၂၀၂၄ ခရစ်နှစ် အကုန် မှာ ဖြစ်စေချင်တဲ့ ဆန္ဒ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၃၀ မြင်ကွင်း
မိုးမခ၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၄
၂၀၂၄ ခရစ်နှစ် အကုန် မှာ ဖြစ်စေချင်တဲ့ ဆန္ဒ
ခရစ်သက္ကရာဇ် လို့ခေါ်ကြတဲ့ ကမ္ဘာ့နိုင်ငံအများစုသုံး ပြက္ခဒိန်ရဲ့ ၂၀၂၄ ခုနှစ် အကုန် ၂၀၂၅ ခုနှစ်ရောက်ဖို့ နာရီအနည်းငယ် အလိုမှာ တနှစ်တာ ကြုံရ ကြားရတဲ့ အဖြစ်အပျက်တွေကနေ နောက်လာမယ့် နှစ်သစ်မှာ ဘာတွေ မကြုံချင်သလဲ၊ ဘာတွေ ဖြစ်စေချင်သလဲ ဆိုတာစဥ်းစားတွေးတောမိပါတယ်။
နှစ်တနှစ် အကုန် နောက်နှစ်တနှစ် ကူးတယ်ဆိုတဲ့ သဘောကလည်း ပရမတ် သဘောအရတော့ နေ့တနေ့ကူးတယ် ဆိုတာထက် မပိုပါဘူး။ ဖြစ်စဥ်တွေက တရစပ် ဖြစ်ပျက်နေတဲ့ သဘောသဘာဝထဲက ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးရက်နဲ့ ၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံးရက်တွေဟာ ပရမတ်သဘောအရ နေ့တနေ့ ကူးပြောင်းသွားတယ် ဆိုရုံသာဖြစ်ပြီး ပညတ်သဘောအရတော့ အများသတ်မှတ်ထားကြတဲ့ နှစ်တနှစ် ကုန်ပြီးနောက်နှစ်ကို ကူးပြောင်းရောက်ရှိကြတယ်လို့ သတ်မှတ်ယူဆကြတာ ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့် နှစ်ဟောင်းထဲက ဖြစ်စဥ်တွေ ဆက်လက်သယ်ဆောင် ဖြစ်ပျက်နေမယ့်သဘောဖြစ်ပြီး အရေအတွက်အားဖြင့်တော့ နှစ်တနှစ် ပြောင်းလဲသွားပြီ ဆိုတဲ့ အသိ၊ ရေတွက်မှု သဘောလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက်တော့ စစ်ပွဲတွေ ကျယ်ပြန့်စွာ ဖြစ်ပွားလာတဲ့နှစ်၊ စစ်ပွဲနဲ့ ဆက်နွယ်တဲ့ သတ်ဖြတ်မှု၊ လူနေအဆောက်အဦ၊ စီးပွားရေး လုပ်ငန်း၊ ဘာသာရေး အဆောက်အဦအပါအဝင် အများနဲ့ ဆိုင်တဲ့ အဆောက်အဦတွေ ဖျက်ဆီးခံရမှု၊ လုယက်သတ်ဖြတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်မှုတွေ လူလုပ်အကျိုးဆက် အဖြစ်နဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ၊ မိသားစုတွေ၊ ချစ်ခင်ရသူတွေ တကွဲတပြားဖြစ်ကြရတဲ့ ဖြစ်စဥ်တွေ၊ စစ်ပွဲထဲ ဆွဲသွင်းခံရတဲ့ လူငယ်တွေ စတဲ့ အနုတ်လက္ခဏာ သဘောဆောင်တဲ့ ဖြစ်ရပ်တွေက အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ရပ်တွေထက် အဆများစွာ ဖြစ်ပျက်ခဲ့တဲ့ နှစ်လို့ ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။
သဘာဝဘေးအန္တရာယ် ကျရောက်ချိန် လူအချင်းချင်း ကူညီရိုင်းပင်းမှု၊ စစ်ဘေးစစ်ဒဏ်ကြား မိမိအသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ ကယ်ဆယ်မှု၊ ကူညီစောင့်ရှောက်တဲ့ အဖြစ်အပျက်တွေက အပြုသဘောဆောင်တဲ့ အဖြစ်အပျက်တွေ အားတက်စရာ အကြောင်းအရာတွေ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ နိုင်ငံ့ကာကွယ်ရေး တာဝန်သာရှိတဲ့ စစ်တပ်က မြန်မာ့နိုင်ငံရေးမှာ ဆယ်စုနှစ် ၆ခုနီးပါး အာဏာကို လွှမ်းမိုးထိန်းချုပ်လာမှုအပေါ် လက်နက်ကိုင် နည်းလမ်းနဲ့ တုံ့ပြန်ဆန့်ကျင် တိုက်ခိုက်မှုတွေ အရှိန်ပြင်းထန်လာတဲ့ ၂၀၂၄ ခုနှစ် တနှစ်လုံး မြန်မာနိုင်ငံက လူထုတွေအဖို့ အသက်ရှင်သန်ရေးနဲ့ စားနပ်ရိက္ခာလုံလောက်မှုရှိဖို့ အသက်မွေးဝမ်းကျောင်း အလုပ် ဆက်လက်လုပ်ကိုင်နိုင်ဖို့ စတဲ့ ရွေးချယ်မှုတွေအကြား ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီး ရင်ဆိုင် ဖြတ်သန်းခဲ့ကြရတာ ဖြစ်ပါတယ်။
မြို့တမြို့နဲ့ တမြို့ဆက်သွယ်ထားတဲ့ လမ်းတွေ ဖြတ်တောက်ပိတ်ဆို့ခံရတာ၊ ဆက်သွယ်ထားတဲ့ လမ်းတွေပေါ်က တံတားတွေ ဖောက်ခွဲခံရပြီး ကျိုးပျက်သွားတာကြောင့် စစ်ဘေးရှောင်တိမ်းရှောင်သူတွေ အနေနဲ့ တောလမ်းတွေ၊ ခက်ခဲတဲ့ သဘာဝအတားအဆီးတွေ၊ လက်နက်အန္တရာယ်၊ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေ အကြား ထွက်ပြေးတိမ်းရှောင်ရတဲ့ အဖြစ်တွေ ကုန်လွန်ခါနီး ၂၀၂၄ ခုနှစ်ထဲ တွေ့ကြုံခဲ့ကြရပါတယ်။ မြို့တွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး ခက်ခက်ခဲခဲ တိမ်းရှောင်ရသူတွေ အဖြစ်က အန္တရာယ်များသလိုပဲ မြို့ကနေ ထွက်ပြေးတိမ်းရှောင်ဖို့ မဖြစ်နိုင်တဲ့ အချို့သော မြို့နေလူထုတွေအဖို့လည်း လက်နက်ကြီးကျည်တွေ ကျရောက်နေတဲ့ အကြား၊ လုယက်ဖောက်ထွင်းမှုနဲ့ ရိက္ခာပြတ်လပ်မှုတွေအောက်မှာ ခက်ခဲကျပ်တည်းစွာ နေထိုင်ကျော်ဖြတ်ခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေတွေအောက်မှာ သေဆုံးခဲ့ရင်တောင်မှ ကောင်းမွန်စွာ သဂြိုဟ်မြှုပ်နှံဖို့ မလွယ်ကူတဲ့ အနေအထား၊ လမ်းတွေ အိမ်တွေထဲ ဒီအတိုင်းစွန့်ပစ်ခံထားကြရတဲ့ သေဆုံးသူတွေ၊ အလောင်းတွေကို ခွေးတွေဆွဲတဲ့ မြင်ကွင်းတွေ၊ အရပ်သားတွေကို လက်နက်ကိုင် အဖွဲ့ဝင်တွေ အဖြစ် စွပ်စွဲ သတ်ဖြတ်ကာ တစစီ ဖြတ်တောက်ပြီး လူမြင်ကွင်းမှာ ထားခဲ့တဲ့ အဖြစ်တွေက ၂၀၂၄ ခုနှစ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ထိခိုက်ဖွယ်ရာ မြင်ကွင်းတွေ ဖြစ်ပါတယ်။ ဘဝမှာ တကြိမ် ကြုံတွေ့ရရင်တောင် များလွန်းလှတယ်လို့ မှတ်ယူရမယ့် လူမှုအသိုင်းအဝိုင်းမှာ ဖြစ်ပျက်ခဲ့တယ်လို့တောင် မယူဆလိုတဲ့ ဖြစ်ရပ်တွေ ၂၀၂၄ ခုနှစ်ထဲမှာ ဖြစ်ပျက်ခဲ့တာပါ။
လာမယ့်နှစ်မှာ မြန်မာနိုင်ငံက လူထုအဖို့ အထက်က ဖြစ်ရပ်တွေထဲကနေ အေးချမ်းသာယာတဲ့ မိမိတို့အလုပ်ကို မိမိတို့ ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နိုင်တဲ့ အခြေအနေကို ချက်ခြင်းပြောင်းလဲရောက်ရှိဖို့ မျှော်လင့်ရင် စိတ်ကူးယဥ်ရာကျလိမ့်မှာ ဖြစ်ပေမယ့် ၂၀၂၄ ခုနှစ်ထက် ပိုမိုဆိုးရွားတဲ့ ဖြစ်ရပ်တွေကို ထပ်မကြုံတွေ့ကြရဖို့ အာဏာ၊ လက်နက် လက်ဝယ်ရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အလေးအနက်စဥ်းစား လုပ်ဆောင်ကြဖို့တော့ တောင်းဆိုလိုကြလိမ့်မှာ အမှန်ပဲဖြစ်ပါတယ်။
လက်နက်ကိုင်တပ် အင်အားနဲ့ နယ်မြေထိန်းချုပ်စိုးမိုးမှုသာလျင် အရာရာမှာ အဆုံးအဖြတ်မဟုတ်ပဲ အနာဂတ်လူမှုအဖွဲ့အစည်း ထူထောင်ကြရမှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ယဥ်ကျေးမှုဆိုတဲ့အချက်တွေ အပေါ်မူမတည်ပဲ လူသား ဆိုတဲ့ အခြေခံအပေါ်မူတည် တည်ထောင်ကြဖို့၊ တရားမျှတမှု၊ မိတ်ဆွေ သို့မဟုတ် ရန်သူနယ်မြေ ဘယ်ဒေသမှာ နေထိုင်သည် ဖြစ်စေ၊ အရပ်သားတွေ အားလုံးအပေါ် သာတူညီမျှ သဘောထား ဆက်ဆံမှု ထားရှိကြဖို့ မျှော်လင့်လိုတာ ဖြစ်ပါတယ်။
ပညတ်သဘောအရ ဖြစ်စေ၊ အများ လက်ခံ သတ်မှတ်ကြတဲ့ သဘောအရဖြစ်စေ ၂၀၂၅ နှစ်သစ်မှာ မှားယွင်းခဲ့တဲ့ အမှားတွေ ပြန်လည်ပြင်ဆင်နိုင်ဖို့ အနာဂတ်မှာ ထပ်မမှားကြဖို့၊ မှားယွင်းမှုတွေကို သုံးသပ် ဝန်ခံတတ်ကြဖို့လည်း အဖွဲ့အစည်းတိုင်း၊ လူပုဂ္ဂိုလ်တိုင်းအတွက် အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ နွေဦးတော်လှန်ရေး၏ လှိုင်းလုံးကြီးများထဲမှာ လူးလာကူးခတ်နေကြတဲ့ မြန်မာပြည်သူတွေအတွက်ကတော့ ၂၀၂၄ ခုနှစ်မှာ ကြုံတွေ့ခဲ့ကြရတာတွေကနေ သင်ခန်းစာယူပြီး ၂၀၂၅ အတွက် မိမိတို့၏ တဦးချင်းကနေ မိသားစုအဆင့် အဲသည်ကနေ အသိုင်းအဝိုင်းများအဆင့် ပြီးတော့ နိုင်ငံတော်အတိုင်းအတာနဲ့ လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ ချမှတ်နိုင်ကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar