Breaking News

မြန်မာ့အကျပ်အတည်း ပြေလည်ဖို့ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကြိုးပမ်းမှု

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၈ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၅


မြန်မာ့အကျပ်အတည်း ပြေလည်ဖို့ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကြိုးပမ်းမှု

အခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ နဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ နယ်စပ်ဖြတ်ကျော်လာတဲ့ စစ်ဘေးရှောင်သူတွေနဲ့ ၄င်းတို့အတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီ၊ စစ်မှုထမ်းဥပဒေ တိမ်းရှောင်သူ၊ တရားမဝင်ဝင်ရောက်လာသူ၊ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ် လုပ်ကိုင်နေကြရတဲ့ အရေး၊ မူးယစ်ဆေးဝါး သယ်ယူ/ရောင်းဝယ်မှု မြင့်တက်လာတာ၊ လက်နက်ခဲယမ်း မှောင်ခိုရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှုနဲ့ နောက်ဆုံး လတ်တလော အပြောများဆုံး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးထွားလာမှုတွေက မြန်မာ့အကျပ်အတည်းက ဒေသတွင်း ပြဿနာအဆင့်ရောက်ရှိ နေတယ်ဆိုတာကို သက်သေပြနေတာ ဖြစ်ပါတယ်။ တဖက်မှာ အာဆီယံအဖွဲ့အနေနဲ့ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို ဝင်မစွက်ဖက်ရေးမူဆိုတဲ့ ရှုထောင့်၊ အခြားတဖက်မှာ မိမိတို့နိုင်ငံတွင်းထိ သက်ရောက်မှုတွေ ရှိလာနေတဲ့ လုံခြုံရေးနဲ့ လူမှုစီးပွားလုံခြုံရေး ပြဿနာ၊ မူးယစ်ဆေးဝါး၊ လက်နက်ရောင်းဝယ်မှု၊ နယ်နိမိတ်ဖြတ်ကျော်ကျူးလွန်နေကြတဲ့ ရာဇဝတ်မှုတွေက ဒေသတွင်းပြဿနာအဖြစ် လွန်ဆွဲနေကြတာ ဖြစ်ပြီး နောက်ထပ် ရှုထောင့်တခုက နိုင်ငံအလိုက်၊ အင်အားစုအလိုက် အကျိုးစီးပွားတွေကိုပါ ထည့်သွင်းတွက်ချက်နေကြရတာလည်း ဖြစ်ပါတယ်။ 

ဒီပြဿနာတွေက အိမ်နီးချင်းနိုင်ငံတွေ အပေါ် သက်ရောက်တဲ့ ဆိုးကျိုးတွေနဲ့ အနည်းငယ်မျှသော အခွင့်အလမ်းတွေ ဖြစ်ပါတယ်။ အခွင့်အလမ်းတွေကတော့ ရွှေ့ပြောင်းလုပ်သား အများအပြား ဝင်ရောက်လာတာက အိမ်နီးချင်းနိုင်ငံအဖို့ စျေးသက်သာတဲ့ လုပ်အားရရှိနိုင်တဲ့ အခွင့်အလမ်းလိုမျိုးကို ရည်ရွယ်ဆိုလိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ကောင်းမွန်တဲ့ သယံဇာတထုတ်ယူမှုနဲ့ ရောင်းချမှုတွေ မလုပ်ဆောင်နိုင်တဲ့အခါ သယံဇာတတွေကို ဥပဒေ လုပ်ထုံးလုပ်နည်း တိတိကျကျ လိုက်နာစရာမလိုပဲ မြန်မာနိုင်ငံထဲက ဒေသခံ အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်း ထုတ်ယူကြတာမျိုးလည်း စစ်ပွဲတွေကြားက အခွင့်အလမ်းတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခအရှိန်မြင့်လာခဲ့တဲ့ လွန်ခဲ့တဲ့ ၄ နှစ်တာအတွင်း မြန်မာနိုင်ငံတွင်းက သတ္တု၊ ကျောက်မျက်ရတနာ၊ မြေရှား၊ သစ်နဲ့ ရွှေတွေ အများအပြား အိမ်နီးချင်းနိုင်ငံတွေဆီ တူးဖော်ထုတ်လုပ်ရောင်းချခဲ့ကြပြီ ဖြစ်ပြီး အဆိုပါ ငွေကြေးတွေက အများနဲ့ သက်ဆိုင်တဲ့ ဖွံ့ဖြိုးရေး၊ ဝန်ဆောင်မှုလို ကဏ္ဍတွေမှာ သုံးစွဲဖို့ထက် တသီးပုဂ္ဂလအားဖြင့်သော်လည်းကောင်း လက်နက်ကိုင် အဖွဲ့အစည်းအားဖြင့်သော်လည်းကောင်း အကျိုးအမြတ်ရရှိကြပြီး ရာခိုင်နှုန်းအတော်များများကလည်း စစ်ပွဲတွေမှာ အသုံးချခဲ့ကြတာ တွေ့ရမှာပါ။  

ဒီပြဿနာတွေ နဲ့ ဆက်နွှယ် ခံစားနေကြရတဲ့ နိုင်ငံတွေကို ကြည့်ကြရင် မြန်မာနဲ့  ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ထိုင်းနိုင်ငံအဖို့ မြန်မာရွှေ့ပြောင်းလုပ်သား၊ မြန်မာအတိုက်အခံ အင်အားစုတွေကို လက်ခံထားရတဲ့ အခြေအနေလည်း ဖြစ်ပြီး မြန်မာ့အိမ်နီးချင်း ၅ နိုင်ငံ ရှိတဲ့အနက် မြန်မာနိုင်ငံက စီးပွားရေးနဲ့ နိုင်ငံရေးအကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ အရေအတွက် အများဆုံးကို လက်ခံထားရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ စစ်တပ်နဲ့ စစ်တပ်ထွက် နိုင်ငံရေးသမားအချို့ဟာ မြန်မာအာဏာသိမ်း စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး၊ တူညီတဲ့ရှုမြင်မှုတွေ ရှိနေကြပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မတူတဲ့ တုံ့ပြန်မှုတွေရှိနေကြတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 

အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံရေးသမားတဦးဖြစ်တဲ့ ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းခံခဲ့ရပြီး ပြည်ပမှာ ဆယ်စုနှစ်နဲ့ချီ တိမ်းရှောင်နေခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို မလေးရှားဝန်ကြီးချုပ်က မြန်မာအရေး အဖြေရှာရာမှာ အာဆီယံရဲ့  အလွတ်သဘော အကြံပေးအဖြစ် သက်ဆင်ကို ခန့်အပ်တာဝန်ပေးခဲ့ပြီး မကြာသေးခင်က သက်ဆင်က မလေးရှားနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံက စစ်ကောင်စီခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံဖို့ ကြိုးစားနေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းကလည်း အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အထူးကိုယ်စားလှယ် အော်မန်ဟာရှင် နေပြည်တော်ကို သွားရောက်ခဲ့ပြီးနောက် ရက်အနည်းငယ် အကြာမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် သွားရောက်ဖို့ ကြိုးစားနေတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

ဒီသတင်းတွေ ဖြစ်ပေါ်မှုတွေက ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံက တာဝန်ယူပြီးနောက် ကြိုးပမ်းမှု အသစ်တွေ ဖြစ်ပါတယ်။ ကုန်ဆုံးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ လာအိုနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ အာဆီယံအနေနဲ့ ထူးထူးခြားခြား ရလဒ် ထွက်ပေါ်ခြင်း မရှိခဲ့ဖူးလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့အရေးအပေါ်  အာဆီယံအဖွဲ့ထက် တရုတ်နိုင်ငံရဲ့ ပါဝင်စွက်ဖက်မှုက ပိုမိုထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ အာဆီယံအဖွဲ့အတွင်းမှာလည်း မြန်မာနိုင်ငံပြဿနာနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား တို့မှာ မတူကွဲပြားတဲ့ ရှုမြင်မှုတွေရှိနေကြပြီး အဲဒီကွဲပြားတဲ့ ရှုမြင်မှုတွေကို တစုတစည်းတည်း မစုစည်းနိုင်ကြတဲ့နောက် အာဆီယံ အနေနဲ့ မြန်မာစစ်ကောင်စီကို အာဆီယံပုံမှန်အစည်းအဝေးတွေမှာ နိုင်ငံရေးအရ ရာထူးရယူထားသူတွေ မတက်ရောက်ဖို့ ကန့်သတ်မှုထက် ပိုလွန်တဲ့ အရေးယူမှု ဆောင်ရွက်မှု မလုပ်နိုင်ခဲ့တာပါ။ 

တရုတ်နိုင်ငံအနေနဲ့တော့ ၄င်းလက်ထဲမှာ ဆွဲနိုင်တဲ့ ကြိုးတွေဖြစ်တဲ့ ရှမ်းမြောက်နဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့တွေကို ဆုပေးဒဏ်ပေး စနစ်နဲ့ အပြစ်ရပ်ဖို့ ဖိအားပေးသလို စစ်ကောင်စီကိုတော့ ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ အာဆီယံ အနေနဲ့ တရုတ်နိုင်ငံထက် ပိုမိုအားကောင်းတဲ့ အဖြေရှာ လုပ်ဆောင်နိုင်မှုရှိဖို့ရာ ဆွဲနိုင်တဲ့ ကြိုးရှိဖို့ လိုအပ်တာ ဖြစ်ပါတယ်။ အာဆီယံ ယာယီဥက္ကဋ္ဌနိုင်ငံရဲ့ အလွတ်သဘော ခန့်အပ်ထားတဲ့ သက်ဆင်အနေနဲ့ စစ်ကောင်စီနဲ့ ရင်းနှီးယုံမျှနဲ့ ဆက်သွယ်ရေး လမ်းကြောင်းရှိယုံမျှနဲ့ မြန်မာ့အရေး အဖြေရှာနိုင်မှာမဟုတ်ဘဲ ပြဿနာရဲ့ အကြောင်းရင်းခံကို ကောင်းစွာနားလည်ဖို့ နဲ့ မြန်မာ့အရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်၊ လိုလားချက်တွေ လက်တွေ့ပကတိ အရှိတရားတွေကိုလည်း ကောင်းစွာ နားလည်သဘောပေါက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဖက်ဒရယ်အရေးနဲ့ ဒီမိုကရေစီအရေးက ပြဿနာရဲ့ သော့ချက်ဖြစ်ပြီး ဝေးကွာတဲ့ သမိုင်းနဲ့ မဝေးကွာလှတဲ့ ကာလရဲ့ သမိုင်းတွေရဲ့ သင်ခန်းစာ၊ ခံစားချက်၊ နာကြည်းမှုနဲ့ မယုံကြည်မှုတို့ကို နားလည်ဖြေရှင်းနိုင်မှသာ ပြဿနာရဲ့ အဖြေဆီ ချဥ်းကပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီပြဿနာတွေပြေလည်ဖို့က ပြင်ပအင်အားစုတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာ အစိုးရတွေက သာမည ဖြစ်ပြီး မြန်မာနိုင်ငံတွင်းက အင်အားစုတွေ လူထုတွေရဲ့ အမြင်၊ ခံယူမှုတွေက အဓိကဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း လျစ်လျူရှုလို့မရတာ အသေအချာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar