နိုင်ငံတကာသာဂိ - ဒီကနေ့ ကြွေးကြော်သံက အရင်းမဲ့တွေ အာဏာမဲ့တွေ ညီညွတ်ကြလော့
နိုင်ငံတကာသာဂိ - ဒီကနေ့ ကြွေးကြော်သံက အရင်းမဲ့တွေ အာဏာမဲ့တွေ ညီညွတ်ကြလော့
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅ဒေါ်နယ်ထရန့်က အာဏာရှင်ဖြစ်တယ်။ သူ့အပေါင်းအပါတွေက အာဏာရှင်နောက်လိုက်တွေ ဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာ အချမ်းသာဆုံးထဲက လက်တဆုပ်စာ အရင်းရှင်ကြီးတွေ ဖြစ်ပါတယ်။ သူတို့က အခုတော့ အမေရိကန်ကြီးကို တစီစီ ဖြုတ်ချ ဖျက်ဆီးနေပါပြီ။ သူတို့ ဖျက်ဆီးတာက သူတို့လို အာဏာရှင်တွေ အရင်းရှင်တွေ၏ အသိုင်းအဝိုင်း၊ အသိုက်အမြုံ၊ ယန္တယားကို မဟုတ်ပါဘူး။ သူတိုလက်အောက်က အရင်းမဲ့တွေ အာဏာမဲ့ လူတန်းစားတွေ အသိုက်အမြုံတွေ ယန္တယားတွေကို ဖြစ်ပါတယ်။ ဒါကြောင့် ပွဲစကတည်းက အစိုးရဝန်ထမ်းတွေကို အလုပ်ကနေဖြုတ်၊ လူမှုဝန်ထမ်း စေတနာ့ဝန်ထမ်းလုပ်ငန်းတွေကို ဖျက်၊ တရားစီရင်ရေးကို ကန့်သတ်တာတွေက ပြည်ထောင်စုကို ကယ်တင်တာထက် အကာအကွယ်မဲ့ လူတန် းစားတွေကို နင်းချေလိုက်တာ ဖြစ်ပါတယ်။ ဒါအပြင် နိုင်ငံတကာက တည်ငြိမ်နေတဲ့ အစိုးရတွေ လူမှုအဖွဲ့အစည်းတွေကို ကန့်သတ်တာ တိုက်ခိုက်တာ စော်ကားပြောဆိုတာတွေ ကျုးလွန်လိုက်တာကလည်း အမေရိကားကို ရန်သူတွေဆီကနေ ကယ်တင်တာမဟုတ်ဘဲ ရန်သူတွေနဲ့ သူတို့ကိုယ်တိုင်က သူခိုး ဓားရိုးကမ်းတဲ့ အလုပ်မျိုး လုပ်နေတယ် လို့ ဆိုနိုင်ပါတယ်။
ပနားမားနဲ့ ဂရင်းလင်းကို သိမ်းမယ်လို့ ပြောပါတယ်။ ဇာဂါကမ်းမြောင်ဒေသက ပါလစ္စတိုင်းလူမျိုးတွေကို ဒေသကနေ ဖယ် ရှားမယ်လို့ ဆိုပါတယ်။ အခွန်အကောက်တွေ တိုးမြှင့်ပြီး ကောက်မယ်လို့ ခြိမ်းခြောက်တယ်။ ယူကရိန်းက ရုရှားကို ရန်စပြီး စစ်စတိုက်တယ်လို့ စွပ်စွဲလိုက်ပြန်ပါတယ်။ အစိုးရဝန်ထမ်းတွေကို အလုပ်ကနေ ထွက်ကြဖို့ အမိန့်ထုတ်ပါတယ်။ ဒါတွေဟာ အာဏာရှင်တွေက ပြည်သူတွေကို ဆောက်တည်ရာမဲ့သွားအောာင် ဟန်ချက်ပျက်သွားအောင် စိတ်ဓာတ်တိုက်စစ်ဆင်နည်း ဆိုတဲ့ အာဏာရှင် သင်ရိုးတွေ ဖြစ်ပါတယ်။ ရုရှားသမ္မတ ပူတင်က ယူကရိမ်းက ဘာသာရေးအစွန်းရောက်တွေ အကြမ်းဖက်တွေလို့ ဆိုလိုက်သလိုမျိုး၊ တရုတ်က ထိုင်ဝမ်က သူတို့ ပြည်မကြီး၏ အစိတ်အပိုင်းလို့ အမြဲတစေပြောနေသလိုမျိုး၊ အိန္ဒိယခေါင်းဆောင်က သူတို့ဟိန္ဒူတွေဟာ အမြတ်ဆုံးတွေလို့ ပြောနေသလိုမျိူးနဲ့ ပြည်သူတွေကို အမြဲတစေ သံသယတွေ သွင်းတာ သွေးခွဲနေတာတွေဟာ အာဏာရှင်သင်ရိုးတွေ ဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် အစိုးရဝန်ထမ်းတွေကို ဖြုတ်ပစ်လိုက်လို့ တိုင်းပြည်ဝင်ငွေက သိသိသာသာ သက်သာမသွားပါဘူး။ ပြည်ထောင်စုအဆင့် အစိုးရဝန်ထမ်းက ၃ သန်းပဲ ရှိပါတယ်။ အဲသည် ဦးရေဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ တုန်းက ဝန်ထမ်းဦးရေလောက်ပဲ ရှိပါတယ်။ သိသိသာသာ တိုးမြှင့်ထားတာ မရှိပါဘူး။ အစိုးရဝန်ထမ်းလစာနဲ့ ခံစားခွင့်က အများကြီး မရှိပါဘူး။ လာဘ်စားတာမျိုးကို အမြဲစောင့်ကြည့် အရေးယူနေလို့ ခြစားမှုတွေကလဲ အကန့်အသတ်ရှိပါတယ်။ ၃ သန်းထဲက လူ ၅သောင်းကို ထုတ်လိုက်လို့ ပြည်ထောင်စု ဘတ်ဂျက် ၁% တောင် သက်သာမသွားနိုင်ဘူးလို့ ဆိုပါတယ်။ ပြည်ထောင်စုဘတ်ဂျက်၏ ၄% ဝန်းကျင်က ဝန်ထမ်းဘတ်ဂျက်မျှသာ ဖြစ်ပါတယ်။ အဓိက အစိုးရဘတ်ဂျက်မှာ - စစ်အသုံးစာရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သက်ကြီးနဲ့ ကလေးငယ်များ လူမှုဖူလုံရေးခံစားခွင့်အသုံးစာရိတ်က ၆၀% ရှိပါတယ်။ ပြည်ပကူညီငွေတွေ ဝန်ထမ်းလစာတွေ ပညာရေးဌာန ကျန်းမာရေးဌာန စတာတွေကို ဖြတ်တောက်တာကို အမေရိကန်ပြည်၏ မလိုအပ်တဲ့ စာရိတ်တွေ ဖြတ်တောက် နေပြီဆိုတာမျိုး ပြောတာတွေဟာ မဟုတ်တမ်းတရားပြောပြီး ပြည်သူတွေကို ဝေဝါးအောင် လုပ်နေတာပဲ ဖြစ်ပါတယ်။
အာဏာရှင်တွေ လုပ်တာက လူတွေကို အကြောက်တရား သွတ်သွင်းတာ ထုံးတမ်းအစဉ်အလာဖြစ်ပါတယ်။ လူတွေအချင်း ချင်းသွေးကွဲအောင်လုပ်တာလည်း သူတို့ စာအုပ်ကြီး ဖြစ်ပါတယ်။ သူတို့အခုလိုလုပ်လို့ မီဒီယာတွေကအစ၊ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေအထိ ဘာမှ ပြန်မပြောရဲကြတော့ပါဘူး။ ယခင်တုန်းကလို ခြိမ့်ခြိမ့်သဲ ဆန္ဒပြ ကန့်ကွက်တာတွေ ထကြွတာတွေ မမြင်ကြရပါဘူး။ ဒါဟာ ထရန့်တို့ အီလွန်မတ်(အရင်းရှင်ကြီး) တို့က အာဏာမဲ့ ပစ္စည်းမဲ့ အရင်းမဲ့လူတန်းစားအားလုံးကို ချိုးနှိမ် ဒူးထောက်ခိုင်းနေတာ ဖြစ်ပါတယ်။ ဒါကိုတော့ ပြည်သူတွေက ရှင်းရှင်းမြင်ရပါမယ်။
နယ်စပ်ဖြတ်ကျော်တွေ၊ အထောက်အထားမဲ့ နေထိုင်သူတွေ၊ လိင်ပြောင်းထားသူတွေ၊ အိုးအိမ်မဲ့တွေ၊ အစိုးရဝန်ထမ်းတွေ၊ သိပ္ပံပညာရှင်တွေ၊ ကျောင်းဆရာတွေ၊ ကလေးသူငယ်တွေ၊ ပင်စင်စားတွေ စတဲ့ လူတန်းစားတွေအားလုံး၏ ဘုံတူညီချက်က သူတို့မှာ အာဏာမရှိ၊ ပစ္စည်းမရှိ၊ အရင်းမရှိ၊ အကာအကွယ်မရှိတာ ဖြစ်ပါတယ်။ အဲသည် အရင်းမဲ့တွေ အာဏာမဲ့တွေကို နိုင်ငံတော်၊ တရားရုံးနဲ့ လူထုကိုယ်စားပြု ရွေးကောက်ခံ ကိုယ်စားလှယ်တွေက ရပ်တည်ပေး၊ ကာကွယ်ပေးရပါတယ်။ အဲသည်လို နိင်ငံတော်တွေ၊ တရားရုံးတွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ မရှိတော့ရင် အားကိုးမရတော့ရင် ပြည်သူတွေဟာ ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုပြီး ကျောချင်းကပ် လက်ချင်းတွဲလို့ အာဏာရှင်တွေ အရင်းရှင်ကြီးတွေကို ရင်ဆိုင်တိုက်ပွဲဝင်ကြရမှာပဲ ဖြစ်ပါတယ်။

သည်တော့ - ဒီကနေ့ ကြွေးကြော်သံက အရင်းမဲ့တွေ အာဏာမဲ့တွေ ညီညွတ်ကြလော့ ဆိုတာပဲ ဖြစ်ပါတယ်။ သည်အချိန်မှာ ပြည်သူရှေ့က လာပြီး ရဲရဲဝံ့ဝံ့ ရပ်တည် ပြောဆို ထောက်ပြ လမ်းပြသူတွေဟာ ပြည်သူတွေအတွက် ခေါင်းဆောင်ဖြစ်ပါတယ်။ ပြည်သူတွေနောက်က နောက်မြီးဆွဲလိုက်နေတဲ့ ဟန်ပြ တရွတ်ဆွဲ ခေါင်းဆောင်တွေကို မျှော်လင့်မနေကြပါနဲ့။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar