောက် ပြန်တိုက်ယူလို့ရတယ်။ ပြန်ကြိုးစားကြမယ်။ ဒို့စိတ်ထဲမှာ စစ်အာဏာရှင်ကို နိုင်အောင် ဆက်တိုက်သွားမယ်ဆိုတဲ့ စိတ်ရှိနေမယ်။ ညီညွတ်ကြမယ်။ စည်းလုံးကြမယ်ဆိုရင် တို့တော်လှန်ရေးအောင်ရမယ်။ မာနယ်ပလောကိုလည်း ပြန်သိမ်းနိုင်ရမယ်။" ) ဆိုပြီး ပြောခဲ့တာတဲ့။ ဗိုလ်ချုပ်ကြီးစောဘိုမြကတော့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ကွယ်လွန်ခဲ့ပါပြီ။ ဒါပေမဲ့ သူပြောခဲ့သလိုပဲ မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်နေဦးမယ်ဆိုရင် ပြန်ရရမယ်ဆိုတဲ့ မာနယ်ပလော တပ်ပေါင်းစု စခန်းကြီးကိုတော့ ပြန်ရခဲ့ပါပြီ။
မာနယ်ပလောကို ပြန်ရလို့ စိတ်အားတက်လာကြရတယ်
အမေရိကန်ကို ရောက်နေတဲ့ ABSDF ရဲဘော်ဟောင်းကြီး ဆရာကျော်ဆွေက ဖုန်းဆက်လာတယ်။ မာနယ်ပလော ပြန်ရတာ ဝမ်းသာလွန်းလို့ အိပ်တောင် မအိပ်ချင်တော့ဘူးတဲ့။ ဟုတ်တယ်။ မာနယ်ပလောမှာ သင်တန်းတွေ တက်ခဲ့ကြတယ်။ ၈၈၈၈ ပွဲတွေ၊ တော်လှန်ရေးနေ့ပွဲတွေ၊ 7 July ပွဲတွေ စတဲ့ စတဲ့ပွဲတွေလုပ်ခဲ့ကြတယ်။ အဲ့သည်အချိန်က ပြည်တွင်းမှာ မလုပ်နိုင်တာတွေကို မာနယ်ပုလောမှာ လုပ်ခဲ့ကြတာပေါ့။ ဒီမိုကရေစီ စစ်ဌာနချုပ်ကြီး နိုင်ငံရေး ဌာနချုပ်ကြီး ဖြစ်နေတဲ့ မာနယ်ပလောကို သန်းရွှေ ခင်ညွန့်စစ်အုပ်စုကလည်း ဖြိုခွဲချင်နေခဲ့တာပေါ့။ ဒါပေမဲံ ပထဝီအနေအထားအရ တိုက်ဖို့မလွယ်ကူခဲ့ဘူးလေ။ ဒါကြောင့် ဘာသာရေးအရ သပ်လျှိုပြီး KNU ကနေ့ DKBA ကို ခွဲထုတ်ပြီး အကြံပက်စက်ခဲ့ကြတယ်။ ဒါပေမဲ့လည်း အခု နှစ် ၃၀ အကြာ မာနယ်ပလောကို ပြန်သိမ်းနိုင်ခဲ့ပါပြီ။ လူမျိုးရေး ဘာသာရေး ဘာရေး ညာရေး ဂျင်းအမျိုးမျိုးထည့်ပြီး အိမ်ကြက်ခြင်း အိုးမည်းသုတ် ခွပ်ခိုင်းတဲ့ စစ်အာဏာရှင်တွေဟာ အောက်လမ်းနည်းတွေ ဆက်သုံးလို့ မရတော့ပါဘူး။ အခု မာနယ်ပလော ပြန်လည် သိမ်းခဲ့မှုက သက်သေပြနေပါပြီ။ မာနယ်ပလောသည် အောင်မြေ။ အောင်မြေကို ပြန်သိမ်းပြီ။ အားလုံး စိတ်ခွန်အားတက်ကြရပြီပေါ့။
မာနယ်ပလောအောင်ပွဲမှသည် တပြည်လုံး အောင်ပွဲသို့
တကယ်တော့ ကရင်ပြည်နယ် မာနယ်ပလော စခန်းတခုတည်းသာ ဆုံးရှုံးရတာ မဟုတ်ပါ။ ရခိုင်ပြည်နယ်မှာဆိုရင် ပြည် နယ်တခုလုံးကိုသိမ်းဖို့ သိပ်မကြာတော့ဘူးလို့ ပြောနေကြပါပြီ။ ကချင်ပြည်နယ်မှာလည်း KIA က စစ်ကောင်စီ စခန်းတွေကို သိမ်းပြီးရင်း သိမ်းနေချိန်ပေါ့။ ကယား ချင်း ပလောင် ကိုးကန့် ပအို့ စသဖြင့် နယ်မြေအသီးသီးမှာလည်း စစ်ကောင်စီတပ်တွေက မရှု့မလှပါ။ ပြောရရင်တော့ တပြည်လုံးမှာပါပဲ။ တပ်ရင်းမှုးတွေ ထွက်ပြေးတာ၊ တပ်ရင်းမှုးတွေ ဖမ်းမိတာတွေကတော့ ရိုးနေပါပြီ။ ဗိုလ်မှုးချုပ်အဆင့်တွေတောင် နောက်ကျတဲ့ခြေထောက် သစ္စာဖောက် ဆိုတာကို လက်ခံနေကြပြီပေါ့။ မြို့တမြို့မှာ ဖမ်းမိစစ်သားတဦးရဲ့ ပြောပြသံကိုပဲ နားထောင်ကြည့်ပါ။ (" ကျနော်တို့က ပြေးဖို့ပဲ ပြင်နေကြတာ၊ ခံတိုက်ဖို့ မရှိဘူး။ PDF တွေ တိုင်းရင်းသားတပ်တွေက သေနပ်သံ ကြားတာနဲ့ ပြေးဖို့ ပြင်နေကြပြီ။ အလံဖြူထောင်ဖို့ အသင့် လုပ်ထားတာ။)"တဲ့။ သူ့စကားသာ နားထောင်ကြည့်ပေတော့။ ဒီတော့ မာနယ်ပလောလို စခန်သိမ်း အောင်ပွဲမျိုးတွေက နောက်ထပ်အများကြီး ထပ်ရှိလာဦးမယ်ဆိုတာ သေခြာနေပါပြီ။ မာနယ်ပလော ဆိုတဲ့ ကရင်ဘာသာစကားကို မြန်မာလို ပြန်ရင် အောင်နိုင်သူတို့ရဲ့ကွင်း လို့ အဓိပ္ပာယ်ရပါတယ်။ နွေဦးတော်လှန်ရေး အောင်နိုင်သူတို့ရဲ့ကွင်းတွေ မြန်မာတပြည်လုံးမှာ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ။
မောင်တူး
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar