အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၅ )
စစ်ထောက်လှမ်းရေးလို စစ်ကောင်စီလို လူယုတ်မာနဲ့ ပေါင်းမိသူတွေဟာ နာမည်ဆိုးကို ခေါင်းပေါ်ရွက်ပြီး အမှား နွံနစ်ကာ အသေဆိုးနဲ့ သေကြတာ ဓမ္မတာပါပဲလေ။
မနက် ၈ နာရီ ကျော်မှ အိပ်ယာထ။ ဒီရက်ပိုင်း နေရ ထိုင်ရတာ စိတ်တွေ လေးနေတယ်။ မီးပျက်ချိန် ပိုများလာတယ်။ A, B, C အုပ်စု သုံးစုခွဲကာ မီးလာချိန် သတ်မှတ်ထားပေမယ့် မီးလာချိန်မမှန်ဘူး။ ရေတင်၊ ရေနွေးတည်၊ ထမင်းချက်ချိန်တွေလဲ မှန်တော့ဘူး။ ဘုန်းကြီးဆွမ်းလောင်းဖို့လဲ အစဉ်မပြေတော့ဘူး။ အိပ်ချိန်၊ စားချိန် တွေလဲ မမှန်တော့ဘူး။
တနေ့ တနေ့ စစ်ကောင်စီ စစ်တပ်က စစ်သားတွေ ထွက်ပြေး၊ တော်လှန်ရေးတပ်တွေဆီမှာ လက်နက်ချ၊ စစ်ရှောင်စခန်းတွေကိုဗုံးကြဲ၊ အဓမ္မ စစ်သားစုဆောင်းတဲ့ သတင်းတွေ ပဲ တက်နေတယ်။ ပိုဆိုးလာတာက အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းတဲ့သတင်းတွေ များလာတာပါပဲ။ အဲဒီသတင်းရဲ့ နောက်ဆက်တွဲသတင်းကတော့ အမျိုးသမီးငယ်များရဲ့ လူပျောက်ကြော်ငြာတွေအဆက်မပြတ် ထွက်ပေါ်လာတာပါ။ အိမ်တိုင်း အိမ်တိုင်း လူတိုင်းလူတိုင်းစိတ်သောကရောက်နေချိန်ပါပဲ။
မနေ့က ကရင်ပြည်နယ် က မဲဗလီ စစ်ကောင်စီ ဗျူဟာကုန်း ကျတဲ့သတင်းတက်လာတယ်။ တင့်ကားတွေ၊ ဟောင်ဝတ်ဇာ အမြောက်တွေ၊ သုံ့ပန်းတွေ ကို တော်လှန်ရေးတပ်တွေက ရလိုက်တယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေမြင်လို့သာ ယုံလိုက်ရတာပါ။ မယုံနိုင်စရာ အောင်မြင်မှုပါ။ စစ်ကောင်စီတပ်ကြီးဟာ ညံ့ဖျင်းစုတ်ပြတ်နေတာ တကယ်ပါ။ စစ်ကောင်စီကို ထောက်ခံတဲ့ လော်ဘီတွေကလဲ မင်းအောင်လှိုင်ကို ဆဲလိုက်ကြတာ မိုးမွှန်နေတာပါပဲ။ ဒီမနက် သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်တယ်။ မဲဗလီ စခန်းနားက ရွာတွေ ပြောင်းပြေးကုန်ကြပြီ။ မဲဗလီစခန်းက အသက်လု ပြေးလာတဲ စစ်သားတွေက နီးစပ်ရာ စခန်းကလေးတွေမှာ ပြန်စုနေကြတယ်။ စစ်ကောင်စီတပ်ကလဲ ပြန်ထိုးစစ်ဆင်ဖို့လုပ်နေတယ်။ အင်အားပြန်စုနေတယ်။ ဒေသခံတွေကတော့ ကျည်လွတ်ရာ ပြေးကြရပြီ။
မြဝတီနယ်စားကြီး စောချစ်သူကတော့ ကျားဖြန့်အရေးကို အကြောင်းပြုပြီး လူသိများနေပါပြီ။ ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်းက မွေးထုတ်လိုက်တဲ့ စောချစ်သူဟာ ကရင်အမျိုးသားသစ္စာဖောက်၊ နိုင်ငံတကာ လူကုန်ကူးမှု တရားခံ၊ မြန်မာစစ်ကောင်စီနဲ့ ထိုင်းအစိုးရတို့ ထိုးကျွေးခံရတဲ့ နယ်ရုပ်ကလေးတရုပ်၊ တရုတ်အစိုးရရဲ့ လိုလားနေတဲ့ အပြစ်သားအဖြစ် ချောင်ပိတ်မိနေပါပြီ။
ကျွန်တော် စဉ်စားမိတာက စစ်ထောက်လှမ်းရေးလို စစ်ကောင်စီလို လူယုတ်မာနဲ့ ပေါင်းမိသူတွေဟာ နာမည်ဆိုးကို ခေါင်းပေါ်ရွက်ပြီး အမှား နွံနစ်ကာ အသေဆိုးနဲ့ သေကြတာ ဓမ္မတာပါပဲလေ။
အန်ကယ် တူမီး
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar