ကာကွယ်နိုင်တဲ့ နည်းလမ်းမရှိသေးတဲ့ လေကြောင်းတိုက်ခိုက်မှု
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၁ မြင်ကွင်း
မိုးမခ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅
ကာကွယ်နိုင်တဲ့ နည်းလမ်းမရှိသေးတဲ့ လေကြောင်းတိုက်ခိုက်မှု
နေ့စဥ် သတင်းတွေထဲ သေဆုံး ထိခိုက်ဒဏ်ရာရတဲ့ သတင်း၊ အဆောက်အဦတွေ ပျက်စီးတဲ့ မြင်ကွင်းဓာတ်ပုံတွေ မြင်တွေ့နေရတာ မထူးဆန်းတော့သလို ဖြစ်လာနေပါတယ်။ ထိခိုက်သေဆုံးမှုများပြားတဲ့ သတင်းဖြစ်ရပ်တွေဆိုခဲ့ရင် ပရိသတ်ရဲ့ ပိုမိုစိတ်ဝင်စားမှု ရရှိပြီး ထိခိုက်သေဆုံးမှု မရှိတဲ့ သတင်းသို့မဟုတ် တဦးစ နှစ်ဦးစ ထိခိုက်သေဆုံးတဲ့ သတင်းမျိုးဆို သာမန်ဖြစ်နေကျ သတင်းသဖွယ် သိပ်ပြီး အာရုံစိုက်မခံရဘဲ သာမန်သတင်းတွေလို ဖတ်ရှုသွားကြတာမျိုး တွေ့ရမှာ ဖြစ်ပါတယ်။ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ လှုပ်ရှားတဲ့ သို့မဟုတ် သိမ်းယူထိန်းချုပ်ထားတဲ့ ဒေသတွေအနက် လေကြောင်းတိုက်ခိုက်မှုမခံရသေးတဲ့ ဒေသရယ်လို့ မရှိတော့ဘဲ၊ တချိန်က တိုက်ခိုက်ခံရပြီး လတ်တလောမှာ စစ်ကောင်စီနဲ့ ဆွေးနွေး အပစ်ရပ် သဘောတူညီမှုရထားတဲ့ ကိုးကန့်လက်နက်ကိုင် ထိန်းချုပ်ထားတဲ့ ဒေသတွေသာ ရှိတာဖြစ်ပါတယ်။
ခုရက်ပိုင်း ဖေဖေါ်ဝါရီ ၂၀၊ ၂၁ ရက်တွေမှာ ဆိုရင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ထဲမှာ ဗုံးကြဲခံရတဲ့ သတင်းနဲ့ ရှမ်းမြောက်က နောင်ချိုမြို့ ဗုံးကြဲခံရတဲ့ သတင်းတွေ ဖေါ်ပြထားတာတွေ့ရမှာပါ။ နောင်ချိုမြို့ ဗုံးကြဲခံရတဲ့ ဖြစ်ရပ်မှာ သေဆုံးသူမရှိပဲ ဒဏ်ရာရတာလောက်သာ ရှိတယ်လို့ ဖေါ်ပြထားတာတွေ့ရပြီး ရခိုင် ပြည်နယ် ပေါက်တောမြို့နယ်မှာတော့ သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၁၇ ဦးရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ပေါက်တောမြို့နယ်ထဲက သေဆုံးသူတွေဟာ အရပ်သားတွေလို့ သတင်းမှာ ဖော်ပြထားပြီး သေဆုံးသူ ၄ ဦးအနက် ကလေးငယ် ၂ ဦးလည်းပါဝင်တယ်လို့ သတင်းအရ သိရပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း ကလေးငယ်တွေပါဝင်ကြောင်းလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ အခုလို လေကြောင်းတိုက်ခိုက်မှုတွေမှာ လက်နက်ကိုင် အဖွဲ့ဝင်တွေ စခန်းချတဲ့နေရာလိုမျိုး မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး ရုံးစိုက်ရာလိုနေရာမျိုးတွေကိုပစ်မှတ်ထားလေ့ရှိတာတွေ့ရသလို ရပ်ရွာ အုပ်ချုပ်ရေး သို့မဟုတ် လက်နက် ကိုင်အဖွဲ့တွေက ဆင့်ခေါ်တဲ့ အစည်းအဝေးတွေကျင်းပလေ့ရှိတဲ့ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆေးရုံတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတာ သတိပြုမိပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေရဲ့ရည်ရွယ်ချက်က ဘာဖြစ်နိုင်လဲလို့စေ့ငုကြည့်ရင် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် နဲ့ PDF အဖွဲ့တွေကို တိုက်ရိုက်ပစ်မှတ်ထားတိုက်ခိုက်တဲ့ ရည်ရွယ်ချက်၊ အဆိုပါဒေသကိုထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ၄င်းတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ရုံးနဲ့ ဆေးရုံလိုနေရာမျိုးတွေကို အုပ်ချုပ်ရေးကောင်းမွန်စွာမလည်ပတ်နိုင်အောင် တိုက်ခိုက်တဲ့ရည်ရွယ်ချက်နဲ့ လက်နက်ကိုင်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေက ခေါ်ယူတဲ့ စုဝေးမှုတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး၊ နောက်တမျိုးက ရင်ဆိုင်တိုက်ခိုက်နေချိန် လေကြောင်းကနေ ကူညီပစ်ခတ်တိုက်ခိုက်ပေးတာမျိုးတွေ ရယ်လို့ ခွဲခြားနိုင်ပါလိမ့်မယ်။
အချို့သော တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီအနေနဲ့ လက်လွှတ်ဆုံးရှုံးထားရပြီးဖြစ်တဲ့ ဒေသအချို့ကို ပြန်လည် တိုက်ယူသိမ်းပိုက်ဖို့ ရည်ရွယ်ချက်ထားရှိတာဖြစ်နိုင်ပေမယ့် ပေါက်တောမြို့ လေကြောင်းတိုက်ခိုက်မှုလိုမျိုး ကျောက်တော်မြို့ကို ဗုံးကြဲတဲ့ဖြစ်ရပ်လိုမျိုးတွေကတော့ ပြန်လည် သိမ်းယူဖို့မဖြစ်နိုင်တဲ့နေရာဒေသမှာ အုပ် ချုပ်ရေးကို အနှောက်အယှက်ပေးတာ၊ တည်ငြိမ်မှုမရှိအောင် ရည်ရွယ်တိုက်ခိုက်တာသာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ PDF တပ်ဖွဲ့တွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရေးနဲ့ပတ် သက်လို့ အခုချိန်ထိ ထိရောက်တဲ့ခုခံကာကွယ်ရေးစနစ်မရှိသေးဘူးလို့သာဆိုရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီက လက်ရှိအချိန်ထိ အစိုးရတရပ်ရဲ့ကောင်းမွန်တဲ့အရည်အချင်း၊ သဘောထားမျိုးမရှိသည့်တိုင် အချုပ်အချာအာဏာကိုဆုပ်ကိုင်ထားဆဲအစိုးရဆိုတဲ့ နိုင်ငံတကာရဲ့သတ်မှတ်ချက်ဘောင်ထဲရှိနေသရွေ့ ၄င်းကိုဆန့် ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အင်အားစုအနေနဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေကို ငွေ ကြေးတတ်နိုင်သည့်တိုင် ဝယ်ယူဖို့ မဖြစ်နိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ နောက်ဖြစ်နိုင်ခြေ တခုက ပြည်ပနိုင်ငံတနိုင်ငံက စွက်ဖက်ပါဝင်လာပြီး စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေကို အကူအညီပေးတာမျိုး ဖြစ်ပါတယ်။ ခုချိန်ထိတော့ အဆိုပါဖြစ်နိုင်ခြေနဲ့ပတ်သက်လို့ ဘာအလားအလာ အထောက်အထားမှ မတွေ့ရှိသေးပါဘူး။
နိုင်ငံတကာ ပြည်တွင်းစစ်သာဓက တချို့မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ အတိုက်အခံတွေကို အနိုင်မယူနိုင်အောင် တားဆီးဟန့်တားခဲ့တဲ့ သာဓက ဖြစ်ရပ်အချို့လည်း ရှိခဲ့ပြီး ထင်ထင်ရှားရှား သာဓကအနေနဲ့ မကြာခင်က သူပုန်တပ်ဖွဲ့တွေ အောင်ပွဲရသွားတဲ့ ဆီးရီးယားနိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၁ မှာစတင်တဲ့ ပြည်တွင်းစစ်အတွင်း အာဏာရှင် အာဆတ် အစိုးရဟာ သူပုန်တပ်ဖွဲ့တွေရဲ့ ထိုးစစ်ကို ရုရှားအကူအညီနဲ့ လေကြောင်းက တိုက်ခိုက်ပြီး နှိမ်နှင်းခဲ့တဲ့ဖြစ်ရပ်က ထင်ရှားတဲ့ သာဓက ဖြစ်ရပ်တခု ဖြစ်ပါတယ်။ ဒုတိယအကျော့ သူပုန်ထိုး စစ်တွေမှာတော့ ပြည်ပက ထောက်ပံ့မှုလည်း အားကောင်းလာသလို အာဆတ်အစိုးရကို ယခင်အကြိမ်တုန်းက လေကြောင်း ကူတိုက်ခိုက်ပေးခဲ့တဲ့ ရုရှားကလည်း မကူညီခဲ့တော့ရာက အာဆတ်အစိုးရ လျင်မြန်စွာကျဆုံးခဲ့တာ တွေ့ရပါလိမ့်မယ်။
မြန်မာနိုင်ငံကတော့ အထက်ကလို တရုတ်နိုင်ငံက ၄င်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကုန်းတွင်းပိတ် ဒေသတွေက လက်နက်ကိုင်တပ်တွေအပေါ် သြဇာပေးတဲ့ ဖြစ်ရပ်တွေကလွဲရင် ဆီးရီးယားလို ပြည်ပစွက်ဖက်မှုတွေ ထင်ထင်ရှားရှား ရှိမနေဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
EROs တွေနဲ့ PDF တွေ အခုလို အနေအထား အတိုင်း ရှေ့ဆက်လက် ခုခံတိုက်ခိုက်ပြီး နယ်မြေသိမ်းယူရေး ဦးတည်ချက်ကို ဆက်လက်ကြိုးပမ်းနေရင်း လေကြောင်းတိုက်ခိုက်မှုကို ဘယ်လို ကာကွယ်နိုင်မလဲ သို့မဟုတ် ဘယ်လို လျှော့ချနိုင်မလဲ ဆိုတဲ့ မေးခွန်းက ကျေနပ်တဲ့ အဖြေမရှိသေးတဲ့ မေးခွန်းဖြစ်နေဆဲလို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar