ဖလော်ဒါဟန် - အတွေးပုံရိပ်များ
ဖလော်ဒါဟန် - အတွေးပုံရိပ်များ
(မိုးမခ) ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၅
မထင်မှတ်ဘဲ သတင်းတခုက ကျွန်မမျက်ဝန်းမှာ မျက်ရည်တွေ အလိုလို စီးကျခွင့်ရချိန် သူမက သံတိုင်များရဲ့ နောက်ကွယ်မှာ ရှိနေခဲ့ပြီ။
အဆက်အသွယ်မရတဲ့ ရက်တွေမှာ မတွေ့မမြင်ခဲ့ဖူးပေမဲ့ တစုံတရာသောအကြောင်းနဲ့ သူမနဲ့ ဆုံဖြစ်ချိန် လက်တကမ်းစာ အစားအသောက်တွေကို သူမ မျှဝေပေးဖူးခဲ့တယ်။
လုံခြုံရေး ဆိုတဲ့ ကြိုတမ်းပေါ်မှာ လမ်းလျှောက်ခဲ့ချိန်မှာပဲ အမျိုးသမီးတယောက်ရဲ့ ဘဝက မထင်မှတ်ဘဲ သံတိုင်များနောက်ကွယ်ကို ရောက်သွားခဲ့ရပါတယ်
ကျွန်မရဲ့ အသံကို သူမ နားထောင်ခွင့် မရသလို သူမရဲ့ အသံနဲ့ ကျွန်မ ဝေးခဲ့ရတာပါပဲ။
အသံများ ပျောက်ဆုံးချိန်မှာဘဲ ဘဝတူသူငယ်ချင်းတွေကို ကူညီခွင့် နောက်ဆုံးခရီးက သံတိုင်များနဲ့အဆုံးသတ်ခဲ့ရလို ဖြန့်ထားတဲ့လက်တွေ အလိုလို နာကျင်စွာလက်ထဲမှာ ဆုပ်ကိုင်ထားမိတယ်။
၂၀၂၂ ခုများဆီက ကျွန်မရဲ့မိတ်ဆွေတယောက် အခုလို လူမသိသူမသိဘဝလေးနဲ့ သံတိုင်များကို အဖော်ပြုနေချိန်ကျွန်မကတော့ လွင်ပြင်ကျယ်ကြီးအောက်မှာ ခရီးနှင်ခဲ့တယ်။
သူမကို ကျွန်မ သိတာဆိုလို အရင်းအဖျား ခေါ်ခဲ့ဖူးတဲ့ နာမည်လေးတလုံးရယ် (နံပါတ်)လေးပါပဲ။
အဆင်မပြေသူ ဘဝပေါင်းများစွာအတွက် အလုပ်တွေ လုပ်ပေးခဲ့ရင်း အခုတော့ သူမအကျဉ်းထောင်မှာပေါ့။
ဒီနေ့ ဒီရက်မှာ သူမအတွက် သတင်းလေးတပုဒ်က ကျွန်မအတွက် တာဝန်မကျေသူအဖြစ် ဖွင့်လှစ်ပြချိန် သူမ မောပန်းနွမ်းနယ်စွာနဲ့ အဖြူရောင်ဝတ်စုံအောက်က မျက်ဝန်းတစုံကို ကျွန်မ ငေးမောချင်မိတယ်။
သူမ ဘာတွေ ပြောချင်နေပါလိမ့်။
တချိန်က အထုပ်ပေါင်းများစွာကို ကားလေးပေါ်တင်ပြီး သူမ ရယ်မောသံတွေနဲ့စကားတွေ ပြောနေချိန်အတိုင်း သူမ စကားတွေ ပြောနေမလား၊ ဒါမှ မဟုတ် သူမ တစုံတရာအတွက် စိုးရိမ်ပူပန်နေမလား။
တကယ်ဆို လှပတဲ့မျက်ဝန်းတစုံကို ကျွန်မ ယနေ့အချိန်မှာ ပြန်လည်တုံ့ပြန်ခွင့် ရချင်လိုက်တာ အခုတော့ အဝေးကနေပဲ တံတိုင်းတွေ ခြားထားတဲ့ အမှောင်ကမ္ဘာမှ သံတိုင်များကို ငေးမောရင်း
တချိန်က မအိ သို့။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar