မောင်ဘဦး - '' စောက်တပ်...လ- လီး"
'' စောက်တပ်...လ- လီး"
မောင်ဘဦး
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅
"ချောက်တပ်... လ-လီး...။ ချောက်တပ်... လ-လီး..."
အနောက်ဖက်အိမ်က ကလေး ဟစ်အော်လိုက်သံ ဖြစ်၏။ ဆော့ကစားနေရင်းက စကစစစ်တပ်ကို အော်ဆဲနေသည်ထင်၏။
အနောက်မြောက်ချောင့် ကွက်သစ်ထဲက၊ ရုတ်ရုတ်-ရုတ်ရုတ်, ကြိတ်ကြိတ်-ကြိတ်ကြိတ် ခပ်အုပ်အုပ်အသံတွေ ကြားရသလိုလို။ ပြေးကြလွှားကြသည့် အသံတွေတော့ မဟုတ်။
အနောက်မြောက်ဖက် ကောင်းကင်ဆီမှ ပရစ်သံလိုလို နကျယ်ကောင် မြည်သံလိုလို ဂျီဂျီ-ဂျီဂျီ အသံကြီး ကြားလိုက်ရသည်။
"ချောက်တပ်...လ-လီး...။ ချောက်တပ်...လ-လီး..."
သဘောပေါက်လိုက်ပါပြီ။ စက်တပ်လေထီး။ ပါရာမိုတာ။ ကျေးဇူးတင်ပါတယ် ကလေးရေ။ ဆော့ကစားတာ ရပ်ကြ။ ဘယ်မှ ထွက်မပြေးကြနဲ့။ အကာအကွယ် ထုကောင်းကောင်း၊ ဗုံးခိုကျင်းလို လုံခြုံတဲ့နေရာမှာ ငြိမ်ငြိမ် ကုပ်နေကြ။
"ရှင်မရေ၊ တိုက်ထဲဝင်ဟေ့။ ပါရာမိုတာ လာနေပြီ။"
"အုန်း။ ဂျီဂျီ ဂျီဂျီ၊ ဂျီဂျီ ဂျီဂျီ။ ဝုန်း ဝရုန်း-ဟုန်းဟုန်ဟုန်း "
ဗုံးသီး ချလိုက်သံ ကြားလိုက်ရ၏။ အရှေ့တောစပ်လောက်စီ၌ ကျကွဲသံကြားလိုက်ရပြီး၊ မရှေးမနှောင်းပင် ရွာလယ်လောက်စီက နားကွဲမတတ် ပေါက်ကွဲသံကြီးကို ကြားရ၏။ ၁၄" အုတ်ရိုးကာ ရှေးအဆောက်အဦဖြစ်သည့် မောင်ဘဦးတို့ တိုက်အိမ်ပင်လျှင် မြေကြီးပေါ်မှ ကျွတ်ထွက်၊ မြောက်တက်သွားပြီလား ထင်ရ၏။
အိမ်ခေါင်မိုးပေါ်တွင်မူ၊ ငယ်ငယ်တုန်းက ကလေးဘဝ၊ 'မဲဇလီ-သန်းခေါင်ပစ်' ခေါ် တန်ဆောင်မုန်းလပြည့်ညတွင် ...
"သည်လ ဘာလတုန်း၊"
"တန်ဆောင်းမုန်း"
- "ဗြုန်း"-ခနဲ၊ ကနခိုသီး, ကျောက်စရစ်ခဲ များဖြင့် သွပ်မိုးအိမ်များပေါ်သို့ ပစ်ကြဲလိုက်သည့်အသံထက် ၁၀ပြန်၁၀ဆ မကလှသော ကြဲချသလိုမျိုး အသံကြီးကို ကြားရ၏။ ဝမ်းလျားမှောက် ခေါင်းကိုငုံ့ နားပိတ်ထား၊ ကုတင်အောက်ကို တွားသွား၍ဝင်၊ 'ဘုရား ဘုရား' တ,ရုံအပြင် ဘာမှ မတတ်နှိုင်။ နားထဲတွင် ၄-၅ ရက်လောက်ထိ 'ဝုန်း ဝရုန်း-ဟုန်းဟုန်ဟုန်း' အသံကြီးကတော့ ကြားယောင်နေရဆဲ။
အဖေအမေတို့ရှိစဉ်၊ သူတို့မိဘ,ဘိုးဘွားများလက်ထက်က အကြောင်းတွေ ပြန်ပြောပြတာကို အမှတ်ရမိ၏။
- "ညနေစောင်း မောင်သောင်းလာလိမ့်မည်။"
- "ပုန်းနေကြ။ တံခါးပိတ်ထား။"
- "မီးခွက် မှုတ်။ မီးမတောင်းနဲ့" တဲ့။ အလင်းရောင်ပေးထားသော မီးခွက် မှန်အိမ်တွေကို မီးမှူတ် ငြိမ်ထားကြ။ ဆေးလိပ်သောက်ချင်လို့များ အောင့် သာထား။ မီးတတို့လောက် မတောင်းနဲ့ တဲ့။
ရေမြေ့သခင် ရှင်ဘုရင်မင်းခစားတွေနှင့် သိကျွမ်းပုံရသော၊ ဖမ်းမယ်ဆီးမယ် လုံးဝ မရှိထ, သော၊ တရားဝင်လိုင်စင်ရ သူခိုးဓါးပြကြီး မောင်သောင်းက ညနေတိုင် သူအပိုင်စားလိုဖြစ်နေသည့် ရွာတွေကို မြင်းနှင့်လာလေ့ရှိသည် တဲ့။ ညနေစောင်းချိန် ထန်းရေသောက် မူးရူးပြီးအပြန်၊ ပစ္စည်းလိုချင် ပစ္စည်း၊ သမီးကညာလိုချင် သမီးကညာ၊ ရန်မူလိုလျှင်လည်း ဓားလှံဖြင့် ထိုးသတ်သွားသည်တဲ့။ ထိုစဉ်က မောင်သောင်းကို ကြောက်ရသလို၊ ယခုလည်း အညာကျေးလက်မှာ ပါရာမိုတာကို ကြောက်နေရ၏။
မောင်သောင်းက ညနေစောင်း ထန်းရေမူးပြီးမှ လာတတ်သော်ငြား၊ "စောက်တပ်...လ-လီး" ကတော့ ညနေမစောင်းခင်လည်း လာ၏၊ ညနေစောင်းလည်း လာ၏၊ ညည့်ဦးယံလည်း လာ ၏။ သန်းခေါင်ယံလည်း လာ၏၊ နံနက်မိုးသောက်ယံလည်း လာ၏။ ဆွမ်းခံဝင် ဆွမ်းခံပြန်၊ နေမွန်းတည့်ချိန်တို့တွင်လည်း လာလေ၏။ နမခနှင့် နီးသည်မို့လား မသိ အညာမှာ တနေ့တာလုံး အချိန်မရွေး လာပါ၏။ လာတိုင်းလည်း၊ ကြက်သွန်စိုက် ကြက်သွန်ဖေါ်၊ ပဲစဉ်းငုံခုတ် ပဲစဉ်းငုံလှေ့၊ တွေ့သည်လူစုကို ဗုံးနှင့်ပစ်၏။ တောလုပ်လုပ်နေကြသူတွေရော၊ ရွာထဲရပ်ထဲ ၂ ယောက် ၃ ယောက် တွေ့ဆုံမိသူတွေရော၊ ပြေးလွှားဆော့ကစား ကလေးများပါမကျန်၊ ဆွမ်းခံနေသောဘုန်းကြီးပါ ဗုံးသီးနှင့် ပစ်ခတ်ခံရလေ့ ရှိ၏။
မောင်သောင်းကား တကိုယ်တော်။ တစ်ယောက်ထည်း။ တခါတလေမှသာ ၎င်းကို မှီခိုကပ်ရပ်ပြီး သောက်ကြရ စားကြရသူ တပည့်တပန်း ပါနှိုင်၏။ မထင်လျှင် မထင်သလို အမျက်ထွက်လေက ဓားချက်လှံချက် အထိုးအနှက်ခံရမည့်ရန်ကလည်း ရှိပေသေးသကိုး။
"ချောက်တပ်... လ-လီး"တို့မှာမူကား၊ နမခ, အမြောက်တပ်တို့မှ ကျချင်ရာကျ ကွဲကွဲချင်ရာကွဲ၊ ဟောင်ဝစ်ဇာများလည်း အမြဲလိုလို တွဲလျက် ပါလေသေး၏။
"စက်တပ်လေထီး ဗျူဟာက ဒုတိယကမ္ဘာစစ်က နည်းတွေပါ။ ဆီသက်သာတယ်။ လူနည်းတယ်။ အညာမှာ မြေပြင်ကနေ ခွေးတွေ မသွားရဲလို့ ဒီနည်းသုံးတာ။ ပစ်ချစရာ လက်နက် မရှိမှန်းသိနေလို့။ ပြီးတော့ တောင်အတက်အဆင်း မရှိတဲ့ လွင်ပြင်ကျယ်ကြီးမို့လို့သာ သုံးရဲတာပါ။ တောင်တက်တောင်ဆင်း၊ ငကုန်းငကျဉ်း၊ အီးအေအို-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီဆို ဘယ်သွားလုပ်ရဲပံ့ ဗျာ။ ခပ်နိမ့်နိမ့်ပျံပြီး ဗုံးကျဲ။ ပြီးတာနဲ့ အမြင့်ကိုပျံတက်၊ အသားကုန်မောင်းထွက်ပြေးတာ။ မြင့်တော့ ငါးကြင်းမြီးစက်လတ်နဲ့ ပစ်လို့မလွယ်ဘူး။ ပွိုင့်ဖိုက် လောက်နဲ့မှ ရတာ။ ပန်ကာပဲ မှန်မှန်၊ လေထီးပဲကွဲကွဲ ပြုတ်ကျမှာဗျ။ သူရိူ့မယ် အပိုလေထီးတော့ ပါတယ်။"
"ဆင်ကြံ တကယ်ကြံတဲ့ စကစ ပါဗျာ။ မှတ်မိသေးလား။ အာဏာသိမ်းပြီးခါစ, ရဟတ်ယာဉ်တွေကို အရုပ် ဆင်ထားတာလေ။"
"၂၀၂၅ နှစ်ဆန်းပိုင်းက စ,ပြီး ပါရာမော်တာတွေ သုံးလာတာဗျ။ ကျုပ်တို့စစ်ကိုင်းတိုင်း ကနီနယ်မယ် စက်တပ်လေထီးနဲ့ ဗုံးကြဲတာ နှစ်ခါ ရှိပြီ။ ဖေဖော်ဝါရီ ၁၁-က ညသန်းခေါင်ကျော်လောက်၊ နတ်လပို့မြောက်ရွာကို အဲဒီလေထီးနဲ့ ဗုံးကြဲတာ၊ အရပ်သားနှစ်ဦး သေတယ် ဗျ။ ဗုံးသီးသုံးလုံး ချသွားတာ။ ၁၂၀ မမနဲ့ ပစ်ချတာ ဖြစ်နှိုင်တယ်လို့ ပြောတာပဲ။ အရင်တစ်ခါလည်း ကနီ၊ ဆူးလေကုန်းရွာမှာ ချဖူးသွားတယ်ဗျ။ နှစ်ကြိမ်ရှိသွားပြီ ပေါ့ဗျာ။ မုံရွာတောင်လက် တာရိုးတလျောက်က ညောင်ဖြူပင်, နဂါးတွင်း, ဘုဘ နဲ့ ချောင်းဦးနယ်စပ်၊ အရှေ့တောင် ဗောဓိတထောင်လက်၊ အရှေ့လက် ထနောင်းဝင်း ကျောက္ကာရေနံကုန်း အရှေ့မြောက်လက် ခိုးသန်းကံပြား, သာစည်အင်တိုင်း၊ ဒါတွေသုံးနေတာ ကြည့်ပါလား။"
ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှာ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေကြောင်း ၂၀၂၅ ဇန်နဝါရီ ၂၄၊ သတင်းတွင် တွေ့လိုက်ရသည်။ စင်စစ် ၂၀၂၄ ဒီဇင်ဘာလ ပထမအပတ်ကတည်းက ရန်ကုန်-မှော်ဘီလေတပ်စခန်းနှင့် ဧရာဝတီတိုင်း၊ ကျုံပျော်-ခလရ ၃၆ တပ်ရင်းတို့တွင် စက်တပ်လေထီး သင်တန်းတွေ ပေးနေခဲ့သည်။
၂၀၁၈ လောက်က မုံရွာ ချင်းတွင်းမြစ်သဲသောင်ပြင် သင်္ကြန်ပွဲတော်တွင်၊ ပထမအကြိမ် ခရီးသွားလုပ်ငန်း အထောက်အကူပြုပရိုမုတ်လုပ်သည့်အနေဖြင့် စက်တပ်လေထီး အလှပြစီးနင်း ပျံသန်းပြခဲ့ဖူးသည်။ ၂၀၁၉ တွင်လည်း ဒုတိယအကြိမ် ပျံသန်းပြကြသေးသည်တဲ့။ မြန်မာ-ပီပီဂျီကလပ်နှင့် ထိုင်း အာဆီယမ်-ပါရာမိုတာကလပ်တို့မှ ကျွမ်းကျင်သူများ ပူးပေါင်း ၍လည်း မြန်မာနိုင်ငံအတွင်းရှိ အထင်ကရ နေရာများတွင် အလှပြ စီးနင်းပျံသန်းမှုများ ပြုလုပ်ခဲ့သည်။ ထိုစဉ်ကတော့ ဂုဏ်ယူအားကျ "မြန်မာ...ကွ"ချင်သလိုလို။ ယခုမှာမူကား၊ "စောက်တပ်...လ-လီး"၊ ဆဲပြီးရင်း ဆဲချင်ရင်း။ "ဒင်းတို့စစ်အုပ်စု မြန်မြန်သာ မသာပေါ်ပါစေ တော်" ဆိုသူတွေချည်း။
ပီပီဂျီ စက်တပ်လေထီးကလပ်မှ မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ စက်တပ်လေထီးမှာ အထူးစည်းကမ်းချက်တွေ ရှိသည်။ လိုင်စင်ရှိမှ မောင်းနှင်ပျံသန်းနိုင်ပါသည် တဲ့။ 'လေထဲ၌ ပျံသန်းချိန် နာရီ ၅၀ အနည်းဆုံး ရှိရမည်။ စက်သတ်၍၎င်း၊ စက်သုံး၍၎င်း၊ မြေပြင်ရှိ ဆင်းမှတ်- ဗဟိုမှ ပေ ၃၀ အတွင်း ဆင်းပြနိုင်ရမည်။ တို့အပြင် ပိုင်းလော့စည်းကမ်းချက်များကိုလည်း လိုက်နာရမည်။ သို့မှသာ ပျံသန်းခွင့်လိုင်စင်အတွက် အရည်အချင်း ပြည့်မီသူ ဖြစ်သည်' တဲ့။
အပျော်စီး စက်တပ်လေထီးသမားမျာအတွက် စည်းကမ်းသတ်မှတ်ချက်အချို့မှာ ပွဲတခုခု ကျင်းပရာတွင် အလှပြ ပျံသန်းပြသော အထူးအစီအစဉ်များမှလွဲ၍ မြို့ရွာလူနေအိမ်၊ ဘုရားပုထိုး စေတီများအပေါ် မပျံသန်းရ။ လုံခြုံရေးနှင့်ပက်သက်သည့် ဧရိယာများအပေါ်မှလည်း မပျံသန်းရဟု ဆိုသည်။ အကယ်၍ အထူးအစီအစဉ်ဖြင့် လူနေရပ်ကွက်များပေါ်သို့ ပျံသန်းပါက အမြင့်ပေ အနည်းဆုံး တသောင်းအထိတက်၍ ပျံသန်းရမည်။ မြေပြင်ပေါ်သို့ အရာဝတ္ထုပစ္စည်းများ ပစ်ချခြင်းကို လုံးဝမလုပ်ရ။ ရေတမျိုးတော့ စွန့်ပစ်နိုင်သည် တဲ့။ သေးပေါက်ချလို့တော့ ရတယ်ပေါ့'ဟုပင် စ,မိ နောက်မိသေး၏။
ယခုမူ 'သေး'သာမက ဗုံးသီးပါ ကြဲချကြလေပြီ။ ဘုရားစေတီများအပေါ် ကျော်ဖြတ်ရုံမက၊ ဘုရားစေတီများကိုပင် တမင် ဗုံးကြဲချလေပြီ။ လူနေအိမ်ပေါ် တည့်တည့်ကျော်ရုံမက လူနေ အိမ်တည့်တည့်၊ ဗုံးကြဲချလေပြီ။
တိုက်ပွဲဖြစ်ပွားခြင်း လုံးဝ မရှိ။ လိုကယ်ပကဖတောင် ရှိဖို့အနိုင်နိုင်။ မနေရဲအောင် မနေကြအောင်၊ ကြိုတင်၍ သတ်ကွင်းကို ရှင်းလင်းထားသည့် သဘောများလား။ သိုးများဆိတ်များ ကျောင်းသလို ခြောက်သလို၊ လိုချင်သည့်နေရာသို့ လူသားဒိုင်းအဖြစ် စုဝေးပြောင်းရွှေ့စေလိုသည့် သဘောလား။ လား? ပေါင်း များစွာ။
"စောက်တပ်... လ-လီး"ကို ဘယ်လို 'ကောင်တာအတက်' တုန့်ပြန် ချေဖျက် ကြမည်နည်း။
မိမိ ဂျင်းလီတို့အဖို့ ဉာဏ်မမီချင်။ ဂျင်းဇီလေးတွေကတော့ ဉာဏ်ကောင်းကြပါသည်။ စီအာပီအိပ်ခ်ျ၊ နုကြည်၊ ပကဖ၊ အီးအာရ်အို တို့ကလည်း ထက်မြက်, လက်သွက်ကြပါလေသည်။ လက်တုန့်ပြန်မည့် နည်းတစ်ခုခု ရှိလိမ့်မည်ကတော့ ယုံကြည်သည်။ သူတို့လေးတွေကိုပဲ အားကိုး ရုံ။ သူတို့လေးတွေကိုပဲ ပံ့ပိုးကူညီ ရုံ။ ဘယ်သူတွေ ဘယ်လိုသွေးခွဲခွဲ၊ တော်လှန် ရေးကာလကြီးတလျှောက်လုံးအတွက်ကတော့၊ စီအာပီအိပ်ခ်ျ၊ နုကြည်၊ ပကဖ၊ အီးအာရ်အိုတို့ကိုသာပဲ ယုံကြည်သည်။
"မြို့တည်-ကျုံး၊ ရွာတည်-စုန်း။"
၁၂ ကြိုး ၁၃ ကြိုး၊ ပြုစားတတ်သည့် 'ဘီဝစ်ရှ်',စုန်းမျိုးတွေတော့ မဟုတ်။ စုန်းကြူးတွေ၊ စုန်းပြူးတွေ။
စုန်ပြူးတွေကတော့ နေရာတကာ။ ရွာတစ်ရွာ အနည်းဆုံး ၁-ယောက်ထား။ ရွာပေါင်းများစွာ၊ မြို့ပေါင်း များစွာ။ နယ်ပေါင်းကလည်း များလှစွာ။ ဟိုဖေါင်းထု သည်ဖေါင်းထု။ ရှေ့ကလည်း ဦးမဆောင်။
(မောင်ဘဦး၏ http://www.moemaka.com/2023/02/blog-post_72.html ထဲကလို) နောက်ကလည်း ကောင်း ကောင်းမလိုက်။ ဘေးတိုက်ကပ်ဖဲ့ စုန်းပြူး။ ပြီးတော့ (http://www.moemaka.com/2023/12/blog-post_71.html ထဲကလို) ဗိုလ်သခင်ဆရာတွေကလည်း ...
"ဩော် //မောင်တို့အညာမှာ × × × × ×
တမာပင်တန်းတွေနဲ့ × × × × ×
ထန်းပင်ထန်တော× × × × × (ဟောဟော)၊" ရင်မောရလောက်အောင် ပေါများလှပေသည်။
အညာကျေးလက်၊ အလှူပွဲမင်္ဂလာပွဲ ဘုရားပွဲကျောင်းပွဲ စသည်တို့တွင် ပွဲနေ့မတိုင်ခင် 'ဆန်သင်-ကြက်သွန်သင်'(ဆန် စင်-ကြက်သွန် စင်) များကို ကြိုတင်ဘိတ်ကြားကာ၊ ဧည့်ခံကျွေးမွေးမည့် ဆန် ကြက်သွန် ပဲစသည်တို့အထဲမှ၊ ထမင်း တအိုးလုံး, ဟင်း တအိုးလုံးကို အရသာပျက် ဝါးမျိုရခက်စေသော 'စုန်းပြူး'များကို ထ္မင်းအိုးဟင်းအိုး ချက်ပြုတ်ကြရာတွင် မပါဝင်ရလေအောင်၊ ရွေးကောက်ထုတ်နှုတ် ဝေးရာသို့ လွှင့်ပစ်သည့်အလုပ် လုပ်ကြလေသည်။
စုန်းပြူးများကို ချော့မော့ ပြုပြင်၊ တမျိုးတမည် ချက်ပြုတ်ပြင်ဆင်၍ ဘယ်သောအခါမှ မထည့်တော့။ ထိုထိုစုန်းပြူးတို့ကို တွေ့မြင်လေကတည်းက၊ ဖျတ်ခနဲ ကောက်ယူကာ၊ မဏ္ဍပ်အပြင်ဖက် ဝေးရာသို့ 'ဆတ်'ကနဲသာ လွှင့်ပစ်ကြပါလေတော့ သတည်း။
သုခိတာ ဟောထ၊ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။
မောင်ဘဦး
၈၆၊ တွဲကျော် ၆)
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar