Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျောင်းကြီးဖျက်ကောင်


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျောင်းကြီးဖျက်ကောင်

(မိုးမခ) ဖေဖော်ဝါရီ ၈ ၊ ၂၀၂၅


ဟိုတုန်းကတော့ စစ်တပ်နဲ့ စစ်အုပ်စုတွေက ရဟန်းခံရှင်ပြုအလှူပွဲတို့၊ ရှင် (၁၀၀) တို့၊ ရှင် (၅၀၀) တို့၊ ရှင် (၁၀၀၀) တို့ ပွဲတွေ လုပ်တဲ့အခါကျတော့ တကယ့်သူတော်ကောင်းကြီးတွေအဖြစ် မှတ်တမ်းတင်ကြ၊ သာသနာပြု မင်းကောင်းမင်းမြတ်ကြီးတွေအဖြစ် ပြောစမှတ်ပြုကြတာပေါ့။ အခုတော့ ဒီစစ်အုပ်စုက သူတို့အစွယ်ကို ထုတ်ပြရတဲ့အချိန် ရောက်လာပြီ။ 

 (၁၈) နှစ်ကစပြီးတော့ (၄၀-၄၅) လောက်အထိတောင် ရဟန်းခံခွင့်၊ ရှင်ပြုခွင့် မပေးတော့ဘူး။ အဲလိုမျိုးတရားဝင်ဖြစ်ပြီပေါ့။ အဲဒါကြောင့်မို့လို့လည်း သာသနာဟာ မင်းအပေါ်မှာ တည်တယ်ဆိုပြီးတော့ ဘုန်းကြီးတွေက ရာဇာ ပဓာနံ လုပ်ကြ ပြောကြတာပေါ့။ တကယ်တမ်းက မင်းတိုင်းအပေါ်မှာ တည်တာမဟုတ်ဘူး။ မင်းကောင်းမင်းမြတ်အပေါ်မှာပဲ တည်တာ။ မင်းကောင်းမင်းမြတ်ဆိုတာက လူထုကိုယ်တိုင် ထောက်ခံထားတဲ့၊ ရွေးကောက်တင်မြှောက်ထားတဲ့၊ အသိအမှတ်ပြုထားတဲ့ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့သူမျိုးကို ဆိုလိုတာ။ 

အာဏာဓားပြ ခွေးသွေးဝကို မင်းလို့ ပြောတာမဟုတ်ဘူး။ အဲဒါတွေက အမနုဿ အဓမ္မတွေ။ 

ရဟန်းခံခွင့်မပေး ရှင်ပြုအလှူဗုံးကြဲတာဟာ တနည်းအားဖြင့် ဒါဘာသာရေးလွတ်လပ်ခွင့်ကို ဖျက်ဆီးတာပဲ။ ကျောင်းကြီးဖျက်ကောင်ပဲ။ ဒါ ဘာသာရေးလွတ်လပ်ရေးခွင့် မရှိတာပဲ။ အဲတော့ လွတ်လပ်ခွင့်တွေ၊ အခြေခံလူ့အခွင့်အရေးတွေ၊ ဘာသာရေး လွတ်လပ်ခွင့်တွေကို နားလည်လိုက်နာ ကျင့်သုံး လေးစားတဲ့ မင်းကောင်းမှ သာသနာဆိုတာလည်း အရှည်သဖြင့် ခံမှာ။ အဲလိုမဟုတ်ရင်ကတော့ ဒါမလွယ်ဘူးပေါ့နော်။ ဒါ နမူနာမြင်ရပြီ။ တနိုင်ငံလုံး ဘယ်လောက်ဒုက္ခတွေရောက်လိုက်သလဲ။ 

အခုဆိုရင် နယ်မှာ ဒီလောက် ဒုက္ခသုက္ခ‌တွေကြားထဲက သာသနာ့အမွေခံဖို့ အလှူပွဲတွေ လုပ်ကြတယ်။ စစ်အုပ်စုက အဲဒီအလှူပွဲတွေ ရှာပြီးတော့ ဗုံးကြဲနေတယ်။ ရှင်ပြုအလှူပွဲတွေကို ဗုံးလိုက်ကြဲတာဟာ စစ်အုပ်စုရဲ့ သာဓုအနုမောဒနာဖြစ်နေပြီ။ စိုက်ကြ ပျိုးကြရမှ၊ စီးပွားလမ်းကြောင်းပွင့်မှ၊ အလှူအတန်းက လုပ်နိုင်တာ။ အဲဒီအလှူအတန်းပေးမှ ရှင်သာမဏေ ဆိုတာလည်း ရလာတာ။ အခု ဘာမှမလုပ်နိုင်ဘူး။ စီးပွားတွေလည်း လိုက်ဖျက်၊ စိုက်တာပျိုးတာတွေလည်း လိုက်ဖျက်။ ဒီလိုလုပ်နေတဲ့ ကောင်တွေလက်ထက်မှာ နောက်ထပ် လေး ငါးနှစ် ဒီကောင့်လက်ထဲ ဆက်ရှိရင် သွားပြီ သာသနာက။ ကျောင်းကန်ဘုရားလဲ ဗုံးစာမိလို့ကုန်ပြီ။

မင်းကွန်းမြသိန်းတန် ဆိုရင် တကယ့်ယဉ်ကျေးမှုအမွေအနှစ်။ အဲလိုနေရာမျိုးကို တပ်စွဲပြီးတော့ ခံစစ်လုပ်နေတယ်လေ။ အဲလို ယုတ်ကန်းတဲ့ကောင်တွေ။ ဘယ်နေ့ ပုဂံဘုရားတွေလည်း လက်နက်ကြီးဒဏ် မိမယ်မသိဘူး။ ဒီကောင်တွေ ဘာမှစိတ်မချရဘူး။ ဒီကောင်တွေရှိနေရင် အမျိုးဘာသာ သာသနာ အကုန်စမုံတုံးမှာ။ ယဉ်ကျေးမှုပစ္စည်းတွေအနေနဲ့လည်း စမုံတုံးမှာ။ သာသနာ့ဝန်ထမ်းမျိုးဆက်လည်း စမုံတုံးမှာ။ အခု အကုန် စစ်တိုက်နေရပြီ။

ယာယီအားဖြင့်တော့ စစ်ဖြစ်တယ်ဆိုရင် ကျောင်းတွေမှာ ကိုရင်တွေ၊ ဦးပဉ္စင်းတွေ ပေါလာတာကိုး။ တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်နေတော့ တိုင်းရင်းသား ကလေးငယ်အကုန်လုံးက ပြည်မမှာ လာပြီးတော့ ကိုရင် ဝတ်ကြ၊ သီလရှင်ဝတ်ကြ၊ ရဟန်းဝတ်ကြ ဒီလိုနေရတာကိုး။ ဒါကြောင့်မို့လို့ သာသနာမှာ ရှင်သာမဏေမျိုးဆက်က ရနေတာ။ ဒါပေမဲ့ အဲဒါ နည်းမှန်လမ်းမှန်နဲ့ ရတာမဟုတ်ဘူး။ စစ်မရှိတော့ဘူး၊ စစ်မဖြစ်တော့ဘူး ဆိုတာနဲ့ အဲဒီရေသောက်မြစ်က ပြတ်ထွက်သွားမှာ။ သာသနာကို နည်းမှန်လမ်းမှန်နဲ့ ခိုဝင်လာတဲ့သဘော မဟုတ်ဘူး။ တကယ့်ယုံကြည်မှုစစ်စစ်နဲ့ ရောက်လာကြတာ မဟုတ်ဘူး။ အခြေအနေအရ ဒီနေရာကိုလာမှ ဖြစ်မှာမို့ ရောက်လာကြတာ။ ဒီအဝတ်ကို ဝတ်မှ၊ ထမင်းနပ်မှန်မှာမို့ ဝတ်လာကြတာမျိုး။ သူ့ဒေသနဲ့သူ စစ်ပြီးသွားပြီ၊ အေးဆေးသွားပြီဆိုတာနဲ့ လာဖို့ သိပ်မလွယ်တော့ဘူး။ ပြည်မမှာလည်းပဲ အရင်းအမြစ်တွေက အကုန်ထိခိုက်သွားပြီ။  လူသားအရင်းအမြစ်က တအားထိခိုက်သွားပြီ။ ဒီကောင် ဆက်ရှိနေရင် သာသနာလည်း မချောင်ဘူး။ 

အေးပေါ့၊ နိုင်ငံမချောင်ရင် သာသနာလည်း မချောင်ဘူးပေါ့။ ဒါပါပဲ။ အခုက ပြည်မက ရွာတိုင်းပါ PDFရှိတော့ တိုင်းရင်းသားဒေသကလဲ လာမဝတ်နိုင်။ ပြည်မကလဲ မဝတ်သာ။ အဲဒီကြားထဲ အားခဲဝန်လာမယ့်ဟာကိုလဲ နှောင့်ယှက်ဖျက်။ ခု ကျောင်းကြီးဖျက်ကောင်တွေက ရဟန်းမလုပ်ရ  ဥပဒေထုတ် တားဆီးတဲ့အဆင့် တက်လာကြပြီ။ ဒီသာသနာမပျက် ဘယ်သာသနာပျက်မလဲ။ ဒီသာသနာမှလဲ မဟုတ်၊ ဘယ်သာသနာမဆို လိုက်ဖျက်နေတဲ့ လူသူမဟုတ် အမနုဿတွေလေ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar