သမ္မတ ဖြစ်ချင်တဲ့ စစ်တပ် ခေါင်းဆောင်ရဲ့ဆန္ဒပြည့်ဝချိန် တိုင်းပြည်ရဲ့ ကံကြမ္မာ
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၁၀ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၁ ၊ ၂၀၂၆
သမ္မတ ဖြစ်ချင်တဲ့ စစ်တပ် ခေါင်းဆောင်ရဲ့ဆန္ဒပြည့်ဝချိန် တိုင်းပြည်ရဲ့ ကံကြမ္မာ
၁၅ နှစ်ကြာ တပ်ချုပ် ရာထူးကို ဖက်တွယ်ရယူထားခဲ့သူ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုရှိတယ်လို့ စွပ်စွဲပြီး စစ်တပ်နဲ့ နိုင်ငံရေးအာဏာသိမ်းခဲ့သူ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်နဲ့ ၂ လ ကျော်အကြာမှာ နိုင်ငံတော် သမ္မတဆိုတဲ့ နေရာကို လွှတ်တော်ခန်းမဆောင်ထဲ သစ္စာဆိုပြီး ရယူခဲ့ပြီဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အကြာ တိုင်းပြည်ကို ပြန်ကြည့်လိုက်တဲ့အခါ လူအသက်ပေါင်း ထောင်သောင်းချီ ပြည်တွင်းစစ်အတွင်း အသက်ဆုံးရှုံးခဲ့ကြရ၊ ထောင်သောင်းချီတဲ့သူတွေ ထိခိုက်ဒဏ်ရာရခဲ့ကြပြီး ဖြစ်သလို၊ လူနေအိမ် သိန်းဂဏန်း မီးရှို့ဖျက်ဆီးခံရ၊ ရိက္ခာ၊ စိုက်ပျိုးရေး သီးနှံတွေလည်း မီးလောင်တာ၊ စိုက်ပျိုးပြီး မရိတ်သိမ်းနိုင်တာတွေကြောင့် လယ်သမား၊ ယာသမား၊ မွေးမြူရေး လုပ်ကိုင်သူတွေ အများအပြား အသက်မွေးဝမ်းကျောင်းအလုပ်တွေ ဆုံးရှုံးနေကြရတဲ့ အနေအထား ဖြစ်ပါတယ်။
အထက်က ဖော်ပြသလို စစ်ပွဲကြောင့် တိုက်ရိုက် ထိခိုက်သေဆုံးမှုတွေမဟုတ်ပေမယ့် ဆင်းရဲမှု၊ စားရေရိက္ခာအတွက် မလောက်ငှမှု နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ခြင်း မရှိပဲ အသက်ဆုံးရှုံးခဲ့ကြရသူတွေလည်း ရာထောင်ချီရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
ပြည်တွင်းစစ်ပွဲ ဆင်နွှဲနိုင်ဖို့ နိုင်ငံရဲ့ သယံဇာတတွေ ဖြစ်တဲ့ ရွှေတွင်း၊ ကျောက်မျက်ရတနာတူးဖော်တာ၊ သတ္တုတူးဖော်တာ၊ သစ်တော အလွန်အကျွံခုတ်ယူတာတွေကြောင့် မြစ်ကြောင်းတွေ ပျက်စီးနေကြရသလို စိုက်ပျိုးမြေတွေ အမြောက်အများလည်း ထိခိုက်ပျက်စီးလာနေပြီး သဘာဝပတ်ဝန်းကျင်နဲ့ ဆက်နွှယ်နေတဲ့ ရေအရင်းအမြစ်၊ ရာသီဥတုပြောင်းလဲခြင်း စတဲ့ ထိခိုက်ပျက်စီးမှုတွေလည်း သာမန်အရပ်သား တဦးအနေနဲ့တောင် မြင်သာလာနေတာလည်း ဖြစ်ပါတယ်။
ကျောင်းသူ ကျောင်းသား ကလေးငယ်တွေရဲ့ ပညာရေး၊ ကာကွယ်ဆေး ထိုးနှံမှုတွေ လက်လှမ်းမမီ၊ မရရှိတဲ့သူတွေလည်း သောင်းနဲ့ သိန်းနဲ့ချီရှိနေတာ ဖြစ်ပါတယ်။
ဒီအခြေအနေမျိုးအောက်မှာ ကျင်းပခဲ့တဲ့ ၂၀၂၅/၂၆ ရွေးကောက်ပွဲရဲ့ ရလဒ်ကို လိုချင်တဲ့အတိုင်းထွက်ရှိအောင် ဥပဒေပြင်ဆင်၊ အခြားသော နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေကို ကန့်သတ်မှုတွေလုပ်ပြီး ကျင်းပကာ မဲအပြတ်အသတ်နဲ့ ကြံ့ခိုင်ရေးပါတီ အနိုင်ရစေပြီး သမ္မတရာထူးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုသာ ရွေးချယ်ဖို့ အစစအရာရာ ဇတ်တိုက်ပြင်ဆင်ခဲ့ပြီးနောက် ယနေ့ (ဧပြီ ၁၀ရက်)မှာ အခုလို ရွေးကောက်ခံ သမ္မတ(အမည်အားဖြင့်) အဖြစ် ရောက်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ကနေ ၂၀၂၀ ခုနှစ်အတွင်း NLD အစိုးရ အုပ်ချုပ်စဥ်ကာလ ၅ နှစ်အတွင်း စစ်တပ်နဲ့ NLD အစိုးရခေါင်းဆောင်တွေရဲ့ ဆက်ဆံရေး၊ မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အကြားဆက်ဆံရေးတွေ အပေါ် အခြေပြုပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို မင်းအောင်လှိုင်က ဆုံးဖြတ်လုပ်ဆောင်ခဲ့တာလို့ ဆိုရင် မှားမယ်မထင်ပါဘူး။
၂၀၂၁ ခုနှစ်ကနေ ခု ၂၀၂၆ ခုနှစ် ၅ နှစ်ကျော်ကာလမှာ ဘယ်လို အရာတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်လဲ ဆိုတဲ့ အခြေအနေတွေကိုတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ကြိုတင်မှန်းဆနိုင်ခဲ့ခြင်း မရှိပါဘူး။ ရွေးခြယ်ခြင်း ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော် စတင်ကျင်းပမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကူးပြောင်းချိန် အဲဒီအချိန်က သမ္မတဦးဝင်းမြင့် အပါအဝင် NLD အစိုးရအဖွဲ့ရဲ့ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေ၊ တိုင်း/ပြည်နယ် ဝန်ကြီးချုပ်တွေကို တပြိုင်နက်တည်း ဖမ်းဆီးထိန်းသိမ်းကာ ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်ပြီး စိတ်တိုင်းကျ ပြန်လည်ကျင်းပကာ ကြံ့ခိုင်ရေးပါတီအနိုင်ရအောင် လုပ်ဖို့ ရည်ရွယ်ခဲ့တာလို့ ယူဆရပါတယ်။
လက်တွေ့ ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ အခြေအနေက လက်နက်ကိုင် ခုခံတိုက်ခိုက်မှု ၊ နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါးအတွင်း အပြင်းထန်ဆုံး ပြည်တွင်းစစ်ပွဲတရပ်နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒီပြည်တွင်းစစ်ပွဲကို အနိုင်ရဖို့အတွက်ဆို အာဏာသိမ်းစစ်တပ်အနေနဲ့ လူနေကျေးရွာတွေ မီးရှို့ဖျက်ဆီး၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ အရပ်သားတွေကို PDF တော်လှန်ရေး တပ်ဖွဲ့ဝင် သံသယနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို မြန်မာနိုင်ငံ အနှံ့အပြားမှာ ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆယ်စုနှစ် ၇ ခုကျော်ကြာ ပြည်တွင်းစစ်ကာလတွေအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အမျိုးမျိုးနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲတွေအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှု၊ ကျေးရွာမီးရှို့ဖျက်ဆီးမှု အဓမ္မပြုကျင့်မှု၊ အရပ်သားတွေရဲ့ ပိုင်ဆိုင်မှု၊ ရိက္ခာတွေ အဓမ္မ လုယူတာ၊ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ဗမာလူမျိုးတွေ အများစုနေထိုင်ကြတဲ့ အညာလိုဒေသမျိုးမှာ ပြည်တွင်းစစ် မဖြစ်ပွားခဲ့ဖူးပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်တွင်းစစ်မြေပြင်တွေအနက် အညာစစ်မြေပြင်ဟာလည်း အရက်စက်ဆုံး ဖျက်ဆီးမှုအများဆုံး၊ အစုလိုက်အပြုံလိုက်သေဆုံးမှု အများဆုံး စစ်မြေပြင် တခုဖြစ်လာခဲ့ပါတယ်။
ဒီအခြေအနေတွေ အဖြစ်အပျက်တွေအားလုံး ဖြစ်ပွားလာခဲ့ရတာ စစ်အာဏာသိမ်းမှုကြောင့်လို့ ဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။
တဖန် စစ်အာဏာသိမ်းမှုက ဘာကြောင့်လဲလို့ ထပ်မေးရင် မြန်မာ့နိုင်ငံရဲ့ အာဏာကို စစ်တပ်က လုံးဝလက်လွှတ်ရမယ့် အခြေအနေကို လက်မခံနိုင်ခြင်းက အခြေခံ အကြောင်းရင်းဖြစ်တာ တွေ့ရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသား ဒေသတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အုပ်ချုပ်ခွင့်မရှိခြင်းကြောင့် ဆယ်စုနှစ်များစွာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး ပြည်တွင်းစစ် ဖြစ်ပွားခြင်းက စစ်တပ်က နိုင်ငံရေးသမားတွေထက် ပိုအရေးပါတဲ့အနေအထားကို ပြန်လည်ရောက်ရှိစေခဲ့တာလည်း ဖြစ်ပါတယ်။
ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတ ၂ ဦး ကတိသစ္စာပြုတဲ့ အခမ်းအနား၊ မိန့်ခွန်းပြောတဲ့ အခမ်းအနားနဲ့ အသီးသီးသော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့တရားစီရင်ရေး ယန္တရား အဖွဲ့အစည်းတွေ ဖွဲ့စည်းကြောင်း ကြေညာတာ၊ အမိန့်ကြော်ငြာစာထုတ်တာတွေနဲ့ ပြည်တွင်းအခြေစိုက် သတင်းဌာနတချို့ရဲ့ စာမျက်နှာမှာ ပြည့်နှက်နေတာ တွေ့ရပါတယ်။
မင်းအောင်လှိုင်ရဲ့ တပ်ချုပ် လုပ်ခဲ့တဲ့ သက်တမ်းတလျှောက် အတူတကွ ဒု-တပ်ချုပ်တာဝန်ယူခဲ့တဲ့ စိုးဝင်းကို ပြည်ထောင်စု အတိုင်ပင်ခံကောင်စီမှာ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး အစိုးရအဖွဲ့နဲ့ စစ်တပ် ၂ ရပ်လုံးကနေ ဘေးဖယ်လိုက်ပြီး နိုင်ငံရဲ့ နေ့စဥ် စီမံခန့်ခွဲတဲ့ လုပ်ငန်းတွေကနေ အနားပေးလိုက်ပါတယ်။
ကတိသစ္စာပြု အခမ်းအနားမလုပ်ခင် တရက်အထိ စစ်တပ်ရာထူးကို မစွန့်လွှတ်သေးတဲ့ မင်းအောင်လှိုင်ဟာ သမ္မတ ရာထူးကို စတင်တာဝန်ယူချိန်က စလို့ စစ်တပ်ရာထူးကို စွန့်လိုက်ပြီ ဖြစ်ပေမဲ့ တပ်ချုပ်ရာထူးလွှဲအပ်ခဲ့သူ တပည့်ရင်း ရဲဝင်းဦးက တဆင့် တပ်ကိုကြိုးဆွဲနေဦးမှာ သံသယဖြစ်စရာ မလိုပါဘူး။
စိုးဝင်း ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းနဲ့ ပြည်သူ့ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကြီး၊ ဖဆပလခေတ် နိုင်ငံရေးခေါင်းဆောင် ဦးကျော်ငြိမ်းရဲ့ သမီး ဒေါ်ချိုချိုကျော်ငြိမ်း တို့ကို ထည့်သွင်းဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ တို့ကို နစက အဖွဲ့ဝင်တွေအဖြစ် ကာလတခုထိ ထည့်သွင်းခဲ့ပြီး အခုအခါမှာတော့ မန်းငြိမ်းမောင် တဦးသာ ဆက်လက် ပါဝင်နေတာ တွေ့ရပါတယ်။
ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဟာ နေ့စဥ် အုပ်ချုပ်ရေး ကိစ္စတွေမှာ စီမံခန့်ခွဲခွင့် ပါဝင်ခွင့်ရှိတဲ့ အဖွဲ့အစည်းမဟုတ်ပဲ ကြည့်ရှုကောင်းအောင် ဖွဲ့စည်းနေရာပေးထားတဲ့ ရုပ်ပြအဖွဲ့အစည်းတခုသာဖြစ်ပါလိမ့်မယ်။
စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေ ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ထဲမှာ လက်ရှိတာဝန်ယူထားတဲ့ ဗိုလ်ချုပ်တွေနဲ့သာ နိုင်ငံရဲ့ နိစ္စဓူဝ ကိစ္စရပ်တွေကို စီမံခန့်ခွဲမှာဖြစ်ပြီး နိုင်ငံရဲ့ ကံကြမ္မာက အကောင်းဘက် ဦးတည်ဖို့ အလားအလာ နည်းပါးနေဆဲလို့သာ သုံးသပ်ကောက်ချက်ချရမဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar