Breaking News

၂၀၂၄ ခုနှစ် တနှစ်တာ ဖြစ်ရပ်များ (၃)

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၉ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၄


၂၀၂၄ ခုနှစ် တနှစ်တာ ဖြစ်ရပ်များ (၃) 

တိုင်းရင်းသား လူမျိုးတွေ နေထိုင်ကြပေမယ့် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့ကို လူမျိုးအမည် အစွဲပြုကာပြည်နယ်လို့ မသတ်မှတ်ကြတဲ့ ဒေသတွေ နဲ့ လူမျိုးစု တစုမက နေထိုင်ကြတဲ့ တိုင်းဒေသကြီးတွေ မှာလည်း လက်နက်ကိုင် ခုခံတိုက်ခိုက်မှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားတဲ့ ဒေသတွေ ရှိနေပြီး သာဓက အားဖြင့် တနင်္သာရီတိုင်း နဲ့ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ မန္တလေးတိုင်းတို့မှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ၂၀၂၄ ခုနှစ်ထဲ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။ 

မန္တလေးတိုင်း၊ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်း ထိစပ်နေတဲ့ ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပြီး ပခုက္ကူ၊ ရေစကြို၊ ဂန့်ဂေါ၊ ယော၊ ဆော၊ မြင်းခြံ၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီ၊ နွားထိုးကြီး မတ္တရာ အစရှိတဲ့ဒေသတွေမှာ ၂၀၂၄ တနှစ်တာကာလ အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။ ဒီလို တိုင်းရင်းသား နယ်မြေဒေသ မဟုတ်တဲ့ ဒေသတွေမှာ NUG လက်အောက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နဲ့ ဒေသအလိုက်သို့မဟုတ် တဖွဲ့ချင်းအလိုက် လှုပ်ရှားနေကြတဲ့ ကျေးရွာ၊ မြို့ အနေနဲ့ ပေါ်ထွက်လာတဲ့ Local PDF တွေလည်း ရှိကြတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဟာ လက်နက်ကိုင် တော်လှန်ရေး စတင်ခါစ အစောပိုင်းကတည်းက ဖွဲ့စည်းပါဝင်လာခဲ့ကြတဲ့ ဒေသဖြစ်ပြီး နေအိမ်မီးရှို့ဖျက်ဆီးခံရမှုတွေ နဲ့ လက်နက်ကိုင်အဖွဲ့ဝင် လူငယ်တွေအပြင် အရပ်သား ရာနဲ့ချီ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ လေကြောင်းက ဗုံးကြဲခံရတာတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒေသဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းရဲ့ အဓိက အားနည်းချက်က စစ်ရေးနိုင်ငံရေးအရ တစုတစည်းထည်း ဖွဲ့စည်းတိုက်ခိုက်နိုင်ခြင်း မရှိသေးတဲ့ အချက်ဖြစ်ပြီး အခြားသော ဒေသတွေလို လက်နက်ကိုင် လူအင်အား ရှိသလောက် နယ်မြေထိန်းချုပ်စိုးမိုးနိုင်မှု အပိုင်းမှာ ကျယ်ပြန့်လာခြင်း မရှိသေးတဲ့ အချက်ဖြစ်ပါတယ်။ 

ပဲခူးတိုင်းအတွင်းမှာတော့ ကေအန်ယူလှုပ်ရှားတဲ့ နယ်မြေတွေဖြစ်တဲ့ ကရင်ပြည်နယ်နဲ့ ထိစပ်ရာ ပဲခူးတိုင်းအရှေ့ပိုင်း မုန်း၊ ကျောက်ကြီး၊ ရွှေကျင်၊ ညောင်လေးပင် အစရှိတဲ့နယ်မြေတွေမှာ ၂၀၂၄ ခုနှစ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။ ဒီနယ်မြေတွေနဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း အရှေ့ပိုင်းက စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နဲ့ မဝေးကွာတဲ့ ရေမြေအနေအထားကြောင့်လည်း ဒီနယ်မြေတွေရဲ့ စစ်ရေးလှုပ်ရှားမှုက အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။ သန်းရွှေဦးဆောင်တဲ့ စစ်အစိုးရလက်ထက်မှာ ပျဥ်းမနားမြို့ကို အခြေပြုပြီး အရှေ့ရိုးမတောင်ခြေမှာ တောင်တွေကို ကျောပေးတည်ဆောက်ထားတဲ့ နေပြည်တော်က စစ်ရေးအရ ကြည့်ရင် မြန်မာနိုင်ငံအရပ်ရပ်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဗဟိုလိုနေရာမှာ တည်ရှိပြီး အားသာချက် တခုလို့ မှတ်ယူထားခဲ့တာဖြစ်ပါတယ်။ အခုလို ပတ်ပတ်လည်မှာ ရန်သူတွေချည်း ရှိတဲ့အခြေအနေမျိုးမှာတော့ အလယ်ဗဟိုကျခြင်းက ဆက်သွယ်ပို့ဆောင်ရေးမှာ အားသာချက်ဆိုတာထက်ကို အလယ်မှာရောက်နေပြီး ဝိုင်းပတ်ခံရနိုင်တဲ့ အားနည်းချက် တခုသဖွယ်ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ 

တိုင်းရင်းသား လူမျိုးတွေမဟုတ်တဲ့ မကွေး၊ ပဲခူးတိုင်းနယ်မြေအချို့၊ မန္တလေးတိုင်းနယ်မြေ အချို့နဲ့ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့လို ဒေသတွေအနေနဲ့ အမျိုးသားရေး အကြောင်းအချက်အပေါ် မူတည်ကာ စုစည်းဖို့ မလွယ်ကူခြင်းက စစ်ရေးအောင်မြင်မှုမှာ အားနည်းချက် တခုဖြစ်နေတဲ့ သဘောလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း နယ်မြေသိမ်းယူမှုအများစုက တိုင်းရင်းသား ပြည်နယ်ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တာတွေ့ရပြီး တိုင်းဒေသတွေရဲ့ နယ်မြေ အနည်းအကျဥ်းသာပါဝင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ 

စစ်ရေး၊ လက်နက်ကိုင် တော်လှန်ရေး၊ နယ်မြေသိမ်းယူရေးစတဲ့ အကြောင်းအရာတွေ အပြင် ၂၀၂၄ ခုနှစ်ထဲမှာ ကျပ်ငွေ တန်ဖိုး သိသိသာသာကျဆင်းတာ၊ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့တာ၊ နယ်စပ်ဂိတ်တွေ ပိတ်တာ၊ တိုက်ပွဲတွေဖြစ်ပွားလို့ နယ်မြေမတည်ငြိမ်တာကြောင့်၊ လမ်းတံတားတွေ ပျက်စီးတာကြောင့်နဲ့  ကုန်သွယ်ရေး လမ်းကြောင်းတလျှောက် တဖွဲ့မကသော လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အချက်တွေက ကုန်စည် စီးဆင်းမှု၊ ရောင်းဝယ်ဖောက်ကားမှုတွေကို ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေပြီး လူထုအနေနဲ့ တသက်မှာ တကြိမ်တောင် မကြုံဖူးတဲ့ စျေးနှုန်းတွေနဲ့ အသက်ရှင်သန်ဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေလည်း ယခုနှစ်ထဲမှာ ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ သာဓက အားဖြင့် ကချင်ပြည်နယ် ပူတာအိုလို ဒေသမှာ ဓါတ်ဆီ တလီတာကို ကျပ် ၁ သိန်းလောက်ထိ ရောက်ရှိခဲ့တဲ့ အချိန်ကာလတွေ ရှိခဲ့သလို ရခိုင်ပြည်နယ်လို၊ ကချင်ပြည်နယ် ဖားကန့်တို့လိုဒေသတွေမှာလည်း ဓါတ်ဆီ တလီတာကို သောင်းဂဏန်းနဲ့ ချီကာ တဂါလံ ကျပ်သိန်းဂဏန်းအထိ ရောက်ခဲ့တဲ့ အဖြစ်တွေလည်း ယခုနှစ်ထဲ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၄ခုနှစ်ထဲမှာတော့ လက်နက်ကိုင် တိုက်ပွဲတွေက စစ်မြေပြင်မှာသာ တိုက်ခိုက်ကြတာတင် မဟုတ်တော့ပဲ ကုန်စည်ကူးသန်းရောင်းဝယ်မှု၊ လောင်စာဆီ၊ ဆန်၊ လူသုံးကုန်ပစ္စည်းစတာတွေကိုပါ ဗျူဟာမြောက် ပိတ်ဆို့ကာ တဖက်လက်နက်ကိုင် အဖွဲ့နဲ့ အဆိုပါ နယ်မြေတွေမှာ နေထိုင်နေကြတဲ့ လူထုကိုပါ ရှင်သန်နေထိုင်ဖို့ ခက်ခဲအောင်လုပ်ဆောင်ကြပြီး လက်နက်ကိုင် အဖွဲ့တွေကို ဖိအားပေးစေဖို့ ကြိုးစားလာကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုရရင် စစ်ပွဲက လက်နက်ကိုင် တိုက်ခိုက်သူတွေသာမက အဆိုပါလက်နက်ကိုင် တိုက်ခိုက်မှု ဖြစ်ပွားရာ သို့မဟုတ် ရန်ဘက် အဖွဲ့အစည်းက အုပ်ချုပ်နေတဲ့ နယ်မြေတွင်း နေထိုင်သူတွေကိုပါ ခက်ခဲကြပ်တည်းအောင် လုပ်ဆောင်လာကြတာတွေ့ရပါတယ်။ 

စစ်မက်ဖြစ်ပွားနေတာကြောင့် အသက်မွေးဝမ်းကျောင်း အလုပ်တွေ ကောင်းစွာ မလုပ်ကိုင်နိုင်ကြတဲ့ အနေအထားမှာ ကုန်ဈေးနှုန်းက မတန်တဆဈေးတွေ ဖြစ်လာပြီး လူထုအနေနဲ့ စစ်ဖြစ်နေတဲ့ ဒေသတွေအတွင်း ရွှေ့ပြောင်းနေထိုင်ကြဖို့ စေ့ဆော်တဲ့ အကြောင်းတွေ ဖြစ်လာစေပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ် တခုလုံး တနှစ်ကျော်ကြာ ကုန်စည်ကန့်သတ်ပိတ်ဆို့မှုကြောင့် ရခိုင်ပြည်နယ်က ဒေသခံအများအပြား ဧရာဝတီ၊ ရန်ကုန် တို့လိုဒေသတွေကို ရွှေ့ပြောင်းနေထိုင်လာကြတာလည်း ကြားသိနေကြရတာပါ။ 

၂၀၂၄ ခုနှစ် နှစ်လည်ကာလမှာ မြန်မာကျပ်ငွေ တန်ဖိုး အကျဆုံးအချိန်တခု ရှိခဲ့ပြီး ကန် ၁ ဒေါ်လာကို ကျပ် ၇၅၀၀ ကနေ ၈၀၀၀ အကြားရောက်ခဲ့တဲ့ ရက်တွေလည်း ရှိခဲ့တာတွေ့ရပါလိမ့်မယ်။ နိုင်ငံအတွင်းက ပိုင်ဆိုင်မှုငွေကြေးတွေ ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို ရွှေ့ပြောင်း ကြတဲ့အဖြစ်အပျက်တွေနဲ့ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလာပြီး ကျပ်ငွေတန်ဖိုး ဆိုးဆိုးရွားရွား ကျဆင်းတာမျိုး ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းတဲ့ ဂယက်က စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးတွေ၊ ကုန်ကြမ်းပစ္စည်းတွေ အထိ သက်ရောက်မှုရှိစေတာတွေ့ရပါတယ်။ 

ကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုက နေ့စဥ် သားငါးဟင်းရွက်စျေးတွေမှာလည်း စျေးနှုန်းမတန်တဆဖြစ်ကုန်တဲ့ အနေအထားထိ ပြောင်းလဲလာတာ တွေ့ကြရပါတယ်။ လက်ဖက်ရည် တခွက် ကျပ် ၃ ထောင်အထိ ရောက်ရှိလာသလို ဗူးသီးကြော် တပွဲ ၃၀၀၀ ကနေ ၅၀၀၀ ကျပ် အထိရောင်းချ လာကြတာလည်း တွေ့မြင်ကြားသိနေကြရပါတယ်။ ဒါတွေက ၂၀၂၄ ခုနှစ်ထဲမှာ စီးပွားရေး နဲ့ သက်ဆိုင်တဲ့ စျေးနှုန်း၊ ပိတ်ဆို့မှုတွေ ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်ထဲ ကြီးမားတဲ့သက်ရောက်မှု လူအများနဲ့ သက်ဆိုင်တဲ့ အဖြစ်အပျက်တခုက စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းခြင်းပဲ ဖြစ်ပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အမိန့်က စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေက အသက် ၁၈ နှစ် နဲ့ ၃၅ နှစ်အကြား၊ ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း အတတ်ပညာရှိတဲ့သူ အဖို့ ၄၅ နှစ်အထိ အကျုံးဝင်စေတဲ့ စစ်မှုမထမ်းမနေရ ဥပဒေက နိုင်ငံကလူငယ် အများအပြားကို တရားဝင် နည်းလမ်းနဲ့ သော်လည်းကောင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး သော်လည်းကောင်း နိုင်ငံကနေ ကာလတခုထိ တိမ်းရှောင်နေထိုင်ကြစေတဲ့ ဂယက်ကြီးကြီးမားမား ဖြစ်ပေါ်စေခဲ့ပါတယ်။ စစ်ပွဲဖြစ်ပွားလာတာ အချိန်ကြာမြင့်လာချိန် အရှုံးနဲ့ ဆက်တိုက်ကြုံတွေ့လာရတဲ့ စစ်ကောင်စီအဖို့ လူအင်အားသိသာစွာ ဆုတ်ယုတ်လျော့နည်းလာတာကို စစ်မှုမထမ်းမနေရ ဥပဒေအသက်သွင်းပြီး စုဆောင်းရာမှာ တလ ၅ ထောင်နှုန်းနဲ့ လက်ရှိကာလအထိ အသုတ် ၈ သုတ် ခန့်မှန်းခြေအားဖြင့် အင်အား ၄ သောင်းစုဆောင်း ရရှိပြီးပြီလို့ မှန်းဆရပါတယ်။ 

စစ်မှုမထမ်းမနေရ ဥပဒေအသက်သွင်းခြင်းက အောက်ခြေ အဆင့်မှာ လာဘ်ယူဖို့ ငွေကြေးအလွဲသုံးစားလုပ်ဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေး၊ ရဲစခန်း၊ စစ်သားစုဆောင်းရေးမှာ ပါဝင်တဲ့ အဖွဲ့အစည်းအားလုံး ငွေ အသည်းအသန်ရှာဖွေကြတဲ့ အခြေဆိုက်ရောက်ခဲ့ပြီး စစ်ကောင်စီ အနေနဲ့ ၄င်းရဲ့ စီမံချက်ကို ဖော်ဆောင်နေတဲ့ သူတွေရဲ့ ခြစားပျက်စီးမှုကို လျစ်လျူရှုထားတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ တမြို့နဲ့ တမြို့ ခရီးသွားသူတွေ၊ မြို့တွင်းမှာ အလုပ်သွားသူတွေ နဲ့ အိမ်နီးချင်းနိုင်ငံက တရားမဝင် ဝင်ရောက်တဲ့သူတွေ ပြန်ပို့လာလို့ လက်ခံရာမှာ ဖြစ်စေ အခြေအနေအမျိုးမျိုးမှာ စစ်သားစုဆောင်းတာ သို့မဟုတ် လာဘ်ယူပြီး ပြန်လွှတ်ပေးတာတွေ လုပ်ဆောင်ကြတဲ့ အဖြစ်တွေက နားနဲ့ မဆံ့အောင် ကြားသိနေကြရတာလည်း ဖြစ်ပါတယ်။ စစ်မှုမထမ်းမနေရ ဥပဒေက အသက်အရွယ်အားဖြင့် အကျုံးဝင်တဲ့ လူငယ်တွေ သာမက စီးပွားရေးနယ်ပယ်ကိုလည်း ကြီးကြီးမားမားသက်ရောက်မှုတွေ ရှိခဲ့ပြီး လက်ရှိအချိန်ထိလည်း ပြည်တွင်းက ထွက်ခွာနေကြဆဲ အခြေအနေလို့ ဆိုရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar