နိုင်မွန်အောင်သွင် - ကောင်းကင်ကိုပင့်တင်ထားတဲ့မီးခိုးများ
နိုင်မွန်အောင်သွင်
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅
ကျန်တာတွေမပြောနဲ့
လူဆိုတာ။
အရိုင်းဆန်ဆန်
လုယက်တာ
မီးရှို့တာတွေက
နှလုံးသားတိုင်းမှာ ညှော်နံ့ရစေတယ်။
ထင်းခွေလည်း သည်စိတ်
ရေခပ်လည်း သည်စိတ်
အိပ်နေရင်တောင် မြေကြီးကရွေ့နေသလိုပဲ။
တစ်နေ့နေ့
တစ်ကွေ့ကွေ့
မြက်ရိုင်းလွင်ပြင်တွေတွေ့လိုက်
ကောက်ရိုးတွေပွေ့လိုက်နဲ့။
ကိုယ်ချည်တိုင်နဲ့ကိုယ်
ကိုယ်ထင်ရင်ကုတင်ရွှေနန်း
ဒါပေမယ့်
သေပန်းချည်းပွင့်နေတဲ့လမ်းတွေပဲ ထွန်းကားလာခဲ့တယ်။
ဖြေသိမ့်ကြ
ကြွေတဲ့ကြယ်က ကြွေနှင့်ပြီး
ရှင်ကျန်ရစ်ခဲ့တဲ့သူကသာ တငွေ့ငွေ့နဲ့။
ကျန်တာတွေမပြောနဲ့
လူဆိုတာ
ကိုယ်နဲ့ထိုက်တန်တဲ့အလွမ်းကိုပဲ
ကိုယ်ရတယ်။
၁၉.၂.၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar