Breaking News

ကိုနီတွတ် - ယထာဘူတ

Art by Than Htay Maung

ယထာဘူတ

ကိုနီတွတ်

(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၂၅

သိပ္ပံဘာသာရပ်တွင် အပူစွမ်းအင်သင်ခန်းစာ၌ အပူနှင့် အပူချိန်ကို ခွဲပြထားသည်။ ရူပဗေဒ သင်ရပြန်တော့လည်း အပူ ဆိုသည်မှာ ထိုဒြပ်ဝတ္ထုတွင်ရှိသော amount of internal energy စုစုပေါင်း။ အပူချိန်သည် tem- perature။ အက်တမ်မော်လီကျူးတစ်ခုချင်းစီ၏ ပျမ်းမျှစွမ်းအင် ဖြစ်သည်။ ထို့ကြောင့် အပူနှင့်အပူချိန်မတူ။ ဥပမာ ကော်ဖီပူပူတစ်ခွက်ထဲမှရေနှင့် ရေကန်ကြီးတခုထဲမှရေတို့တွင် မည်သည့်ရေက ပိုပူသနည်း ဟူသော မေးခွန်း မေးကြသည် ဆိုကြပါစို့။ လူတိုင်း ကော်ဖီပူပူခွက်ထဲက ရေ ပိုပူသည်ဟု ဖြေကြမည် ထင်သည်။ သို့သော် ကော်ဖီခွက်ထဲက ရေသည် temperature ပိုမြင့်ခြင်းဖြစ်ပြီး ရေကန်ထဲမှ ရေမှာ amount of heat ပိုများသည်ကို စဥ်းစားမိချင်မှ စဥ်းစားကြမည် ထင်၏။ ထိုအချက်ကို ကြည့်၍ ရေကန်ထဲမှရေက ပို၍ပူကြောင်း သိပ္ပံပညာရှင်များက အဖြေထုတ်ပြီး ဖြစ်သည်။ တခုရှိသည်မှာ amount of heat များရက်သားနှင့် ရေကန်ထဲမှရေ ဘာလို့ ပိုအေးသနည်းဟု မေးနိုင်ပြန်သည်။ ရေကန်ထဲမှ ရေမော်လီကျူး တစ်ခုချင်းစီ၏ ပျမ်းမျှစွမ်းအင်သည် ကော်ဖီခွက်ထဲမှ ရေမော်လီကျူးလေးများ၏ အပူစွမ်းအင်ထက် ပိုနည်းသောကြောင့် အေးခြင်းဖြစ်သည်။ သို့သော် ထိုသို့ တစ်ခုချင်းစီ၏ စွမ်းအင်နည်းသော်လည်း မော်လီကျူးအရေအတွက်တွင် ရေကန်ထဲမှရေက ပို၍များသည် မဟုတ်လော။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို လက်နက်အားကို.ဖြင့် သိမ်းလိုက်သည်။ စိုးရိမ်နေကြားထဲက ပြည်သူများ အငိုက်မိသွားသည်။ သို့သော် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မန္တလေးမြို့ ခုတင် ၃၀၀ ကလေးဆေးရုံမှ လက်ထောက်ဆရာဝန်များဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက အကြမ်းဖက်စစ်အုပ်စုအောက်တွင် လုံးဝအလုပ်လုပ်မည် မဟုတ်ကြောင်း ကမ္ဘာသိ ကြေညာချက်ထုတ်ပြန်ကာ CDMs လုပ်လိုက်ကြသည်။ အငိုက်မိသွားသောပြည်သူများ ထိုအခါမှ သတိရကာ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းမများပေါ်ထွက်၊ ငြိမ်းချမ်းစွာ ဆန္ဒပြ၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးရန် တောင်းဆိုခဲ့ကြသည်။ အရှိန်အဟုန်ကြီးမားလှသော လူပင်လယ်ကြီး၊ လူလှိုင်းကြီးများကို ဒရုန်းများဖြင့်အပေါ်စီး၊ ဘေးတိုက်ရိုက်၊ အနီး အဝေး မြင်ကွင်းများ၊ lives လွှင့်သတင်းများ၊ သတင်းဌာနများ၏သတင်းထုတ်လွှင့်မှုများ၊ လူပင်လယ်လူလှိုင်းများ၏ညီညာသောကြွေးကျော်သံများမှာ ကြက်သီးထစရာကောင်းလောက်အောင် မာန်ပါလှသည်။ စီးစီးပိုးပိုး ရှိလှသည်။ ဌာနအသီးသီးမှဝန်ထမ်းများကလည်း ရုံးမတက်နှင့် ရုန်းထွက်ဟုကြွေးကျော်ကာအလုပ်မဝင်ကြ။ ထိုဝန်ထမ်းများ၏CDMs လုပ်ကြောင်း ကြေညာမှုများ၊ အလုပ်ထုတ်ကြောင်း removel listsများ၊ ထိုအလုပ်ထုတ်စာကို ဖတ်ပြီး စာမေးပွဲအောင်ပြီ၊ အမှတ်ဘယ်လောက် ဘယ်ညာစသဖြင့် လူမှုကွန်ရက်တွင် ပလူပျံခဲ့ကြသည်။

သို့သော် အာဏာရူး မင်းအောင်လှိုင် ဂျပုသည် အာဏာရချင်လွန်း၍ အကြောင်းအမျိုးမျိုးပြပြီးလုယူထားရာ ထိုလူပင်လယ်ကြီး၊ လူလှိုင်းကြီးများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည်။ လူပင်လယ်ကြီးတွင် အများဆုံးကား လူငယ်လူရွယ်များ၊ သူတို့၏ လွတ်လပ်မှုများတို့ အမှောင်ကျတော့မည်ကို သိ၍ ဆန္ဒပြ၊ ဆန္ဒပြ၍ အနှိမ်အနင်းခံရ၍ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ကာ ဒေသအသီးသီး တိုင်းရင်းသားနယ်မြေများသို့ ထွက်လာခဲ့ကြသည်။ နိုင်ငံဝန်ထမ်း CDMs များကိုလည်း နည်းအမျိုးမျိုးဖြင့် ချော့တလှည့်၊ ခြောက်တခါ အလုပ်ပြန်ဝင်ရန် အမိန့်ထုတ်ခဲ့သော်လည်း စိတ်ဓာတ်မခိုင်မာသူများမှအပ ပြန်မဝင်ကြ။ ထိုအခါ ကျန်နေခဲ့သော Non-CDMs များ၊ အကြမ်းဖက်စခ၊ ရခများနှင့် မအလကျွန်ယုတ်များက ကဲ့ရဲ့ကြသည်။ ခိုင်မာစွာဖွဲ့စည်းထားပြီး အားကောင်းလှသော ကမ္ဘာ့အဆင့် ၃၈ ရှိသည့် တပ်ကြီးကို ပြန်လှန်ဖို့ဆိုတာ စိတ်ကူးတောင်မယဥ်နှင့်။ ဘယ်တော့မှ နိုင်မည် မဟုတ်၊ တပ်မတော်ကြီးကလည်း ဘယ်တော့မှ ပြိုမည်မဟုတ်။ နံရံကိုခေါင်းနှင့် တိုက်သလို တိုက်သူသာ နာမည်၊ ခေါင်းကွဲလိမ့်မည် စသဖြင့် အမျိုးမျိုးကာကွယ်ပြောဆို တင်တင်စီးစီး ပြောခဲ့ကြသည်။ ယခင်ကလည်း အရေးတော်ပုံတွေ ဖြစ်ပေါ်ခဲ့ဖူးသည်။ နောက်ဆုံး အဖမ်းဆီးခံရ၊ ထောင်သွင်း အကျဥ်းချခံရ၊ အသတ်ခံရ၊ ထောင်ထဲတွင် သေဆုံးသွားကြ၊ နယ်နှင်ဒဏ်ခံရ၊ နိုင်ငံခြားသို့ ထွက်ပြေးရ စသဖြင့် လူမှုရေး၊ စီးပွားရေး ပျက်စီးသွားကြ၊ အဖျက်ဆီးခံရခြင်းများနှင့်သာ ကြုံမည်။ ဘယ်တော့မှ တပ်မတော်ကို နိုင်မည်မဟုတ်ဟု မှိုချိုးမျှစ်ချိုး ပြောဆို နှိပ်ကွပ်ခဲ့ကြသည်။

ယခု ၄ နှစ်ပြည့်တော့မည့်နွေဦးတော်လှန်ရေး အရှုံး အနိုင်ကို အလွှာအမျိုးမျိုးမှ ထောင့်အမျိုးမျိုး အမြင်အသီးသီး ယူဆချက်အဖုံဖုံတို့ဖြင့် ဆွေးနွေးခဲ့ကြသည်။ ငြင်းခုံခဲ့ကြသည်။ ဖိမ့်လုံးတွေ သုံးခဲ့ကြသည်။ ကိုယ် ထင်ရာ ဆွဲပြောကြသည်။  သတင်းဌာနများကလည်း ထုတ်လွှင့်ပေးကြသည်။ မအလကျွန်များက ရွှေဘကသာ နိုင်မည်တဲ့၊၊ တော်လှန်ရေးသမားများက အနိုင်ယူနိုင်မည့် နည်းလမ်းအမျိုးမျိုးဖြင့် အချင်းချင်း အားပေးကြသည်။ တော်လှန်ရေးကနဦး လူပင်လယ်၊ လူလှိုင်းများကိုကြည့်၍ ကိုမင်းကိုနိုင်မှ အပြတ်ပြောထားသည်။ နွေဦးတော်လှန်ရေးသည် အမှတ်ဖြင့် အနိုင်ရပြီဟူ။ အမှန်ဆုံးသော ထိုစကား၊ ယနေ့အထိ အားကောင်းလှသော တော်လှန်ရေးအရှိန်အဟုန်က မအလနှင့် ငမိုက်သားတသိုက်တို့၏လဥ ကြမ်းကြား ညပ်နေသလို ဖြစ်နေကြသည်လေ။ ပထမဦးဆုံး၂၀၂၁  ခုနှစ်၊ တိုင်းရင်းEROs များထံ စစ်ပညာသင်ကြသည်။ ရန်ပုံငွေများအလှူခံကြသည်။ လက်နက်များစုဆောင်းကြသည်။ စစ်ရေးလေ့ကျင့်ကြသည်။လက်လုပ်များတီထွင်ကြသည်။ စခစစ်ကြောင်းများကို ပစ်ပြေး ပြောက်ကျားစစ်ဖြင့် စခဲ့ကြသည်။ ဒေသအသီးသီးတွင် ဆန္ဒပြပွဲများ ဆက်ပြကြသည်။ သို့သော် မအလ အကြမ်းဖက်တပ်သည် PDFs များ၏ အစဦးတော်လှန်ဖြစ်ပြီး မဖြစ်ညစ်ကျယ် လက်နက်များ ဖြစ်နေခြင်းများကြောင့် တမျိုး၊ အင်အားနည်းနေ၍ တနည်း၊ စုစည်းမှုအားမကောင်းသေးခြင်းများကြောင့် တသွယ်၊ ပယ်ပယ်နယ်နယ် လှောင်ပြောင်ခဲ့ကြသည်။စော်ကားကဲ့ရဲ့ခဲ့ကြသည်။ EROs တပ်များတောင်မှ နှစ်ပေါင်းများစွာ တိုက်ခဲ့တာ ယနေ့အထိတပ်မတော်ကြီး အခြေမပျက်။ နောက်ဆုံး ရွှေဘသာ နိုင်မည်၊ ချေမှုန်းခြင်း ခံရပေလိမ့်မည်မှာ မုချဟူ။

ဒုတိယနှစ်တွင် EROs တပ်များထံမှ စစ်ပညာသင်လာခဲ့သော PDFs များသည်  မအလအကြမ်းဖက်တပ်ကြီးနှင့် စတင်ယှဥ်ပြိုင် ယှဥ်ဆိုင်နိုင်လာကြသည်။ မင်းအောင်လှိုင်၏ စစ်ကားတန်းကြီးများမှသည် သံပြားကာတပ်ကြီး ဖြစ်သွားသည်။ မည်သည့်နေရာသွားသွား၊ သွားသည့်အခါတိုင်း တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခြင်း မခံရသောအခေါက်ဟူ၍ မရှိတော့။ ပြည်သူများ၏ ညီညွတ်မှုကား အံ့ဖွယ်။ တော်လှန်ရေးတပ်များကို ငွေကြေးလှူ၊ လက်ဝတ်လက်စားလှူ၏။ အစားအသောက်ဖြင့် ဧည့်ခံကျွေးမွေး။ သပြေပန်းဖြင့် အောင်ပွဲကြို။ မအလတပ်ကြီး စတင်အထိနာသည်။ အညာတခွင် ဘီးလူးစစ်ကြောင်းဖြင့် လှည့်လည်ကြမ်းတော့။ လေယာဥ်ဖြင့် ဗုံးကြဲချတော့။ စစ်ခွေးတပ်ကား တပ်အပြင် ရောက်သည်နှင့် ရန်သူ့နယ်မြေ ရောက်သလို တော်လှန်ရေးတပ်များ၏ ဖိအားပေးထားမှုကို မရှုမလှ ခံစားရတော့သည်။

တတိယနှစ်တွင်PDFsများသည် စစ်စွမ်းရည် တိုးတက်လာသည်။ အဖွဲ့အချင်းချင်း ပေါင်းစည်းတိုက်လာကြသည်။ စစ်ဗျူဟာကျစွာ တိုက်တတ်လာသည်။ တဖြည်းဖြည်း တိုးလာနေသော PDFs တပ်များသည် စခ၊ ရခ စခန်းများကို သိမ်းပိုက်လာနိုင်သည်။ ရန်သူ့လက်နက် ကိုယ့်လက်နက်အနည်းငယ် စတင်ဖြစ်လာကြသည်။ EROs တပ်များ စတင်ပါဝင်လာကြသည်။ (ကရင်နီ၊ ချင်း၊ ကရင်နှင့် ကချင်တို့တပ်များသည် အစကတည်းက ပါဝင်လာခဲ့သည့်တပ်ဖွဲ့များ။) ကရင်နီတပ်များလက်စွမ်းထက်ပုံမှာ လွိုင်ကော်သာကျန်သည်။ ချင်းတပ်များမှာမညီညွတ်ကြသော်လည်း အောင်ပွဲတွေက အားရစရာ။ မြောက်ပိုင်းသုံးဖော်၏1027 opera- tions ကြောင့် စစ်ခွေးများတောင်ပုံရာပုံသေကြသလို ခွေးပြေးဝက်ပြေးပြေးကြရသည်။ မပြေးနိုင်သူများ စစ်သုံ့ပန်းများအဖြစ် အဖမ်းခံရသည်။ မသုံးရသေးသော လက်နက်များ တောင်ပုံရာပုံ၊ အကြီး အသေး မျိုးစုံ။ မအလ အကြမ်းဖက်တပ်ကြီး အခြေယိုင်လာပုံက နှစ်ပေါင်း ၇၀ ကျော်တပ်ကြီးမှ ဟုတ်ပါလေစ။ ပရုပ်လုံးတပ်ကြီးဖြစ်သွားသည်မှာ မယုံလျှင် ပုံပြင်သာမှတ်ပေရော။

၄ နှစ်မြောက်ရှိလာတော့ နှစ်ဦးတွင် ဒစက လောက်ကိုင်မှ အစပြု၍ လာရှိုး ရမခဌာနချုပ်ကြီးကျသွားသည်။ အရှိန်ပြင်းလှသော စခန်းသိမ်းတိုက်ပွဲများသည် တနေ့တစ်မျိုးမရိုးနိုင်၊ လိုက်မမီ။ အချို့ရက်များတွင်စခန်း ၆ ခုအထိ သိမ်းနိုင်ခဲ့ကြသည်။ မအလတပ်ကြီး၏ အလှူတော်လက်နက်ခဲယမ်းများကလည်း မော်ကွန်းထိုးလောက်သည်။ များပြားလှသော စစ်သုံ့ပန်းများ၊ ထမင်းမကျွေးနိုင်၍ တကြောင်း၊ စိတ်ဓာတ်စစ်ဆင်ရေးပေးလို၍ တကြောင်း၊ ထိန်းသိမ်းထားရန် လူအင်အားလိုအပ်ချက်ကြောင့် တကြောင်း၊ မအလတပ်ကြီး၏ ခံစစ်အသေဗျူဟာမှာ ဆုံးရှုံးမှုပေါင်းများစွာ မှတ်တမ်းဆိုးများဖြင့် ပြည့်နေတော့သည်။ အလံဖြူထောင်လိုက်ကြသည်အထဲ ကြွပ်ကြွပ်အိတ်တောင် ပါသေးသည်က ယခင်က သူတို့ ကဲ့ရဲ့ခဲ့သည်ကို အမှတ်ရစရာ။ ရန်သူ့လက်နက် ကိုယ့်လက်နက်၊ ပစ်အားဖြင့် စစ်ကစားမည် ဆိုသည့်အတိုင်း နှစ်ဆုံးတွင် နပခဌာနချုပ်ကြီးလည်း AA လက်ထဲ ရောက်သွားသည်။

သန္ဓေမမှန်၊ ပြည်ပကျူးကျော်စစ်ကို ခုခံကာကွယ်ေနခြင်း မဟုတ်။ မပူလိုလျှင် ယောက်မရှာရမည်ကို လက်ဖြင့် စုံနှိုက်လိုက်သည့် မအလ၊ ပူတယ်လေ ဆယ်နေကဲတော့သည်။ ပူသူကို မီးပူဟပ်တော့သည်။လုပ်မိလုပ်ရာ၊ ကယောင်ချောက်ချား စစ်မှုထမ်းဥပဒေကလည်း အပတ်စဥ် ၉ အထိရောက်နေပြီး ၄ သောင်းခွဲကျော် စုဆောင်းနိုင်သော်လည်း အရေအတွက်သာ ဖြစ်နေသည့် ဖုတ်ပူမီးတိုက်တပ်ကြီး။ မအလနှင့် ငမိုက်သား ဘူးလတ်လှဆွေ၊ လောလောဆယ် လုံခြုံသည့်နေရာမှာနေပြီး တော်လှန်ရေးကို အကြောက်တရားဖြင့် အမျိုးစုံ နောက်ကွယ်က ယုတ်မာနေသည့် ဘူးလတ်၊ အသက်ကြီးသော်လည်း အချိန်မစီး၊ အမှန်တရားကို မျက်ကွယ်ပြု မတရားမှုကိုသာ လုပ်ရန် ခုံမင်နေသည့် ခင်ရီ၊ သမိုင်းကောင်း၊ ပညာတတ်များဖြစ်သော်လည်း အလွဲအမှားများနှင့် အကြောက်တရားကြားက ရုန်းမထွက်နိုင်သေးသည့် ကိုကိုကြီးနှင့် အေးမောင်၊ မြန်မာပြည်၏အပေါဆုံး(အပေါဆုံး) ဗိုလ်ချုပ်ကြီးများ၊ မအလခန့် ဗိုလ်ရူးများ ဆိုသူများ၏ စိတ်ကူးယဥ်မှုများသည် မြင်းမိုရ်တောင်တည်းဟူသော နွေဦးတော်လှန်ရေးကို မုန့်ညင်းစေ့နှင့်ပစ်သလို။ ထိုသူများကား နွားများပမာ၊ ကြိုးလျှော့လို့ လျှော့ထားမှန်းမသိ။ ဖွတ်မြီးနှင့် ဖွတ်ကိုအချည်ခံနေရကြောင်းလည်း မသိဟန်ဆောင်နေသည်။ ယတြာလုပ်၊ ဗေဒင်မေးခြင်းသည် ဆန်ကုန် အလဟဿဖြစ်ကြောင်းကိုလည်း သိသိကြီးနှင့် ခါချဥ်ကောင် မာန်ကြီးနေကြသည်။ သူတို့သာ နိုင်မည်ဟု ရူးကောင်းနေဆဲ။

တကယ်လုပ် အဟုတ်ဖြစ်သည်။ တပ်ရင်းပေါင်း ၅၀၀ ကျော်ရှိသည့် တပ်ကြီး၊ ယခု တပ်ရင်းပေါင်း ၂၀၀ နီးပါး ပြုတ်သွားပြီ။ ဖမ်းမိ၊ သေဆုံး ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှုးကြီး၊ ဗိုလ်ဆိုသူများ၏ အရေအတွက်ကလည်း ကြောက်ခမန်းလိလိ။ စစ်ဌာနချုပ် ၂ ခု၏ စစ်အင်္ဂါစဥ်များ ပျက်သွားပြီ။ စစ်ကူ၊ တပ်ကူများကိုလည်း စစ်ကြောင်းလိုက် ပြုတ်အောင် တိုက်နိုင်ကြလေပြီ။ မြို့နယ်ပေါင်း ၃၀၀ ကျော်အနက် တော်လှန်ရေးတပ်များ၏ ထိန်းချုပ်မှုအောက် မြို့နယ်များသည် တနေ့တတခြား တိုးတိုးလာသည်။ မည်သို့သော ဗျူဟာများ ချတိုက်တိုက်၊ မအလတပ်ကြီးကား တိုက်တိုင်းရှုံး၊ အလံဖြူထောင်၊ လက်နက်ချ၊ ထွက်ပြေး၊ သေဆုံး၊ ဖမ်းမိ၊ CDMs လုပ် စသည့် ဝေါဟာရများသည်လည်း မအလတပ်သုံး စကားလုံးများ။ သူတပါး ပြည်တွင်းရေးကို ဝင်ရှုပ်နေသည့် တရုတ် ဖိအားများရှိလည်း တော်လှန်ရေးတပ်တိုင်းက တရုတ်လက်အောက်ခံ မဟုတ်။ မြန်မာပြည်သားများကား တရုတ်ကို အလိုမရှိ၊ တရုတ်ဆန့်ကျင်ရေးသမားများ။ နွေဦးတော်လှန်ရေးကိုအဆုံးအထိ ပါဝင်မည်ဟု TNLA က ဗြောင်ကြေညာချက်ထုတ်ခဲ့သည်မှာ လေးစားပါ၏။ ထောက်ခံသည့် အဖွဲ့များကလည်း တရုတ်ကြီး နားရွက်ကို တံတွေးဆွတ်ကြသည်။ AA အာရက္ခတပ်တော် ခေါင်းဆောင်ကလည်း သူတို့လူမျိုးအခြေပြုမှသည် လူမျိုးစုံစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအထိ ပြောင်းလဲလာသည်။ ဗျူဟာမြောက်လှသောစစ်ပွဲကိုလည်း မကြာခင် (မကြာခင်ဆိုတာ သိပ်မကြာတော့) ဆက်လက်တိုက်ခိုက်မည်ဟု ဆိုခဲ့သည်။ ကျန်နေသော EROs တပ်များကလည်း အသီးသီးဝိုင်းဝန်း တိုက်ခိုက်နေကြသည်။

ဧရာဝတီ၊ တနင်္သာရီ၊ ပဲခူးတိုင်းများသည်လည်း လှုပ်ရှားမှု ပြင်းထန်လာသည်။ တော်လှန်တပ်များ၏ ငြိမ်နေမှုများမှသည် အင်အားကြီးတပ်များနှင့် ပူးတွဲ စစ်ပွဲထဲပါလာတော့သည်။ မအလတပ်ကြီးကို နောက်ကွယ်က ထောက်ပေးနေသည့် ကပစ စက်ရုံများကိုလည်း စတင် ဗျင်းလာနေသည်။ ရှမ်းမြောက်ပြန် PDFs များ အညာရောက်သွားကြပြီး စုစည်းလက်တွဲတိုက်ခိုက်မှုများကလည်း ဗိုလ်ကောက်ရိုး၏ ဝက်လက်နယ်တိုက်ပွဲက အားတက်စရာကြီး။ ပြည်ထောင်စု အမြန်လမ်းမကြီးများပေါ်သို့ PDFs တပ်များ ပေါ်ပေါ်ထင်ထင် လမ်းသလားနေကြသည်။ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကြီးကလည်း အညာတွင် စတင်အခြေချနေပြီ။ မည်သည့်ဒေသကြည့်ကြည့် တော်လှန်ရေးတပ်များကိုအောင်သပြေပန်းနှင့် ကြိုကြသည်။ ပြည်ပရောက် မြန်မာပြည်သားများ၏ တာဝန်ကျေမှုများကလည်း ဘယ်နိုင်ငံမှ မကူညီချင်နေ" ငါတို့မှာ ငါတို့ရှိသည်"စိတ်ဓာတ်များ။ တော်လှန်ရေး အောင်ကိုအောင်ရမည်ဆိုသည့် ယုံကြည်ချက်က ခိုင်ခိုင်မာမာ။

မင်းအောင်လှိုင် အကြမ်းဖက်တပ်ကြီးကား အင်အားကြီးမားဆဲ ဆိုသည်မှာ မှန်ပါသည်။ သို့သော်စပါးကြီးမြွေကို လင်းမြွေ ပတ်နိုင်ကြောင်း မေ့နေကြ၏။ ပြည်သူလည်း အလိုမရှိ၊ နိုင်ငံတကာမှလည်း အသိအမှတ်မပြု၊ ရှက်ရကောင်းမှန်းလည်း မသိ။ သူ့ပထွေးလူယုတ်မာ ရှီကျင်ဖျင် လေပုတ်ထုတ်ပြရုံလေးဖြင့် ပြည်သူအပေါင်းကို အကြမ်းဖက် သတ်ဖြတ်နေသော အရူးအနှမ်းကြီး။ စေသည့်ကျွန် ထွန်သည့်နွားများ ဖြစ်သည့် ငမိုက်သား မအလ ကျွန်များကလည်း တရားသောစစ် နိုင်ရမည်ဟု ဆောင်းတွင်းအိပ်မက် မက်နေကြသည်။ စစ်ရေးအကဲခတ်ပညာရှင်များ၊ နိုင်ငံတကာမှ စောင့်ကြည့်နေသူများကို မျက်လုံးမျက်ဆန်ပြူးသွားအောင်၊ အင်အားကြီးမားပါသည် ဆိုသော မအလတပ်ကြီး ပြိုကွဲလုနီးပါးဖြစ်အောင်၊ လေတပ်တခုသာ အားကိုးစရာရှိသည့် အရူးမီးဝိုင်းတပ်ကြီး ဖြစ်လာအောင် စွမ်းဆောင်ထားသည့် နွေဦးတော်လှန်ရေး။ ပြည်သူများ ထောက်ခံသည့် နွေဦးတော်လှန်ရေးသည် ဧကန်မုချ မြေကြီးလက်ခတ်မလွဲ အောင်မြင်မည်မှာ ရဲရဲကြီး ထင်းနေသည်။ ပကတိမြေပြင်အခြေအနေအရမှာ တော်လှန်ရေးတပ်များ၏ အောင်ပွဲများ။

သဘာဝတ္ထအခြေအနေကို ကြည့်မလား။ အထက်တွင် ဥပမာပေးခဲ့သည့် ကော်ဖီပူပူ တခွက်ထဲမှ ရေသည် မအလတပ်ကြီးနှင့် တူသည်။ ရေကန်ကြီးထဲမှ ရေသည် နွေဦးတော်လှန်ရေးနှင့် တူသည်။ ကော်ဖီခွက်ထဲမှ ရေပူပူသည် temperature အရ ပိုပူသည်မှာ မှန်၏။ သို့သော် ပါဝင်သည့် ရေမော်လီကျူးက နည်းသည်။ ရေကန်ကြီးထဲမှ ရေသည် အပေါ်ယံအားဖြင့် အေးသည် ဆိုနိုင်၏။ သို့သော် ရေမော်လီကျူး ပါဝင်မှု ပိုများပြီး ထိုအေးသည် ဆိုသော ရေမော်လီကျူးများ စုပေါင်းနေမှုသည် ကော်ဖီပူပူထဲရှိ ရေထက် ပိုပူကြောင်း၊ ပိုအင်အားများကြောင်း၊ စုစည်းအားပိုကောင်းကြောင်း ငြင်းနိုင်သူ ငြင်းကြပါလေ။ မျက်စိမှိတ် ဇွတ်အတင်း ပြောနေခြင်း မဟုတ်၊၊ ဦးပေါ်ဦး၏ ကျွဲနိုင် နွားနိုင်လည်း မဟုတ်။ 

ကျွန်တော်တို့ နွေဦးတော်လှန်ရေးသည် မအလကို ဖြုတ်ချ၊ အာဏာရှင်ကို အမြစ်ပြတ်အောင် တိုက်ထုတ်နိုင်မည့် "အနိုင်မှ အနိုင်"။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar