အာဂျင်တီးနားနိုင်ငံ တရားရုံးက ဖမ်းဝရမ်းမှာ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထည့်သွင်းထားတဲ့အပေါ် NUG တုံ့ပြန်
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၈ မြင်ကွင်း
မိုးမခ၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅
အာဂျင်တီးနားနိုင်ငံ တရားရုံးက ဖမ်းဝရမ်းမှာ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထည့်သွင်းထားတဲ့အပေါ် NUG တုံ့ပြန်
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေမှာ စစ်တပ်နဲ့ လုံထိန်း၊ ရဲတပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်လို့ ယူဆခံရသူ ၂၅ ဦးကို အာဂျင်တီးနားနိုင်ငံ တရားရုံးက နိုင်ငံတကာ တရားစီရင်ခွင့်ကို သုံးပြီး ခုရက်ပိုင်းမှာ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ အဆိုပါ ဖမ်းဝရမ်းမှာ လက်ရှိ စစ်အာဏာသိမ်းခေါင်းဆောင်တွေ၊ စစ်ဗိုလ်ချုပ်တွေ၊ အဲဒီအချိန်ကာလက ရခိုင်ပြည်နယ် တာဝန်ယူတဲ့ စစ်တိုင်းမှူးတွေ၊ အကျဥ်းဦးစီးဌာနအောက်က ထောင်အရာရှိတချို့ နဲ့ ရဲအရာရှိတွေ ပါဝင်သလို ထိုအချိန်က အစိုးရအဖွဲ့ရဲ့ ထိပ်ဆုံး ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ သမ္မတ ဦးထင်ကျော် နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလ အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ အတွက် အဓိက တာဝန်ရှိတဲ့ မြန်မာစစ်တပ် ခေါင်းဆောင်တွေကို တရားစွဲဆိုဖို့ ဗြိတိန်နိုင်ငံ အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့အဖွဲ့ က အာဂျင်တီးနားနိုင်ငံက တရားရုံးမှာ ၂၀၁၉ ခုနှစ်ကစတင် လျှောက်ထားခဲ့ရာက ယခုနှစ် ဖေဖော်ဝါရီလမှာ ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ၂၅ ဦးထုတ်ပြန်ရာမှာ စစ်တပ်၊ ရဲ၊ အကျဥ်းထောင်တို့မှ ၂၃ ဦးနဲ့ ထိုစဥ်က အရပ်သားအစိုးရ ခေါင်းဆောင် သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်လာတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ပါဝင်နေတဲ့ အဖြစ်က လက်ရှိ အကျဥ်းကျနေသူ ဒေါ်အောင်ဆန်းစုကြည် အဖို့ နိုင်ငံရေးအရ ထိခိုက်စေတာ ဖြစ်သလို သမ္မတအဖြစ်မှ အနားယူပြီးဖြစ်တဲ့ ဦးထင်ကျော်ကိုလည်း ထိခိုက်စေတာ အမှန်ပဲဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှာ ဒီဖမ်းဝရန်း ထုတ်ပြန်တဲ့ သတင်းထွက်ပေါ်ပြီး ရက်အနည်းငယ်အကြာမှ NUG အနေနဲ့ ဒီဖမ်းဝရန်း နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကို ထုတ်ပြန်ရတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ရိုဟင်ဂျာလူမျိုးများအပေါ် အကြမ်းဖက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ် ခေါင်းဆောင်များနဲ့ ၄င်းတို့ရဲ့ တပ်ရင်းတပ်ဖွဲ့များကို အရေးယူဖို့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ကြိုးပမ်းချက်တွေကို ထောက်ခံကြောင်း၊ အဆိုပါ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါကသာ ခြွင်းချက်မရှိ တာဝန်ခံရမှာဖြစ်ပြီး ကျူးလွန်သူတွေကို တရားစွဲဆိုဖို့ Burmese Rohingya Organization UK အဖွဲ့ရဲ့ တရားရုံးလျှောက်ထားခဲ့တာကိုလည်း ကြိုဆိုကြောင်းနဲ့ ဖမ်းဝရမ်းကို ထုတ်ပြန်လိုက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ထည့်သွင်းလိုက်ခြင်းက မှားယွင်းသော စွပ်စွဲမှု ဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အာဂျင်တီးနားနိုင်ငံက တရားရုံးအနေနဲ့ အဆိုပါ ပုဂ္ဂိုလ် ၂ ဦးကို တရားစွဲဆိုထားခြင်းကနေ ဖယ်ရှားပေးဖို့၊ NLD အစိုးရအနေနဲ့လည်း ရိုဟင်ဂျာ အရေးအတွက် ငြိမ်းချမ်းသော ရေရှည်အဖြေရရှိအောင် လုပ်ဆောင်ခဲ့ကြောင်းနဲ့ NUG အစိုးရ အနေနဲ့လည်း ရိုဟင်ဂျာမူဝါဒ ပြဋ္ဌာန်းပြီး ရိုဟင်ဂျာ ပြည်သူများ တရားမျှတမှုရရှိရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိသည်လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ထုတ်ပြန်ချက်ရဲ့ နောက်ဆုံး စာပိုဒ်မှာ အခုလို အာဂျင်တီးနား တရားရုံးက ပြည်သူ့ အစိုးရအဖွဲ့ ခေါင်းဆောင်များကို ထည့်သွင်းစွဲဆိုကာ ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခြင်းဟာ မြန်မာနိုင်ငံသား အချင်းချင်းအကြား သွေးစည်းညီညွတ်မှုကို ပြိုကွဲစေပြီး စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက် တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေသည်သာမက စစ်အာဏာရှင်တွေအဖို့ အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
အထက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားသလိုပဲ စစ်အာဏာရှင်တိုက်ဖျက်ရေး အင်အားစုတွေအကြား အတိုင်းအတာတခုထိ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်စေတာ အမှန်ပဲဖြစ်ပါတယ်။ ရိုဟင်ဂျာအရေး ဆောင်ရွက်တဲ့ အဖွဲ့ကို အပြစ်တင် ဝေဖန်ကြတဲ့ အမြင်တွေ၊ ရေးသား ပြောဆိုမှုတွေ နွေဦးတော်လှန်ရေး ထောက်ခံသူတွေအကြား ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရကိုလည်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ မူဝါဒကို မကျေလည်ကြတဲ့ အမြင်တွေ အယူအဆတွေ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားလာကြတာ အများအပြား တွေ့လာရပါတယ်။ အချို့ကလည်း NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးတွေ အကြမ်းဖက် သတ်ဖြတ်ခံရချိန် နိုင်ငံတော် အတိုင်ပင်ခံရုံးက စစ်တပ်ရဲ့ ဝါဒဖြန့်အချက်အလက်တွေကို ထပ်ဆင့်ဖြန့်ဝေခဲ့တာ၊ သည်ဟိဂ် ICJ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် ခုခံကာကွယ်ခဲ့တဲ့ အဖြစ်တွေကို ထောက်ပြပြီး အပြစ်တင် ပြောဆိုမှုတွေလည်း တကျော့ပြန် ပေါ်ထွက်လာခဲ့တာတွေ့ရပါတယ်။
မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအရေးမှာ စံနှုန်းတွေ၊ မူဝါဒတွေကို မယိုင်မလဲ စွဲကိုင်ထားသင့်တယ် ဆိုတဲ့ အယူအဆနဲ့ အကျိုးဆက်၊ ရလဒ် အခြေအနေကို တွက်ဆပြီး လုပ်ဆောင်ရတဲ့ အနေအထားကို ကာကွယ်ပြောဆိုသူတွေအကြား သဘောထားကွဲလွဲမှု ငြင်းခုံမှု၊ ဝေဖန်တိုက်ခိုက်မှုတွေ အဖြစ်အပျက်တွေ ပြဿနာတွေ ပေါ်ထွက်လာတဲ့အခါတိုင်း ဖြစ်ပေါ်လေ့ရှိတာ တွေ့ရပါတယ်။ အခုလို တရားရုံး ဖမ်းဝရမ်း ထွက်ပေါ်လာချိန်မှာ အထက်က မတူညီတဲ့ တန်ဖိုးထားမှုတွေ၊ ရပ်တည်ချက်တွေအပေါ် အခြေခံပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေအကြားမှာ သဘောထားကွဲလွဲမှု ဝေဖန်ရှုတ်ချမှုတွေ တကျော့ပြန် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ယုံကြည်မှုမျိုးစုံ၊ မျှော်လင့်ချက်မှု မျိုးစုံနဲ့ ပါဝင်နေကြသူတွေ ကာယကံရှင်တွေ အစုအဖွဲ့တွေကိုယ်တိုင်ကတော့ ကွဲလွဲမှုတွေကြားကနေပဲ ဘုံရပ်တည်ချက်ကို ရှာဖွေပြီး ဆက်လက်ခရီးဆက်နေကြဦးမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar