ကောင်းဇေလူ - တရုတ် ကြိုးကိုင်တဲ့ အတုအယောင် ရွေးကောက်ပွဲ၊ မြန်မာပြည်သူ လက်ခံလိမ့်မည် မဟုတ်
ကောင်းဇေလူ - တရုတ် ကြိုးကိုင်တဲ့ အတုအယောင် ရွေးကောက်ပွဲ၊ မြန်မာပြည်သူ လက်ခံလိမ့်မည် မဟုတ်
(မိုးမခ) ဖေဖော်ဝါရီ ၈ ၊ ၂၀၂၅
ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုတွေ မမေ့မလျော့သင့်တဲ့ အချက်က ကွန်မြူနစ်အာဏာရှင် တရုတ်အစိုးရရဲ့ လက်ရဲဇက်ရဲ ဝင်ရောက်စွက်ဖက်နေမှု ဖြစ်တယ်။ မြန်မာ့အရေး မငြိမ်းမအေးဖြစ်နေရတဲ့ အဓိက တရားခံဟာ အကြမ်းဖက်စစ်ကောင်စီ ဖြစ်တာ မှန်ပေမယ့် အခြေအနေကို ဆိုးသည်ထက်ဆိုးအောင် မီးလောင်ရာ လေပင့်လုပ်နေသူက တရုတ်ကွန်မြူနစ် အာဏာရှင်စနစ် ဖြစ်တာကို မမေ့ဖို့ လိုတယ်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများအနေနဲ့ အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကြပါလို့ တရုတ်က တိုက်တွန်းနေတယ်။ ဒါပေမဲ့ စစ်ရာဇ၀တ်မှုတွေ အဆက်မပြတ် ကျူးလွန်နေတဲ့ မင်းအောင်လှိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် လူသတ် မီးရှို့ ဗုံးကြဲနေမှုများ ရပ်တန့်ဖို့ တရုတ်နိုင်ငံက လုံးဝ ဟန့်တားမှု မလုပ်တာဟာ တရုတ်ရဲ့ ဘက်လိုက်မှုသဘောထား ဖြစ်တယ်။
ဒါကြောင့် တရုတ် တိုက်တွန်းနေတဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဆိုတဲ့နည်းလမ်းဟာ မင်းအောင်လှိုင် ပြုသမျှ နုလိုက်ကြလို့ ပြောနေခြင်းပဲ ဖြစ်တယ်။ တရုတ်ရဲ့ သဘောထားက တနည်းအားဖြင့် မင်းအောင်လှိုင်ဟာ တရုတ်ရဲ့ လက်ဝေခံ ရုပ်သေး ဖြစ်တယ်၊ မြန်မာပြည်ဟာ တရုတ်ရဲ့ ကိုလိုနီဖြစ်တယ်လို့ သွယ်ဝိုက်ပြောလိုက်ခြင်း ဖြစ်တယ်။ တော်လှန်ရေး သတိရှိကြဖို့ အလွန်အရေးကြီးနေပြီ ဖြစ်တယ်။
လက်ရှိ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် အနေနဲ့ သူ့ရှေ့က တရုတ်နိုင်ငံခေါင်းဆောင် တိန့်ရှောင်ဖိန် (Deng Xiaoping) စကားကို ပစ်ပယ်လိုက်ပြီလားလို့ မေးခွန်းထုတ်စရာဖြစ်နေတယ်။ တရုတ်နိုင်ငံအနေနဲ့ မဟာအင်အားကြီးနိုင်ငံ၊ မင်းဆိုးမင်းညစ် အုပ်ချုပ်တဲ့နိုင်ငံ၊ ဖိနှိပ် ဗိုလ်ကျ စိုးမိုးတဲ့နိုင်ငံ၊ မတရားအမြတ်ထုတ် အညွန့်ခူးစားတဲ့နိုင်ငံအဖြစ် အသွင်ပြောင်းသွားခဲ့မယ်ဆိုရင် နိုင်ငံတကာပြည်သူတွေအနေနဲ့ တရုတ်ပြည်သူတွေနဲ့ လက်တွဲကာ နယ်ချဲ့ဝါဒကျင့်သုံးတဲ့ နိုင်ငံအဖြစ် ဖော်ထုတ်ဖွင့်ချ တွန်းလှန်ပစ်ကြဖို့လိုကြောင်း ၁၉၇၄ ကုလအထူးညီလာခံမှာ တိန့်ရှောင်ဖိန် ပြောကြားခဲ့ဖူးတာ ပြန်ပြောင်း သတိပေးချင်တယ်။
"China is not a superpower, nor will she ever seek to be one. If one day China should change her color and turn into a superpower, if she too should play the tyrant in the world, and everywhere subject others to her bullying, aggression and exploitation, the people of the world should identify her as social-imperialism, expose it, oppose it and work together with the Chinese people to overthrow it." ( Deng Xiaoping: 1974 Special Session of the U.N. General Assembly)
စစ်ကောင်စီ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ အဓမ္မစစ်သားစုဆောင်းတာတွေကြောင့် မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝ အလွန်အမင်းထိခိုက်ပျက်စီးနေပြီ ဖြစ်တယ်။ ပြည်တွင်းမှာတင်မက ပြည်ပနိုင်ငံတွေအထိ နေရပ်စွန့်ခွာမှု စစ်ဘေးရှောင်မှုတွေ တိုးတက် များပြားလာနေတယ်။ အာဆီယံဒေသတွင်း မတည်ငြိမ်မှုတွေ တိုးပွားလာနေပြီး အခြေအနေ ပိုမိုဆိုးရွားနေတယ်။ မြန်မာပြည်သူတွေ လက်ရှိ ခံစားနေရတဲ့ အတိဒုက္ခတွေကို အမြန်ဆုံးကုစားနိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ တိုင်းရင်းသားအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ထိထိရောက်ရောက် ပံ့ပိုးကူညီပေးဖို့ လိုအပ်နေပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချင်းညီနောင်အဖွဲ့တို့က ၂၀၂၅ ဖေဖော်ဝါရီ ၃ ရက်မှာ ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးရောင်းချနေမှုနဲ့ သံတမန်ရေးရာအရ အသိအမှတ်ပြုဆက်ဆံနေမှုတွေ ချက်ချင်း ရပ်တန့်ဖို့လည်း နိုင်ငံရေးအင်အားစုတွေက တောင်းဆိုထားတာတွေ့ရတယ်။ အာဏာသိမ်း စစ်အုပ်စုဟာ မြန်မာနိုင်ငံ ပြိုကွဲမယ့် အခြေအနေကို တွန်းပို့ဖန်တီးနေတဲ့ အဓိကတရားခံဖြစ်တဲ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မဖြစ်မနေတာဝန်ခံရမယ်လို့လည်း နိုင်ငံရေး အင်အားစုတွေက ကြေညာထားတာတွေ့ရတယ်။ (DVB သတင်း)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်အထိ စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သား ၆,၂၃၉ ယောက် သေဆုံးခဲ့ကြောင်း ဖော်ပြထားတာတွေ့ရတယ်။
Airbus ကုမ္ပဏီအနေနဲ့ တရုတ်ကုမ္ပဏီနဲ့ စီးပွားရေးဆက်ဆံမှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာစစ်အုပ်စုကို လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချမှုကို တားမြစ်ပြီး အရေးယူဆောင်ရွက်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၃၆၁ ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုထားတယ်။ လေယာဉ်ထုတ်လုပ်တဲ့ Airbus ကုမ္ပဏီနဲ့ AVIC (Aviation Industry Corporation of China) တို့ရဲ့ စီးပွားရေးဆက်ဆံမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့လည်း နယ်သာလန်အစိုးရကို မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၆၁ ဖွဲ့က လက်မှတ်ရေးထိုးပြီး အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရတယ်။ ဒီအိတ်ဖွင့်ပေးစာကို ဖေဖော်ဝါရီ ၅ ရက် နေ့စွဲနဲ့ ပေးဖို့ခဲ့တာဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) က သတင်းထုတ်ပြန်ထားတယ်။
စစ်အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ၂၄၅ ကျောင်းထက်မနည်း ရှိခဲ့ပြီး ဆေးရုံနဲ့ ဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ၃၄၀ ကျော် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖော်ပြထားတယ်။ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရသူ ဦးကျော်ဇော်က ဖေဖော်ဝါရီ ၄ ရက်မှာ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားတဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့ကြောင်း သိရတယ်။ ပညာရေးနဲ့သက်ဆိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကြောင့် ကျောင်းသား ကျောင်းသူ ဆရာ ဆရာမ စုစုပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရပြီး သေဆုံးသူတွေထဲမှာ ၁၈ နှစ်အောက် ကလေး ၈၈ ဦးပါဝင်ကြောင်း၊ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကျန်းမာရေး၀န်ထမ်း CDM ၁၃၃ ဦး အသက်ပေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃၅ ဦး ရှိခဲ့ကြောင်း ဦးကျော်ဇော်က ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ဇန်နဝါရီ တလအတွင်းမှာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက လူငယ် ၇၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ Rangoon Scout Network နဲ့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။၏ ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၄၇၅ ယောက်ရှိပြီး ၅၈ ယောက်က ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်တဲ့ ၃၉၇ ယောက်ရဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုတယ်။ စစ်မှုထမ်းဥပဒေ အသက်သွင်း အကောင်အထည်ဖော်ပြီး ၁ နှစ်နီးပါး အတွင်း စစ်မှုထမ်း ၄ သောင်းဝန်းကျင် အတင်းအကျပ် စုဆောင်းခံခဲ့ရတယ်။ စုဆောင်းခံရတဲ့ တပ်သားသစ်တွေကို လက်တွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ ကချင် စတဲ့ စစ်မျက်နှာတွေကို ပို့ဆောင်ခဲ့ရတယ်။ တပ်သားသစ်တွေ အများအပြား သေသူသေ အဖမ်းခံရသူ အဖမ်းခံနေရ ဖြစ်နေတယ်။ လက်ရှိမှာ တပ်သားသစ်တွေ အများအပြား လက်နက်ယူထွက်ပြေး CDM လုပ်မှုတွေ ခပ်စိပ်စိပ် တွေ့လာရတယ်။
တဖက်မှာလည်း စစ်မှုမထမ်းမနေရ ဥပဒေက စစ်အာဏာရှင်ရဲ့ တပ်ထဲ ဆွဲသွင်းခံရမယ့် အဖြစ်ကို ဘယ်လိုမှ လက်မခံနိုင်သူတွေ အနေနဲ့ အချို့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ PDF တပ်သားတွေ ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအထဲ သို့မဟုတ် အိမ်နီးချင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေကို တရားဝင် ဖြစ်စေ တရားမဝင်ဖြစ်စေ ရတဲ့နည်းနဲ့ ထွက်ခွာနေကြတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေက စစ်အာဏာရှင်အောက်မှာ ဘယ်သူမှ တာဝန်မထမ်းချင်ကြောင်း သက်သေပြနေပါတယ်။
စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ပြီးတဲ့နောက် စစ်ကောင်စီက စစ်မှုထမ်းအကျုံးဝင်တဲ့သူတွေ အားလုံးကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် OWIC အသစ်လုပ်ခွင့်နဲ့ ပြည်ပထွက်ခွင့်ကို ပိတ်ပင်ထားခဲ့ကြောင်း သတင်းတွေအရ သိရတယ်။ ဒီအချက်ဟာ မြန်မာလူငယ်တွေရဲ့ အနာဂတ်ကို ဆိုးဆိုးရွားရွား ပိတ်ဆို့ဖျက်ဆီးလိုက်ရာရောက်ပါတယ်။ ဒါတင်မက နိုင်ငံရဲ့ အနာဂတ်ကာလ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်လည်း ဖြစ်တယ်။ လူငယ်များနဲ့အတူ နိုင်ငံရဲ့ အနာဂတ်ကို အမှောင်ချောက်အတွင်း တွန်းချလိုက်တဲ့သဘောပါပဲ။ စစ်ကောင်စီရဲ့ စေတနာဟာ အလွန်ဆိုးယုတ်ကြောင်း ပေါ် လွင်နေတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိပါ။ ဒီ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေဟာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ မဟုတ်ပါ။ အတုအယောင်ရွေးကောက်ပွဲကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေတာဟာ မြန်မာနိုင်ငံ ပြိုကွဲမှုကို ဦးတည်စေပြီး ပဋိပက္ခတွေကိုသာ တိုးပွားလာစေမှာဖြစ်တယ်။ အကျိုးဆက်အဖြစ် ဒေသတွင်းမတည်ငြိမ်မှုတွေ ပိုမိုပေါ်ပေါက်လာစေမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ False Elections အတွက် ပူးပေါင်းပါဝင်တာ၊ ပံ့ပိုးကူညီတာ၊ အသိအမှတ်ပြုတာတွေ မလုပ်ကြဖို့ တိုက်တွန်းထားတာ တွေ့ရတယ်။
ဒီအတောအတွင်း KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မြန်မာနိုင်ငံမှာ သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တော်လှန်ရေးမဟာမိတ်တွေ အချင်းချင်းလက်တွဲကူညီဖေးမဖို့ လိုအပ်ကြောင်း၊ အချင်းချင်းကြားမှာ ပြဿနာ မဖြစ်ရေးအတွက် စောင့်ထိန်းကာကွယ်ကြဖို့ လိုကြောင်း KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားလိုက်တာ တွေ့ရတယ်။ ဖေဖော်ဝါရီ ၅ ရက်မှာ ကျရောက်တဲ့ ကချင်တိုင်းရင်းသားတွေရဲ့တော်လှန်ရေး (၆၄) နှစ်မြောက်အထိမ်းအမှတ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်တယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်နိုင်ဖို့နဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရှိတဲ့ ပြည်ထောင်စုနိုင်ငံတော် ဖြစ်ပေါ်လာရေးအတွက် လက်တွဲသင့် လက်တွဲထိုက်သူအားလုံးနဲ့ ပူးပေါင်းအားထုတ်ကြိုးစားနေတာကြောင့် ကချင်တမျိုးသားလုံးဟာ တွေဝေနေခြင်း မရှိဘဲ သမိုင်းကြွေးမတင်အောင် အတူတကွစည်းလုံး အားထုတ်ကြဖို့လည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းထားတယ်။ ထူးခြားတဲ့ သဘောထားဖော် ပြချက်တခုကိုလည်း တွေ့ရတယ်။
“မြန်မာနိုင်ငံထဲက နိုင်ငံရေးပါတီကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ ပြည်သူတွေရဲ့ အကျိုးကို အခြေပြုပြီး ပြည်သူဘက်ရပ်တည်တဲ့ပါတီနဲ့ စစ်တပ်ဘက်ရပ်ပြီး စစ်တပ်နိုင်ငံရေး ရပ်တည်ချက်ကို ခိုင်မာစေတဲ့ နိုင်ငံရေးပါတီတွေဆိုပြီး ၂ မျိုးရှိတာကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ နိုင်ငံရေးပါတီတွေအားလုံး ပြည်သူတွေဘက် ရပ်တည်ပြီး ပြည်သူတွေအကျိုးအတွက် အခြေပြုပြီးထမ်းဆောင်တဲ့ နိုင်ငံရေးပါတီတွေ ဖြစ်လာအောင် ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ ရပ်တည်စေချင်ပါတယ်။ စစ်ကောင်စီနဲ့အတူ ကျရှုံးတဲ့ နိုင်ငံရေးပါတီတွေ မဖြစ်သွားအောင် ပြောင်းလဲကြဖို့ အမြင်သဘောထားပေးလိုပါတယ်။” လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းထားတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်သစ်ကူးမိန့်ခွန်း ပြောကြားရာမှာလည်း ကချင်ပြည်နယ်တွင်းရှိ တရုတ်-မြန်မာ နယ်စပ်ဒေသတွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေ အားလုံးနီးပါးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ KIO အနေနဲ့ အဲဒီ သိမ်းပိုက်ထားတဲ့ နယ်မြေဒေသတွေကို အခြေပြုပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို အခိုင်အမာ တည်ဆောက်ထားနိုင်ဖို့ အစီအစဉ်ချမှတ်နေကြောင်း စသဖြင့် ပြောကြားခဲ့တာ တွေ့ရတယ်။ နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို ဆင်ခြင်သုံးသပ်ပြီး တမျိုးသားလုံးလွတ်မြောက်ရေး လုပ်ငန်းစဉ်မှာ ထိထိရောက်ရောက် အသုံးချနိုင်မယ့် အစီအစဉ်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုပါတယ်။
တချိန်ထဲမှာ ထူးခြားတဲ့ နိုင်ငံရေး နိမိတ်ပုံတစ်ခုကတော့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက အမွေဆိုင် အငြင်းပွားမှုရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄) ကိုဒီကနေ့မှာ တတိယအကြိမ် လေလံတင် ရောင်းချပေမဲ့ ၀ယ်ယူသူမရှိခဲ့ဘဲ လေလံပွဲ မအောင်မြင်ပြီးဆုံးခဲ့တဲ့ ဖြစ်ရပါပါပဲ။ ကမာရွတ်တရားရုံး ဆုံးဖြတ်ချက်အရ ဖေဖော်၀ါရီ ၅ ရက်နေ့မှာ လေလံကြမ်းခင်းဈေး ကျပ်ငွေ ၂၉၇ ဘီယီလံနဲ့ တတိယအကြိမ်မြောက် လေလံဆွဲဖို့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အိမ်နဲ့ ခြံကို ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ ပထမကြိမ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျပ်ငွေ ၃၀၀ ဘီလီယံနဲ့ ဒုတိယအကြိမ် ဒီကနေ့မှာတတိယအကြိမ်လေလံတင်ခဲ့ပေမယ့် ဝယ်ယူသူ မရှိတာကြောင့် လေလံပွဲ မအောင်မြင်ခဲ့ပါဘူး။
ရန်ကုန်မြို့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်အကျယ်ချုပ် ချခံခဲ့ရဖူးပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon, အမေရိကန်သမ္မတဟောင်း Barack Obama, အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သမိုင်းဝင်တွေ့ဆုံခဲ့ကြတာလည်း ဒီ နေအိမ်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေးအတွက်အရေးပါတဲ့ အဆောက်အဦတခုဖြစ်တာကြောင့် ဒီခြံဝင်းကြီးကို ထိန်းသိမ်းထားဖို့ ပြည်သူအများက ဆန္ဒရှိနေကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခြံအမှတ် ၅၄ ခြံထဲမှာရှိတဲ့ အဆောက်အအုံတွေကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့အတွက် မည်သူတဦးတယောက်မှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်ဖို့ကို တားမြစ်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။(VOA Burmese)
လက်ရှိ မြန်မာ့အရေးကို အထက်ဖော်ပြပါ အချက်အလက်တွေနဲ့ ချိန်ထိုးကြည့်ရင် ပြည်သူလူထုတရပ်လုံးဟာ စစ်အာဏာသိမ်းမှုကို တညီတညွတ်ထဲ ဆန့်ကျင်ကြတာတွေ့နိုင်တယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ ကို တခဲနက် လက်မခံကြောင်း ထင်ရှားနေတယ်။ စစ်ကောင်စီခေါင်းဆောင်က သူ့ရဲ့နိုင်ငံရေးထွက်ပေါက်ရရေးအတွက် ရွေးကောက်ပွဲ ကျင်းပဖို့ အစဉ်တစိုက် ကြိုးပမ်းနေတာဖြစ်တယ်။ တရုတ်နဲ့ အာဆီယံအဖွဲ့ဟာ စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှု အမြောက်အမြား ကျူးလွန်နေတာကို မသိကျိုးကျွံလုပ်ပြီး မင်းအောင်လှိုင်ကို ပံ့ပိုးနေတယ်။ တရုတ်နဲ့ အာဆီယံတို့ဟာ မြန်မာပြည်သူတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရတာကို စာနာမှုမရှိဘဲ လက်ပိုက်ကြည့်နေကြတယ်။ အခု အကြမ်းဖက် စစ်ကောင်စီရဲ့ ထွက်ပေါက်အဖြစ် လုပ်မယ့် ၂၀၂၅? ရွေးကောက်ပွဲအတုကို တရုတ်-အာဆီယံတို့က အားပေးနေတာ သတိပြုကြရမယ်။
ထိုင်းနိုင်ငံအပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံတွေဟာ မြန်မာ့အရေးအတွက် မြန်မာပြည်သူတွေဘက်က ထောက်ခံမှု မပြုဘဲ အာဏာရှင် စစ်အစိုးရတွေဘက်ကပဲ အမြဲရပ်တည်နေကြမယ်ဆိုရင် သမိုင်းရဲ့ ဒဏ်ခတ်မှုကို တွေ့ကြရပေလိမ့်မယ်။ အခုအချိန်အထိ တရုတ်-အာဆီယံနိုင်ငံတွေက မြန်မာစစ်ဘေးသင့်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီ ထိထိရောက်ရောက် မပေးခဲ့ဖူးဘူး။ တရုတ်နဲ့ အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးမှာ မြန်မာပြည်သူတွေဘက်က မရပ်တည်ဘဲ၊ စစ်ကောင်စီဘက်က ရပ်တည်ခဲ့တာဟာ အလွန်စိတ်ပျက်ဖွယ် နိုင်ငံရေးအရ ကိုယ်ကျိုးရှာမှု ဖြစ်တယ်။ သူတို့အနေနဲ့ ကိုယ်ကျိုးစီးပွားကိုသာ ပဓါနထားခဲ့ကြတဲ့အတွက် သူတို့ရဲ့ မြန်မာ့အရေး မူဝါဒတွေဟာ အခြေအမြစ်မရှိတဲ့ အညံ့စားမူဝါဒတွေ ဖြစ်နေတာ တွေ့ရတယ်။
မြန်မာတော်လှန်ရေးအင်အားစုတွေကတော့ တရုတ်-အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကို မကူညီချင်ရင်နေပါ မနှောက်ယှက်ပါနဲ့လို့ သတိပေးချိန်ရောက်ပါပြီ။ အိမ်နီးချင်းကောင်းတွေအဖြစ်နဲ့ နေချင်ရင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အားပေးအားမြှောက် မလုပ်ဖို့ ကြံရာပါ မလုပ်ဖို့ သတိပေးချိန်တန်ပါပြီ။ မြန်မာတော်လှန်ရေးဘက်တော်သားတွေအနေနဲ့လည်း သွေးစည်းညီညွတ်ရေးသည် ပထမ၊ ဒုတိယ၊ တတိယ ဖြစ်ကြောင်း သတိချပ်ကြရမှာ ဖြစ်တယ်။ ပြည်သူတွေရဲ့ ထောက်ခံမှု ပြည့်ပြည့်ဝဝ ရရှိထားတဲ့အတွက် နွေဦးတော်လှန်ရေး အောင်ပွဲကို ဒီနှစ်အတွင်း မလွဲမသွေ မြင်ရမယ်လို့ ယုံကြည်ပါတယ်။ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးအပြတ် ချေမှုန်းနိုင်မှသာ တိုင်းရင်းသားပြည်သူအားလုံးရဲ့ လူမှုဘ၀တွေ လွတ်မြောက်နိုင်မှာ ဖြစ်တယ်။ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို မသေမရှင် ထားခဲ့မိရင် တချိန်မှာ အကြီးအကျယ် နောင်တရစရာ ဖြစ်ပါလိမ့်မယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar