တရုတ်နိုင်ငံက မြန်မာ့ပြည်တွင်းရေးကို ဝင်မစွက်ဘူးဆိုတဲ့ ပြောဆိုချက်
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၇ မြင်ကွင်း
မိုးမခ၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၅
တရုတ်နိုင်ငံက မြန်မာ့ပြည်တွင်းရေးကို ဝင်မစွက်ဘူးဆိုတဲ့ ပြောဆိုချက်
အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်တဲ့ မူကို ကျင့်သုံးနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းတွေ ဖြစ်ကြပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ထိန်းသိမ်းစောင့်ရှောက်ရေး အချုပ်အခြာအာဏာတည်တံ့ရေး နဲ့ နယ်မြေ တည့်တံ့ခိုင်မြဲရေးကို တရုတ်နိုင်ငံက အားပေးထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အပေါ် ဆယ်စုနှစ်များစွာကတည်းက သြဇာရှိနေတဲ့ တရုတ်နိုင်ငံအနေနဲ့ လိုအပ်ရင် လိုအပ်သလို ကုန်သွယ်ရေးနဲ့ သော်လည်းကောင်း လူမသိနိုင်တဲ့ လက်နက်ခဲယမ်း ရောင်းချမှု/ထောက်ပံ့မှုတွေ လုပ်ဆောင်နေခဲ့တယ် ခိုင်မာတဲ့ သက်သေအထောက်အထားတွေနဲ့ အများပြည်သူသိအောင် ချမပြနိုင်ပေမယ့် သြဇာပေးတာ၊ သက်ရောက်မှုရှိနေတယ်ဆိုတာကို ကာယကံရှင် လက်နက်ကိုင် အဖွဲ့အစည်းတွေ အပြင် အဆိုပါဒေသကသူတွေက သိရှိထားခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၂ နောက်ပိုင်း နေပြည်တော် နဲ့ ယူနန်ပြည်နယ်တို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင်တက်ရောက်ဖို့ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကို တရုတ်နိုင်ငံက သြဇာသုံး တိုက်တွန်းခဲ့တာ အားလုံးသိရှိပြီပြီး ဖြစ်ပါတယ်။
FPNCC လို့ ခေါ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း နဲ့ အရှေ့မြောက်က လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ နေပြည်တော်မှာကျင်းပတဲ့ ပင်လုံ ငြိမ်းချမ်းရေးညီလာခံလိုမျိုးကို လာတက်ဖို့ တရုတ်နိုင်ငံနယ်မြေထဲနေ လေယာဥ်နဲ့ နေပြည်တော်ကို လာရောက်ခဲ့ကြတဲ့ ဖြစ်စဥ်တွေ ရှိခဲ့တာကို ကြည့်ရင် တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်တဲ့ မြန်မာနိုင်ငံဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် အတိုင်းအတာတခုထိ သြဇာရှိ ဖိအားလည်းပေးနိုင်ခဲ့တာ အခုမှ မဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းကပါ။ အဆိုပါ ဖြစ်ရပ်တွေကို ဖြစ်ပွားစဥ်က မြန်မာစစ်တပ်အနေနဲ့ တရုတ်နိုင်ငံကို သံသယနဲ့ ဆက်ဆံခဲ့သလို မကျေလည်ခဲ့ကြတာအမှန်ပဲ ဖြစ်ပါတယ်။
အဲဒီလို လတ်တလော ဆယ်စုနှစ်တွေမဟုတ်ဘဲ နှစ် ၇၀ ကျော် ပြည်တွင်းစစ် အတိတ် သမိုင်းတွေမှာလည်း တရုတ်နိုင်ငံက ဗမာပြည်ကွန်မြူနစ်ပါတီကို ဆယ်စုနှစ်များစွာ ထဲထဲဝင်ဝင် ကူညီခဲ့တာတွေက စစ်တပ်အနေနဲ့ တရုတ်နိုင်ငံကို မကျေလည်စရာတွေ သမိုင်းနဲ့ချီရှိခဲ့တာ ဖြစ်ပါတယ်။ အခု မကြာသေးတဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမအပိုင်းတုန်းက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေက မြန်မြန်ဆန်ဆန် မြို့တွေ သိမ်းယူနိုင်ခဲ့တာတွေ ဖြစ်ပွားခဲ့တဲ့နောက် စစ်ကောင်စီတပ်တွေက တရုတ်ရဲ့ အားပေးထောက်ပံ့မှု၊ သို့မဟုတ် လက်နက်ရောင်းချပေးမှု ရှိလိမ့်မယ်လို့ သံသယကြီးကြီးမားမား ရှိခဲ့ကြတာပါ။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေတခုလုံး စစ်ကောင်စီလက်ထဲက ကိုးကန့်တပ် MNDAA က သိမ်းယူနိုင်ဖို့ လက်နက်ခဲယမ်းကို တရုတ်နိုင်ငံဆီက ရောင်းချပေးတာ သို့မဟုတ် ထောက်ပံ့ပေးတာ ရှိလိမ့်မယ်လို့ မြန်မာစစ်ကောင်စီတပ်က ယူဆကြ ကောက်ချက်ချထားကြတာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကိုလည်း တရုတ်နိုင်ငံရဲ့ ကြားဝင် ပြောဆိုမှုနဲ့ အပစ်ရပ်ခဲ့ကြတာ ဖြစ်ပြီး လအနည်းငယ်အကြာ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်စတင်ချိန်မှာတော့ တရုတ်နိုင်ငံအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တစတစ အင်အားကြီးလာတာ၊ နယ်မြေပိုပြီးထိန်းချုပ်နိုင်လာတာကို စိုးရိမ်လာပြီး နေပြည်တော်က စစ်ကောင်စီဘက်ကို ပြောင်းလဲ ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒါတွေက တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ ဦးတည်ရာ အပြောင်းအလဲတွေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ပြည်တွင်းရေးဟာ နယ်စပ်တည်ငြိမ်ရေး၊ ရေနံ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ တည်ဆောက်ဖို့ လျာထားတဲ့ ယူနန် ပြည်နယ်နဲ့ ရခိုင်ပြည်နယ် ဆိပ်ကမ်း ကျောက်ဖြူ ရထားလမ်း စတဲ့ အပိုင်းတွေကိုသာ အာရုံစိုက်ပြီး အဆိုပါ စီမံကိန်း၊ အကျိုးစီးပွားတွေ မထိခိုက်စေဖို့ အတွက် ဦးတည်ချက်ထားတဲ့ မူလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ပါဘူးလို့ ဆိုတဲ့ ပြောဆိုချက်က ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ အသုံးအနှုန်းရဲ့ အဓိပ္ပါယ်ကို တရုတ်နိုင်ငံက ဘယ်လိုဖွင့်ဆိုသလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ ၄င်းတို့ နယ်စပ်ဒေသမှာ အခြေစိုက်ကြတဲ့ မြန်မာနိုင်ငံဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် သြဇာသုံးပြီး အပစ်ရပ်ဆွေးနွေးပွဲ လုပ်စေတာမျိုး၊ မြန်မာစစ်ကောင်စီကို မပြိုကွဲအောင် သံတမန်ရေး နဲ့ စစ်လက်နက်ရောင်းချမှုတွေ အတိုင်းအတာတခုထိ ပါဝင် လုပ်ဆောင်တာမျိုးကို ဝင်ရောက်စွက်ဖက်တာလို့ မဖွင့်ဆိုတာလားလို့ လည်း မေးရမယ့် သဘောဖြစ်ပါတယ်။
နောက်တချက်က ၄င်းနဲ့ အိမ်နီးချင်း ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ တရုတ်နိုင်ငံနဲ့ အကျိုးစီးပွားဆန့်ကျင်ဘက်ဖြစ်တဲ့ အနောက်နိုင်ငံတွေရဲ့ သြဇာ မခံကြဖို့၊ ရင်းရင်းနှီးနှီး မနေကြဖို့လည်း တရုတ်နိုင်ငံက လိုလားတာပါ။ မဟာအင်အားကြီးနိုင်ငံတွေရဲ့ သဘာဝ အတိုင်း ၄င်းတို့ အိမ်နီးချင်းနိုင်ငံတွေမှာ ၄င်းတို့နဲ့ ပြိုင်ဘက် နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကို မလိုလားကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီအချက်တွေကြောင့် တရုတ်နိုင်ငံဟာ မြန်မာ့အရေးမှာ ၄င်းနိုင်ငံရဲ့ အကျိုးစီးပွားတွေ ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု ၊ကုန်သွယ်ရေး နဲ့ လုံခြုံရေးတွေကို ထိပါးလာနိုင်တဲ့ စိုးရိမ်မှုကို အခြေခံပြီး မြန်မာနိုင်ငံတွင်းက အစိုးရ၊ လက်နက်ကိုင် အဖွဲ့ တွေနဲ့ လက်တွေ့ကျတဲ့ အပေးအယူ၊ ထောက်ခံမှု၊ ဆုံးမခြင်း နဲ့ ဒဏ်ခတ်ခြင်းတို့ကို မလွဲမသွေ အသုံးပြုနေဦးမှာ ဖြစ်ပါတယ်။ စွက်ဖက်တယ် မစွက်ဖက်ဘူးဆိုတဲ့ ပြောဆိုချက်တွေက သံတမန်ရေးအရ သုံးနှုန်းတာ၊ လိမ်လည်လှည့်ဖျားတာတွေသာ ဖြစ်တယ်ဆိုတာ လက်ရှိ ဖြစ်ရပ်တွေက သက်သေပြနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar