Breaking News

မောင်လူမွှေး - လူငယ်တွေရဲ့ တန်ဖိုး

မောင်လူမွှေး - လူငယ်တွေရဲ့ တန်ဖိုး

မိုးမခ ၊ ဧပြီ ၁၁ ၊ ၂၀၂၆


တော်လှန်ရေးကာလ အခက်အခဲတွေကြောင့် လူငယ်များစွာဟာ ကိုယ့်ရပ်ရွာကို စွန့်ခွာသွားကြတယ်။ ကိုယ့်ရပ်ရွာကို စွန့်ခွာသွားကြတဲ့ လူငယ်အများစုဟာ တရုတ်၊ ထိုင်း၊ မလေးရှားနိုင်ငံတွေကိုသွားပြီး အလုပ်လုပ်ကြတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ်ကုန် နွေရာသီမှာ မောင်လူမွှေးနဲ့ သိတဲ့ ဆရာ၊ ဆရာမလေးအချို့ ရပ်ရွာနဲ့ ကျောင်းကလေးတွေကို စွန့်ခွာပြီး နိုင်ငံခြားကို ထွက်ခွာသွားကြတယ်။ ဒီနှစ်ပညာသင်နှစ်ကုန်ချိန်မှာတော့ အရင်နှစ်ကလို ထွက်ခွာသွားကြတယ်ဆိုတဲ့ အသံမကြားရသေးတာက စိတ်သက်သာမှု ရစေပါတယ်။

"သူငယ်ချင်းတွေက နိုင်ငံခြားသွားကြတော့ သူတို့အိမ်ကို ပိုက်ဆံပို့နိုင်ကြတယ်။ ဘယ်သူက ဘယ်လောက် ပို့လိုက်တာတဲ့။ နင်ရော မသွားသေးဘူးလား ဆိုပြီး အမျိုးတွေက မေးတဲ့အခါ စိတ်ထဲမှာ တော်တော်ခံစားရတယ်" လို့ အသက်နှစ်ဆယ်ဝန်းကျင်ရှိ ကျောင်းဆရာမလေးက မောင်လူမွှေးကို ရင်ဖွင့်တယ်။

အဲဒီဆရာမလေး အပါအဝင် သူနဲ့သက်တူရွယ်တူရှိတဲ့ လူငယ်ဆရာ၊ ဆရာမလေးတွေဟာ တစ်လကို ငါးသောင်းပဲရတဲ့ ကျောင်းဆရာမအလုပ်ကို လုပ်ပြီး ကလေးတွေကို ပညာသင်ပေးနေကြတာပါ။ ငါးသောင်း ဆိုတာ ကျောင်းဆရာမတစ်ယောက်အဖို့ သူတို့ ဒေသလေးမှာ အများဆုံးဖြစ်ပြီး လေးသောင်း၊ သုံးသောင်း ရကြတဲ့ရွာတွေလည်း အများကြီးရှိပါတယ်။

နိုင်ငံခြားသွားတဲ့ သူတွေက ပိုက်ဆံတွေ လစဉ်ပို့ပြီး ရပ်ရွာပတ်ဝန်းကျင်ကလည်း ပိုက်ဆံပို့နိုင်တဲ့ လူငယ်တွေကို ချီးမွမ်းကြတယ်။ ရပ်ရွာမှာ စာသင်ပြီး ကျန်ရစ်ခဲ့တဲ့ လူငယ်တွေကတော့ နိုင်ငံခြားသွားသူရှိတဲ့ အိမ်တွေက မွေးနေ့ပွဲတွေ၊ အလှူတွေလုပ်တဲ့အခါ မွေးနေ့ပွဲ၊ အလှူပွဲတက်ရောက်ဖို့ ငွေကြေးထောင်ဂဏန်းလေးကို တွက်ချက်ကြရတာ ဖြစ်ပါတယ်။ ဒီလို တိုက်ဆိုင်မှုတွေ များလာတဲ့အခါ ဆရာ၊ ဆရာမလေးတွေခမျာ စိတ်ကသိကအောက် ဖြစ်ကြရရှာမယ်။ အဆိုးဆုံးကတော့ သူတို့မိသားစုကပါ နိုင်ငံခြားကနေ ပိုက်ဆံတွေပို့နေတဲ့ သူတွေကို ချီးကျူးကြတဲ့အခါ စိတ်ထိခိုက် ခံစားကြရတာ ဖြစ်တယ်။

"တစ်ခါ တစ်ခါလည်း ကိုယ်လည်း နိုင်ငံခြားကိုပဲ ထွက်ရတော့မလား။ ခဏခဏ စဉ်းစားမိခဲ့တယ်။ အမျိုးတွေကလည်း ထွက်ဖို့ တိုက်တွန်းတာရှိတယ်။ ကလေးတွေရဲ့ ပညာရေးကို ကြည့်ပြီး ချီတုံချတုံ ဖြစ်ရတယ်။ ဆရာတို့နဲ့တွေ့တော့ ဆရာမပဲ ဆက်လုပ်ဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်မိတယ်" လို့ ဆရာမလေးတစ်ယောက်က မောင်လူမွှေးတို့ကို ရင်ဖွင့်ပါတယ်။

မောင်လူမွှေးတို့ လူ့အဖွဲ့အစည်းဟာ ပညာအပေါ် တန်ဖိုးထားမှု နည်းနေသေးတာက ဝမ်းနည်းစရာဖြစ်တယ်။ ရပ်ရွာက ကိုယ့်သားသမီးမျိုးဆက်တွေကို လက်တွေ့စာသင်ပေးနေတဲ့ ဆရာ၊ ဆရာမလေးတွေထက် သူတို့မိသားစုတွေအတွက် ပိုက်ဆံပိုရှာပေးနိုင်တဲ့ သူတွေကို တဖွဖွ အားကျချီးမွမ်းနေတာက ပညာ၊ စေတနာတွေထက် ငွေကြေးကို ပိုတန်ဖိုးထားတာကို ပြနေသလို ဖြစ်နေတယ်။

ဒါပေမဲ့ လူငယ်ဆရာ၊ ဆရာမတွေကို တကယ်အားကိုးတန်ဖိုးထားတဲ့ သူတွေလည်း ရှိနေပါတယ်။

"ကျနော်တို့ရွာမှာ ပညာတတ်လူငယ်ဆိုလို့ ဒီဆရာ၊ ဆရာမလေးတွေပဲ ရှိတော့တာ။ ရပ်ရွာတိုးတက်ပြောင်းလဲအောင် လုပ်နိုင်တာက သူတို့ပဲဗျ" လို့ အုပ်ချုပ်ရေးမှူးတစ်ယောက်က မောင်လူမွှေးကို ပြောတယ်။ အသက်သုံးဆယ်ကျော် အဲဒီအုပ်ချုပ်ရေးမှူးကို ဉာဏ်အမြော်အမြင်ရှိတဲ့ အုပ်ချုပ်ရေးမှူးအဖြစ် မောင်လူမွှေးစိတ်ထဲကနေ အသိအမှတ်ပြုမိတယ်။

အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေပြီး လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို တည်ထောင်ပေးနိုင်တာက ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တွေ ဖြစ်တယ်။ နိုင်ငံခြားရောက်နေတဲ့ လူငယ်တွေက ငွေကြေးအရ တတ်နိုင်သလောက် ပံ့ပိုးကြပြီး တော်လှန်နယ်မြေမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေက သူတို့ဘဝ၊ အနာဂတ်ကို ပေးပြီး အလုပ်လုပ်နေကြတာ ဖြစ်တယ်။ လူငယ်ရဲဘော်တွေရဲ့ တိုက်ခိုက်မှုကြောင့်ပဲ တော်လှန်ရေးဟာ ခရီးရောက်ခဲ့တယ်။ 

လူငယ်တွေကြောင့်ပဲ ပညာရေး၊ ကျန်းမာရေး အပါအဝင် ရပ်ရွာကိစ္စတွေကို လည်ပတ်နေနိုင်တာဖြစ်တယ်။ ဒီလို လူငယ်တွေအတွက်ပဲ မောင်လူမွှေးနှင့် မစ်(စ)မွှေးဟာ ဆီဈေးခေါင်ခိုက်နေတဲ့ကြားက အရိုးခေါင်းဆိုင်ကယ်လေးနဲ့ တောတောင်တွေထဲ ကြိုးစားသွားလာနေကြတာ ဖြစ်တယ်။ လူငယ်တွေရဲ့ တန်ဖိုးကို အလေးအနက်သိကြဖို့၊ ထုတ်ဖော်ချီးမွမ်း အသိအမှတ်ပြုကြဖို့ လိုအပ်ပါတယ်ခင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar