Breaking News

မောင်လင်းရိပ် - မမြင်ရတဲ့ အသံ

Art by Than Htay Maung

မမြင်ရတဲ့ အသံ
မောင်လင်းရိပ်
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၂၅

ဝဋ်ကြွေးသင့်မြေကို ပြန်ရောက်တော့
ဥဩတွန်သံဟာ ငါ့မနက်ခင်းမှာ အရေးကြီးတယ်။

တဩဩနဲ့ မောနေအောင်တွန်မပြလေနဲ့
ငါက အမောမစေ့ဘဲ အမောတွေပြည့်နေတဲ့ သူတစ်ယောက်ပါကွယ်။

ထွက်ခွာသူတွေကို နှုတ်ဆက်ရတာ မောလွန်းလို့ ကိုယ်တိုင်သာ
ထွက်ခွာသူဖြစ်ချင်လှလို့ တစ်ခါမက ညည်းသမိတယ်။

နာကျင်ရသူတွေကို ကြည့်ရတာ မောပန်းလှလို့
ကိုယ်တိုင်သာ နာကျင်လိုက်စမ်းချင်တော့တယ်။

အဓိပ္ပာယ်မဲ့ခြင်းတွေကို မြင်ရဖန်များလွန်းတော့
ကိုယ်တိုင်သာ အဓိပ္ပာယ်မဲ့မဲ့ နေချင်စမ်းတော့တယ်။

ဘယ်သူလာထည့်မှန်းမသိတဲ့ အုန်းသီးတွေထဲက အုန်းရေချိုကိုသောက်မိတော့
ဘယ်သူမှန်းမသိတဲ့သူ ဖြည့်စွမ်းနိုင်သူ ဖြစ်ချင်တယ်။

မဟုတ်လည်း ပန်းဝတ်ရည်အပေါင်းကို ခန္ဓာကိုယ်စက်ရုံထဲ မောင်းထည့်ပြီး
ပျားရည်ချိုစုဆောင်းပေးသူ အညတြပျားကောင်သေးသေးလေးတော့ ဖြစ်ချင်တယ်။

ကဲ ပြော၊ နှင်းမြူထု ပိန်းပိတ်နေတဲ့ တောထဲ
တဩဩနဲ့ ဩချသံချိုချိုလေးကြားခွင့်ရနေတာကပဲ ဘယ်လောက်အဓိပ္ပာယ်ရှိလိုက်သလဲ။

ဇန် ၂၆၊ ၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar