Thomas Friedman - ထရမ့်လည်း ဝုက်ပြီ
Thomas Friedman - ထရမ့်လည်း ဝုက်ပြီ
အောင်သူငြိမ်း
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၂၅
Thomas Friedman. (Jan 28, 2025). Trump Is Going Woke. New York Times
လက်ယာယိမ်း ၀ုက်
ကျနော် နားလည်ထားတာက ထရမ့်ကို သမ္မတရွေးချယ်တင်မြှောက်လိုက်ကြတာက ကျနော်တို့ရဲ့ နယ်စပ်တွေကို ပိုလို့ ကောင်းမွန်စွာ စီမံခန့်ခွဲဖို့ရယ်၊ လက်ဝဲယိမ်း ဝုက်ဝါဒကို ထိန်းချုပ်ဖို့ပါပဲ။ ဒါပေမယ့် စိတ်ထင်ယောင်ထင်မှားတွေ မဖြစ်ကြပါနဲ့။ ထရမ့်ရဲ့ လက်ျာယိမ်း ဝုက်ဝါဒ ရှိလာပါတော့မယ်။ ဆိုလိုတာက လျှပ်စစ်ကား (EV) တွေနဲ့ ပြန်ပြည့်မြဲစွမ်းအင်ကိစ္စ တွေကို မေးခွန်းထုတ် ပိတ်ပင်ဟန့် တားတာတွေ ရှိလာပါတော့မယ်။ ဒီကိစ္စတွေက ‘အမေရိကကို တဖန်ပြန်ကြီးမြတ် အောင် လုပ်ကြပါစို့’ ဆိုတဲ့ (MAGA) အတွေးအခေါ်နဲ့ မကိုက်ညီလှပါဘူး။ သိပ်ပြီးတော့လည်း ယောက်ျားမဆန်လှပါဘူး။ ယဉ်ကျေးမှုဆိုင်ရာ လက်ဝဲ ဝုက်ဝါဒလိုပဲ၊ ဆင်ခြင်တုံ တရားနဲ့ ဝေးကွာသလို အမျိုးသား အကျိုး စီးပွားဆိုတာနဲ့လည်း လားလားမျှ မဆိုင်လှပါဘူး။
ကျနော်တို့ရဲ့ အခြေခံထုရဲ့ အကျိုးစီးပွားနဲ့လည်း ဆိုင်မနေပြန်ပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ လေအားလျှပ်စစ်ထုတ် နေကြတဲ့ ပြည်နယ် ၅ ခုဟာ အနီလွှမ်းတဲ့ ပြည်နယ်တွေပါ။ သူတို့လိုအပ်တဲ့ စွမ်းအင် အနည်းဆုံး သုံးပုံတပုံလောက်ကို လေအားကနေ ရယူထုတ်လုပ်နေကြပါတယ်။ ဒါဟာ ပထဝီနဲ့ပဲ ဆိုင်ပါတယ်။ နိုင်ငံရေးနဲ့ မဆိုင်ပါဘူး။ အမေရိကန် အလယ်ပိုင်းဒေသက ကျေးလက်ခရိုင် အများအပြားမှာ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်နေကြသလို၊ လေစွမ်းအား ထုတ်နိုင်တဲ့ အလားအလာတွေလည်း ရှိနေကြပါတယ်။ သူတို့ သိကြပါတယ်၊ ဒါကြောင့်လည်း အားသာချက်ကို ရယူ လုပ်ဆောင်နေကြတာပါ။ ဒီလူတွေက ရီပတ်ဘလစ်ကန်ပါတီကို မဲပေးခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
ပိုဆိုးတာက အကယ်၍ ထရမ့်က ဘာပဲဖြစ်ဖြစ် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတွေနဲ့ပဲ သွားဖို့ ဆိုကြပါစို့၊ ဒါကရော ကျနော်တို့ရဲ့ မဟာဗျူဟာ ဖြစ်နိုင်ပါသေးသလား။ လူထု စုဝေးပွဲတွေမှာ မဲဆွယ်တုန်းက “တူးသားတူး၊ ဘေဘီ၊ တူးသာ တူး” ဆိုပြီး သူက ကြွေးကြော်ခဲ့ပါသေးတယ်။ အခုလို အေအိုင် (AI) ကာလ၊ လျှပ်စစ်ကားတွေ၊ ဘက်ထရီတွေ၊ အလို အလျောက်မောင်း လူမဲ့ကားတွေရဲ့ အရုဏ်ဦးမှာ ဒီလိုပုံစံမျိုးနဲ့ အမေရိကကို တဖန် ပြန်လည်ကြီးမြတ်စေမှာ မဟုတ်ပါဘူး။ သေချာတာက တရုတ်ကို ပြန်ပြီးကြီးမြတ်စေဖို့ ဖြစ်ပါလိမ့်မယ်။
အမှန်ဆိုရရင်၊ ထရမ့်က ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ သူက အမေရိကန်တွေကို အင်္ဂါဂြိုဟ် (Mars) အထိ ရောက်စေဖို့ အစီအစဉ်ချထားတယ်၊ ဒါကို တွန်းအားပေးမယ်လို့ ဆိုခဲ့ပါတယ်။ ကျနော့်ခေါင်းထဲကို ပထမဦးဆုံး ရောက်လာတဲ့ ပထမဦးဆုံး မြော်မြင်ချက်ပါ။ အမေရိကန်ပြည်ထောင်စုက အာကာသယာဉ်မှူးတွေက ဂြိုဟ်နီကြီးပေါ်ကို ဆင်းသက်ကြတဲ့အခါ တရုတ်အာကာသယာဉ်မှူးတွေ အရင်ရောက်နေကြတာ မြင်တွေ့ကြရပါလိမ့်မယ်။ တရုတ်တွေက မေးပါလိမ့်မယ်။ “ခင်ဗျားတို့ဗျာ ဘာဖြစ်လို့ ဒီလောက် ကြာနေကြတာလဲ”ဆိုပြီး။
ဟေး၊ ဖရိဒ်မင်း၊ ခင်ဗျားက ဘာဖြစ်လို့ အမေရိကန်ကို တရုတ်နဲ့ နှိုင်းယှဉ်နေရတာတုန်းလို့ စာဖတ်သူတွေက မေးကြပါလိမ့်မယ်။
သေချာတာက ကျနော် အဲဒီနိုင်ငံမှာ နေချင်လို့ မဟုတ်ပါဘူး။ ဒါမှမဟုတ် ပြဿနာ ရှိနေလို့ မဟုတ်ပါဘူး။ အဲဒီနိုင်ငံမှာ ပြဿနာတွေက အများအပြား နက်ရှိုင်းစွာ ရှိနေပါသေးတယ်၊ အထူးသဖြင့် ဘဏ်လုပ်ငန်းတွေမှာပါ။ ဒါပေမယ့် ဒီလို ပြဿနာ အများ ရှိနေပေမယ့်လည်း တရုတ်နိုင်ငံက ကြီးကျယ်တဲ့ လုပ်ငန်းတွေ ဘယ်လို လုပ်ကိုင်ရမယ်ဆိုတာ သိနေကြ ပါတယ်။ များသော အားဖြင့် အထက်က အောက်ကိုလာတဲ့အမိန့်တွေနဲ့ အကြွင်းမဲ့အင်အားသုံး လုပ်ကြပါတယ်။ ပုံမှန် အားဖြင့် အစိုးရက အကြီးအကျယ် ထောက်ပံ့ပေးပြီး တီထွင်ဆန်းသစ်မှု လုပ်ငန်းတွေကို အားဖြည့်ပေးကြပါတယ်။များသောအား ဖြင့် ဆင်ခြင်တုံတရားနဲ့ အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်ကြတာပါ။ ပိုလို့ ဖြစ်စေနိုင်တာက အာဏာရှင် စနစ်ကပဲ ပိုလို့ကောင်းနေသယောင် ထင်မြင်စေနိုင်ပပါတယ်။ ပိုလို့ တီထွင်ဖန်တီး တီထွင်မှုတွေ ဖြစ်စေသလိုပါပဲ။
တရုတ်၏ နောက်ပြန်မဆွဲတဲ့ဝါဒ
တရုတ်က လျှပ်စစ်ထုတ်တာကို နည်းလမ်းတမျိုးတည်းနဲ့ လုပ်နေရလောက်အောင် သိပ်မိုက်မဲ မနေပါဘူး။ ကွန်ဆာဗေး တစ်ပဲ ဖြစ်ဖြစ်၊ လစ်ဘရယ်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မော်ဝါဒီပဲဖြစ်ဖြစ် အခြား ဘာအယူအဆ ဝါဒ ကိုင်စွဲနေနေ လုပ်သင့်တာ လုပ်ကြမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ရလဒ် အီလက်ထရွန်တွေ ထွက်လာဖို့ပါပဲ။ ဒီကိစ္စမှာ နိုင်ငံရေးတွေ မလိုအပ်ပါဘူး။ ဘေဂျင်းက ကရုစိုက်တာအားလုံးက ဘယ်ကိစ္စက ပေါကြွယ်ဝသလဲ၊ ပိုထိရောက်သလဲ၊ ပိုဈေးချိုသလဲ၊ ပိုသန့်ရှင်းသလဲ၊ ဒါပါပဲ။
ကျနော်က “တိုက်ဆိုင်မှု” တခုကြောင့် အံ့အားသင့်မိပါတယ်။ ထရမ့် သမ္မတကျမ်းသစ္စာကျိန်ဆိုတဲ့ နေ့မှာ သူက ကြွားလုံး ထုတ်ခဲ့ပါတယ်။ “အမေရိကက မကြာခင်မှာ ကြီးမြတ်လာတော့မယ်။ အရင့်အရင်ကာလတွေ ထက်စာရင် သူမတူအောင် များစွာ ပိုအားကောင်းလာမယ်။” လို့ ဆိုခဲ့ပါတယ်။ တိုက်ဆိုင်စွာ တရုတ်နိုင်ငံက အေအိုင် (A.I) အစပျိုးကုမ္ပဏီ ဒိ ဆိ (က်) (DeepSeek) က အေအိုင်မိုဒယ် အသစ် (R1) ကို ထုတ်ပြလာခဲ့တာပါ။ သူ့အေအိုင်မှာ ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ စွမ်းအား အဆင့်သစ်တခုကို ပြသလာခဲ့ပါတယ်။ ပိုလို့ အဆင့်မြင့် စမတ်ဖြစ်တဲ့ အယ်လ်ဂိုရစ်သမ် (smarter algorithm) မျိုးနဲ့မှသာ ရနိုင်တဲ့ စွမ်းအင်မျိုးပါ။ အမေရိကန်နိုင်ငံက တရုတ်ကိုတင်ပို့ခွင့် ကန့်သတ်ထားတဲ့၊ အဆင့်မြင့် အမေရိကန် ချစ်ပ်ပြားတွေ ကို တင်သွင်းအသုံးပြုတာ မရှိဘဲ လုပ်ခဲ့တာပါ။ ပိုလို့ကြီးတဲ့ လိမ္မော်သီးတွေနဲ့သာ ဆိုရင် ပိုအရည်ရွှမ်းချိုတဲ့ အေအိုင် (A.I.) တွေကို ပိုလို့ ထုတ်လုပ်နိုင်ဖွယ်ရှိပါတယ်။ (ပိုလို့ ကြားနေသဘောဖြစ်မယ့် ကွန်ရက်တွေရယ်၊ ဒေတာတွေ ရယ်ပဲ လိုအပ်ပါတယ်) ဒါမှမဟုတ် လိမ္မော်သီး သေးသေးဆိုရင်လည်း ပိုလို့ အားကောင်းကောင်းနဲ့ ပိုလို့ အထာကျတဲ့ အယ်လ်ဂိုရစ်သမ် (smarter algorithm) နဲ့ အားထည့်ညှစ်ရမှာပါ။ DeepSeek က ဒီလိုမျိုး ဆောင်ရွက်ခဲ့တာပါပဲ။
Business Insider ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးတပုဒ်က “DeepSeek က ပြောတာက R1 အခု မိုဒယ်ဟာ OpenAI o1 ရဲ့ စွမ်းဆောင်မှုနဲ့ ယှဉ်ကြည့်လို့ရတယ်လို့ ဆိုပါတယ်။ သင်္ချာသဘော၊ ကုဒ်ရေးတာသဘော၊ ကျိုးကြောင်း ဆင်ခြင်မှု လုပ်ငန်းတွေမှာ တူညီသလောက်ပါပဲ” လို့ YouTube channel ဆော့ဖ်ဝဲယားရေးသူ သီအို ဘရောင်နီ (Theo Browne) ကို ကိုးကား ဖော်ပြပါတယ်။ “အခုအသစ် DeepSeek R1 မိုဒယ်ကတော့ တကယ့် လက်စွမ်းကုန်ပါပဲ” လို့ ဆိုပါ တယ်။ ဒီကိစ္စတွေက စွမ်းအင်မူဝါဒတွေနဲ့ ဘယ်လိုသက်ဆိုင်နေလို့ပါလဲ။
ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့မှာ အရာအားလုံးက ဆက်စပ်နေလို့ပါ။ သေချာတာက ထရမ့်နဲ့ သူ့ရဲ့ ဝုက်ဝါဒ ခေါင်းဆောင်တွေက နားလည်မနေကြပါဘူး။
ပိုကောင်းတာက ဘာလဲ
အေအိုင် (A.I.) က ပိုလို့ မြန်မြန်ဆန်ဆန် တိုးတက်လာလေ၊ ပိုလို့ ထက်မြက်လာပြီး၊ ပိုလို့ စမတ်ကျတဲ့ အလိုအလျောက် မောင်း လျှပ်စစ်ကားတွေကို ဖြစ်လာစေပါလိမ့်မယ်။ ဒါပေမယ့် အေအိုင် (A.I.) က ပိုလို့တိုးတက်လာလေ ပိုလို့စွမ်းအင် လို အပ်လာလေပါပဲ။ စွမ်းအင် ပိုလိုအပ်လာရင် ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ပိုလို့ လိုအပ်လာမှာ မလွဲပါဘူး။ ဒါမှသာပဲ ဥတုဖောက်ပြန် ပြောင်းလဲမှု ပိုလို့ မဆိုးရွားစေမှာ ဖြစ်ပါတယ်။ ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ပိုလို့ ဖြစ်လာလေလေ၊ အမေရိကအနေနဲ့ အေအိုင် (A.I.) ကို ပိုလို့ ထုတ်လုပ်နိုင်မှာပါ။ အမေရိကအနေနဲ့ ပိုလို့ ထက်မြက်တာတွေ တီထွင်ထုတ်လုပ်နိုင်ပြီး၊ ပိုကောင်းတဲ့ လျှပ်စစ်ဘက်ထရီတွေ ဖြစ်လာပါလိမ့်မယ်။ ကျနော်တို့ ပိုကောင်းတဲ့ ဘက်ထရီတွေ ဖြစ်လာလေလေ၊ ပိုလို့ သူတို့က စွမ်းအင်ပေးနိုင်ပါလိမ့်မယ်။
မော်တော်ကားတွေကနေ အိမ်တွေ၊ စက်ရုံတွေအထိ စွမ်းအင် ပေးနိုင်ပါလိမ့်မယ်။ ကျနော်တို့ မော်တော်ကား ထုတ်လုပ်ရာ အော်တိုကုမ္ပဏီတွေ ကမ္ဘာပေါ်မှာ ပိုလို့ ပြိုင်ဆိုင်နိုင်စွမ်း မြင့်လာပြီး၊ နောက်ပိုင်း ကမ္ဘာမှာ ရွှေ့လျားမှုတွေက စပ်ကြား လျှပ်စစ်စနစ် (hybrid-electric) တွေ၊ လုံးဝ လျှပ်စစ်သုံး စနစ်တွေ၊ အလိုအလျောက် မောင်းနှင်တဲ့ ယာဉ်တွေ ဖြစ်လာပါလိမ့်မယ်။
တနည်းဆိုရရင်တော့ ၂၁ ရာစုမှာ အေအိုင် (A.I.) ပိုလို့ စမတ်ကျတဲ့၊ ဈေးချိုတဲ့၊ ပိုထိရောက်ထက်မြက်တဲ့ ဂေဟဗေဒစနစ် ရှိနေတဲ့ နိုင်ငံက၊ လျှပ်စစ်ကား (E.V.s)၊ စမတ် ဘက်ထရီတွေ၊ သန့်စင်တဲ့ စွမ်းအင်တွေ အလျှံပယ် ပေါကြွယ်နေတဲ့ နိုင်ငံ က လွှမ်းမိုးနိုင်မှာပဲ ဖြစ်ပါတယ်။ စက်မှုတော်လှန်ရေးခေတ်မှာလိုပဲ အကြီးမားဆုံး ကျောက်မီးသွေး၊ သံမဏိ၊ ရေနံ၊ ပေါက် ကွဲ လောင်ကျွမ်းစေမယ့်အင်ဂျင် ဂေဟစနစ်ရှိတဲ့သူတွေက အနိုင်ရခဲ့သလိုမျိုး ဖြစ်ပါတယ်။
ဒါက ဂေဟစနစ်သဘောပြောရင် မိုက်မဲလှတာလို့ ပြောချင်တာပါ။ ကျနော်တို့ ဦးနှောက်တခြမ်းကို အသေထား လိုက်ရင်၊ လက်ျာစွန်း ဝုက်ဝါဒကြောင့် ခင်ဗျား ရှုံးရတော့မှာ ဖြစ်ပါတယ်။
စမတ်လား စတူးပစ်လား
ပြောရရင် ဆန်ဖရန်စစ္စကို ကျနော့် မိသားစု ရှိနေပါတယ်။ ကျနော် သွားလည်တဲ့ အချိန်တိုင်းမှာ ဂူးဂဲက တီထွင် ထုတ် လုပ်ထားတဲ့ အလိုအလျောက်မောင်း တက္ကစီကား ဝေမို (Waymo) ကိုပဲ သုံးပါတယ်။ သူတို့က ပလက်ဖောင်းနား ကပ် လာပြီး ကျနော့်ကိုလာကြိုတာ သိပ်စိတ်ကျေနပ်ရပါတယ်။ ကျနော့် နာမည်အတိုကောက်က ကားထိပ်မှာ ဖော်ပြထား ပါတယ်။ ကျနော်က နောက်ထိုင်ခုံမှာ ထိုင်လိုက်ရင် ကျနော်ကြိုက်တတ်တဲ့ တေးဂီတချင်နယ်ကို ဖွင့်ပေးပြီး၊ ကျနော့် လိုရာကို ထွက်ခွာပါတော့တယ်။ စိတ်ပူပန်စရာ မရှိသလို၊ ပြဿနာလည်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မောင်းနေတာ လူမဟုတ်လို့ပါပဲ။
ဒါပေမယ့် အလိုအလျောက်ကားတွေနဲ့ ပတ်သက်လို့ သိပ်မကြာခင်မှာ လာပါတော့မယ်။ အလိုအလျောက်မောင်း ဘတ်စ် ကားတွေ၊ နောက်တွဲရှည်ကြီးနဲ့ကုန်ကားတွေ လာပါတော့မယ်။ ဒီကားတွေအားလုံးက လျှပ်စစ်နဲ့ မောင်းတာဖြစ်ပြီး ဂြိုဟ် တုနဲ့ ဆက်သွယ်ထားကြပါမယ်။ လျှပ်စစ်မော်တာတွေက သူတို့အသုံးပြုတဲ့ ဘီးတွေကိုလည်ဖို့ လောင်စာပမာဏကို ချက် ချင်းအပြောင်းအလဲ လုပ်နိုင်ပါတယ်။ အချိန်တိုခဏတဖြုတ်မှာ ဓာတ်ဆီကားတွေလိုပဲ ကားအရှိန်ကိုမြှင့်တင်နိုင်ပါတယ်။ လျှပ်စစ်ကားက အချိန်တိုအတွင်း တုံ့ပြန်မှု မြန်လာဖို့ဆိုတာ အလိုလျောက်မောင်းကားတွေမှာတပ်ထားတဲ့ ကွန်ပြူတာက အရေးကြီးပါတယ်။ ဒီလိုမှသာ လူတွေသေပျောက်မှု မဖြစ်စေမှာပါ။
သတိရဖို့က အခုကားတွေဆိုတာ ဘီးတပ်ထားတဲ့ စမတ်ဖုန်း၊ စမတ် ရိုဘော့၊ စမတ်ဘက်ထရီတွေလိုပါပဲ။ ဒါကြောင့်မို့ ဖုန်းထုတ်လုပ်တဲ့ ရှောင်မီ (Xiaomi) တို့၊ ဟွာဝေး (Huawei) တို့က တရုတ်လူကြိုက်များတဲ့ ကားတွေကို ထုတ်လုပ်နေ တာ အံ့ဩစရာ မရှိပါဘူး။ BYD ကတော့ ဘက်ထရီထုတ်လုပ်တဲ့ ကုမ္ပဏီပါ။ တရုတ်ကုမ္ပစီတွေက သူတို့ကိုယ်သူတို့ ဒစ်ဂျစ်တယ် သယ်ယူပို့ဆောင်ရေး ယာဉ်/ ပစ္စည်းတခုထုတ်လုပ်နေတယ်လို့ ယူဆထားကြပါတယ်။ ကားသက် သက် မဟုတ်ပါဘူး။ အသံနဲ့ဗီဒီယိုအပါအဝင် မောင်းနှင်ရတဲ့အတွေ့အကြုံတစုံလုံးက လုံးဝခြားနားပါတယ်။ အမေရိကန်က ကား (အော်တို) ကုမ္ပဏီအများစုက ကားသက်သက်ကို ထုတ်လုပ်နေကြဆဲပါ။ သူတို့က သင့်ဖုန်းနဲ့ ဆက်သွယ်မထားပါဘူး။ ကွာခြားချက်က ဒါပါပဲ။ (အမေရိကန်မှာ ထူးခြားထင်ရှားတဲ့စက်မှုဆုံးဖြတ်ချက်ချတာတခုက အက်ပဲနဲ့ ဂူးဂဲက မော်တော်ကားဆက်ပြီး မထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါပဲ။)
ကမ္ဘာပေါ်မှာ အလျှင်အမြန် ကြီးထွားလာနေတဲ့ကားထုတ်လုပ်သူ BYD က လူမလိုတဲ့ အလိုအလျောက်မောင်း နည်းပညာထဲကို ဒေါ်လာ ၁၄ ဘီလီယံ ထည့်သွင်း ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ နယူးယောက်တိုင်းမ်သတင်းစာရဲ့ ဘေဂျင်းဗျူရို ဌာန အကြီးအကဲ ကီးယက် ဘရက်ရှာ (Keith Bradsher) က ဒီအကြောင်း ပြီးခဲ့တဲ့နှစ်က သတင်းပေးပို့ခဲ့ပါတယ်။ BYD က အနာဂတ်မှာ လူမလိုဘဲ အလိုအလျောက်မောင်းနှင့်တဲ့နည်းပညာဖြစ်လာမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် အင် ဂျင်နီယာ ထောင်ပေါင်းများစွာနဲ့ ခုန်ကူးခဲ့တာပါ။ ဒီအချိန်မှာ အမေရိကန်ကား ကုမ္ပဏီ ဂျီအမ် (G.M.) က သူ့ရဲ့ လူမလိုတဲ့ အလိုအလျောက် တက္ကစီစီမံကိန်း (Cruise) ကို ရပ်ပစ်ခဲ့ပါတယ်။ ငွေတွေကို သူတို့ရှယ်ယာပြန်ဝယ်တဲ့ စီမံကိန်းထဲထည့်ခဲ့ပါတယ်။ သင့်အနာဂတ်ကို ဘယ်လို ငွေကြေး အကြွေးယူ တည်ဆောက်ကြမလဲဆိုတာ ပြောကြပါစို့။
သေချာတာက တကယ့်စံပြဖြစ်တဲ့ လျှပ်စစ်ကား (E.V.) ဆိုတာ ပြန်ပြည့်မြဲ စွမ်းအင် ကနေပဲ အားဖြည့်ရယူပါတယ်။ လေ၊ နေရောင်ခြည်၊ ရေလှိုင်း၊ ရေအားလျှပ်စစ် နဲ့ အဏုမြူစွမ်းအင်တွေကနေ ရယူတာပါ။ ဒါမှသာ သင်က တကယ့်ကို သန့်ရှင်း စွာ စီးနင်းနိုင်မှာပါ။ တရုတ်နိုင်ငံက ဒီအခြေအနေလောက်ကို မရောက်သေးပါဘူး။ ဒါပေမယ့် တရုတ်ရဲ့ စွမ်းအင် ချည်းကပ်မှုက ဂျိုးဘိုင်ဒင်၊ ဘားရက်အိုဘားမား၊ ဂျော့ ဒဗလျူဘုရှ် ရွေးချယ်ခဲ့တဲ့ နည်းလမ်းပါ။ အထက်ဖော်ပြခဲ့တဲ့ နည်းလမ်းတွေ အားလုံး ဖြစ်ပါတယ်။
ရေနံကနေ လမ်းခွဲပါ
ဟုတ်ပါပြီ။ ကျနော်တို့ရဲ့ အားသာချက်ဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အသုံးချကြပါစို့ရဲ့။ သမ္မတ ဘိုင်ဒင်ကာလ ၂၀၂၃ ခုနှစ်မှာ အမေရိကက ကမ္ဘာပေါ်မှာရှိတဲ့ အခြားနိုင်ငံတွေထက်ကို သမိုင်းမှာ မကြုံစဖူး ရေနံတွေ တူးထုတ်ခဲ့ပါ တယ်။ ဒါပေမယ့် သူက ကျနော်တို့က ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ အားသာချက်ကို ကျနော်တို့က အသုံးချနေဆဲပဲ လို့ ဆိုပါတယ်။ လေအား၊ နေရောင် ခြည်၊ ဟိုက်ဒြိုဂျင်၊ ပေါင်းစပ်မှု ဖြူးရှင်း (fusion) လောင်စာ နဲ့ အဏုမြူတွေကို နှစ်ဆတိုး ထုတ်ကြပါစို့။ လျှပ်စစ်ယာဉ်တွေ ထုတ်ကြပါစို့၊ ဒါမှသာ ရွေ့လျားနိုင်မှုကို ကျနော်တို့ ပိုင်ဆိုင်ရမှာပါ။ အေအိုင် (A.I.) -ဘက် ထရီ- အလိုအလျောက် လုပ်ဆောင်မှု စတဲ့ ဂေဟစနစ်နဲ့ မောင်းနှင်နိုင်မှာပါ။ ဒီအင်ဂျင်ကသာ ၂၁ ရာစုအတွက် များစွာသော တီထွင်ဖန်တီးမှုတွေကို ဆောင်ကျဉ်းပေးနိုင်မှာပါ။
ဒီလိုနဲ့ ထရမ့် ရောက်လာပါလေရော။
သူက ချက်ချင်းဆိုသလို “အမျိုးသား စွမ်းအင်လောင်စာ အရေးပေါ်အခြေ အနေ” ကြေညာခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အမေရိကန် အေအိုင် (A.I.) ကုမ္ပဏီတွေက သူ့ကို ပြောလို့ပါ။ အမှန်ပြောရရင် သူတို့အနေနဲ့ လောင်စာစားသုံးမှု ကြီးတဲ့ ဒေတာစင်တာကြီးတွေအတွက် လုံလောက်တဲ့ စွမ်းအင် ရရှိနိုင်မှာ မဟုတ်ပါဘူး။
ထရမ့်က သူကြေညာခဲ့တဲ့ အရေးပေါ်အခြေအနေနဲ့ ပတ်သက်လို့ ဘယ်လို ဖြေရှင်းဖို့ သူ အဆိုပြုထားပါသလဲ။ ကျောက် ဖြစ်ရုပ်ကြွင်း လောင်စာတွေကို နှစ်ဆတိုးထုတ်မယ်ဆိုတယ်။ ဒါတွေနဲ့အတူ ဘိုင်ဒင်ကာလက ညွှန်ကြားထားတဲ့ လေအား စွမ်းအင် ထုတ်ယူတဲ့ တာဘိုင်တွေအတွက် မက်လုံးပေးတာတွေကို ရပ်ဆိုင်းပစ်မယ်လို့ ဆိုတယ်။ နေရောင်ခြည်သုံး စွမ်း အင်တွေအပေါ် မက်လုံးပေးတာတွေကို သံသယဖော်ပြပြီး၊ အေအိုင် (A.I.) လုပ်ငန်းအတွက် လျှပ်စစ် သိပ်သုံးတဲ့ ဧရာမ ဒေတာစင်တာတွေဆောက်ဖို့ အထူးအားပေးမယ်ဆိုတယ်။
ဒီကိစ္စက ဂေဟစနစ်တခုသာ မဟုတ်ပါဘူး။ ဒါက လက်ျာစွန်း ဝုက်ဝါဒီတွေရဲ့ စွမ်းအင်ဆိုင်ရာ အရှုပ်အထွေးပါ။
ဟဲလို? ကြားကြပါရဲ့လား။ အခုကာလမှာ လေနဲ့ နေရောင်ခြည်စွမ်းအင်တွေက နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်အတွက် ထုတ်လုပ်မှု ၁၄ ရာခိုင် နှုန်းကို ပေးဆောင်နေပါတယ်။
အရေးပေါ်အခြေအနေက ခေါင်းဆောင်ဆီမှာ
ဘယ်လောက် မိုက်မဲသလဲဆိုတာ ဖော်ပြဖို့ ကျနော့်မှာ စကားလုံး မရှိတော့ပါဘူး။ Times ဂျာနယ်က သတင်းခန်း လုပ် ဖော်ကိုင်ဖက်က ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရေးခဲ့ပါတယ်။ “ထရမ့်က အမေရိကန်ပြည်ထောင်စုအနေနဲ့ စွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြုံနေရတယ်လို့ ကြေညာခဲ့တယ်။ ဒါပေမယ့် လျာထားချက်ရှိနေတဲ့ မဂ္ဂါဝပ် ထောင်ပေါင်းများစွာ ထုတ် ပေးနိုင်တဲ့ လေအားလျှပ်စစ် စီမံကိန်းတွေကို တားဆီးခဲ့တယ်။ ဒီစီမံကိန်းတွေကနေ အိမ်တွေ၊ စီးပွားရေး လုပ်ငန်း တွေကို စွမ်းအင် ပေးနိုင်မှာပါ။ သူက အမေရိကန်ရဲ့ ကုန်ထုတ်လုပ်ငန်း အားကောင်းလာစေရေးကို ပြောတယ်။ ဒါပေမယ့် လျှပ် စစ်ကား ထုတ်လုပ်မှု စက်မှုလုပ်ငန်းတွေကနေ ပံ့ပိုးပေးနေတာတွေကို ရုပ်လိုက်ဖို့ စီစဉ်နေတယ်။ သူက ဒေါ်လာ ဘီလီယံ ချီပြီး အမေရိကန်ပြည်ထောင်စုရဲ့ အသစ်သော အခြားစက်ရုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပြန်တယ်”။
Sierra Club ရဲ့ ယခင်ဥက္ကဋ္ဌ နဲ့ စာရေးသူ ကားလ်ပုပ် (Carl Pope) က စီးပွားရေးလုပ်ငန်းရှင်နဲ့ နိုင်ငံရေးသမား မိုက္ကယ် ဘလူးမ်ဘာ့ဂ် (Michael Bloomberg) နဲ့အတူ ပြောထားတာက “ဥတုဖောက်ပြန် ပြောင်းလဲမှုအတွက် မျှော်လင့်ချက်” ပါ။ “အဲဒါက မီးလှန့်သံချောင်း ခေါက်တာမျိုးကနေ နောက်ပိုင်းမှာ မီးသတ်ဌာနကို လွှတ်လာစေတာမျိုးပါ”။
အဲဒါအပြင် ပုပ် (Pope) က ကျနော့်ကို ပြောတာက အကယ်၍ ကျနော်တို့က ယူအက်စ်ရဲ့ လေအားကနေ လျှပ်စစ်ထုတ် ယူမှု လုပ်ငန်းတွေကို ပိတ်ဆို့လိုက်မယ်ဆိုရင် လျှပ်စစ်လိုအပ်ချက်က ဆိုးရွားလာလိမ့်မယ်။ ဒါဆိုကျနော်တို့က ဆိုင်းငံ့ ထားခဲ့တဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်တာတွေကို ပြန်ခွင့်ပြုရကောင်း ရနိုင်တယ်။ “ဒီကိစ္စဖြစ်လာရင် သိပ်ပြီး ငွေကုန် ကြေးကျ များပါတယ်” လို့ ပြောတယ်။ ထုတ်လုပ်တဲ့ ကာဘွန်ဓာတ်ငွေ့တွေကြောင့် ညစ်ပတ်ရတာတွေတော့ မပြောပါနဲ့တော့။
ဒီအချက်က လူသာမာန်တွေ စဉ်းစားဆင်ခြင်ကြည့်နိုင်တာ အားလုံးနဲ့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။ အမှန်ဆိုရရင် လုံးဝ အဓိပ္ပါယ် မရှိပါဘူး။ တရုတ်က ဒီလိုရင်တော့ အသေချစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်ရင် အမေရိက အနေနဲ့ ဘယ်လောက် အင်အားပျော့ ချိနဲ့သွားမယ်ဆိုရင် သူတို့ခေါင်းဆောင်တွေ ကောင်းကောင်း သိနေလို့ပါပဲ။ အနာဂတ် စက်မှုလုပ်ငန်းတွေဖြစ်တဲ့ အေအိုင် (A.I.)၊ အလိုအလျောက်မောင်း ယာဉ်တွေ၊ ဘက်ထရီတွေနဲ့ သန့်စင်တဲ့ စွမ်းအင်တွေအတွက် ဂေဟစနစ်ကို တည်ဆောက်တာမှာ ပြိုင်ဆိုင်နေကြသူတွေ အချင်းချင်း ပိုလို့ သိပါတယ်။
ဉတုဖောက်ပြန် ပြောင်းလဲမှုနဲ့ သုံးသပ် သုတေသနလုပ်နေတဲ့ ဆိုက်ဒ်တခုမှာ ကာဘွန်အစီရင်ခံမှုနဲ့ ပတ်သက်လို့ ယမန် နှစ်က မှတ်ချက်ပြု ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံက သန့်စင်တဲ့ စွမ်းအင်သုံးစွဲမှု ရင်းနှီးမြှုပ်နှံမှုက ၂၀၂၃ ခုနှစ်မှာ ဧရာမ မြင့်တက်လာခဲ့ပါတယ်။ “အထူးသဖြင့် စက်မှုလုပ်ငန်း ‘အသစ် ၃ ခု’လို့ ခေါ်နေကြတဲ့ နေရောင်ခြည်စွမ်းအင်၊ လျှပ် စစ်ယာဉ်များ (E.V.s) နဲ့ ဘက်ထရီဆိုင်ရာကိစ္စတွေမှာပါ”။ ၂၀၂၃ ခုနှစ်မှာ “တရုတ်နိုင်ငံမှာ သန့်စင်တဲ့လောင်စာအတွက် ရင်းနှီးမြှုပ်နှံမှုက နှစ်အလိုက်နှိုင်းယှဉ်ရင် ၄၀ ရာခိုင်နှုန်း တိုးတက်လာနေပါတယ်”။ ဒေါ်လာ ၈၉၀ ဘီလီယံအထိ ရှိပါ တယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုက “၂၀၂၃ ခုနှစ်မှာ တကမ္ဘာလုံးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာတွေအတွက် ရင်းနှီးမြှုပ်နှံ မှုလောက် နီးပါးကို များနေပါတယ်”။
သေချာတာက မေးစရာမလိုပါဘူး။ အကယ်၍ ထရမ့်က ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်နေမယ်ဆိုရင် သူ့အနေနဲ့ အမေရိကကို ပိုလို့ သူတပါးထက် “ထူးခြား ခြားနား” စေပါလိမ့်မယ်။ ဒါပေမယ့် သူလိုလားတဲ့ အဓိပ္ပါယ်မျိုးတော့ မဟုတ်ပါဘူး။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar