ပြကွက်တကွက်ပြီး တကွက် ပြောင်းလဲနေတဲ့ ကျားဖြန့် ဇာတ်လမ်း
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၁ မြင်ကွင်း
မိုးမခ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅
ပြကွက်တကွက်ပြီး တကွက် ပြောင်းလဲနေတဲ့ ကျားဖြန့် ဇာတ်လမ်း
ကရင်နဲ့ မွန်ပြည်နယ်နယ်စပ်မြို့တွေမှာ လက်နက်ကိုင် အဖွဲ့တွေရဲ့ အကာအကွယ်ယူပြီး လုပ်ကိုင်နေကြတဲ့ ကျားဖြန့်ဂိုဏ်းတွေ၊ အကာအကွယ်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ လာဘ်စားမှုရှိနေတဲ့ အိမ်နီးချင်းနိုင်ငံက ရဲအဖွဲ့က အရာရှိကြီး အချို့တွေ စုံစမ်းစစ်ဆေးခံရတဲ့အထိ ဇာတ်ရှိန်က တဆင့်ပြီးတဆင့် မြင့်တက်လာနေတာ ဖြစ်ပါတယ်။
ခုရက်ပိုင်းတွေမှာ ကျားဖြန့် လုပ်ငန်းအခြေစိုက်တယ်ဆိုတဲ့ မြဝတီ၊ ဘုရားသုံးဆူ၊ တာချီလိတ်မြို့နယ်တွေကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး၊ လောင်စာဆီ ပိတ်ဆို့ပြီးနောက်မှာ ကျားဖြန့်လုပ်ငန်း နှိမ်နှင်းမှုနဲ့ ပတ်သက်တဲ့ သတင်းတွေက နေ့စဥ်လိုလို အချက်အလက် အသစ်တွေ တုံ့ပြန်မှုအသစ်တွေ ပေါ်ထွက်လာနေတာလည်း ဖြစ်ပါတယ်။
ဒီဒေသတွေမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ဝန်းကျင်ကနေ စတင်လာခဲ့တဲ့ ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေရဲ့ ထိုးဖောက်မှုနဲ့ ဆက်နွှယ်မှုတွေက နကိုက ယူဆထားတာထက်ကို ပိုမိုကြီးမားတာ ပိုမိုများပြားတာလည်း တွေ့လာနေရတာ ဖြစ်ပါတယ်။ ဒီဒေသကို ထိန်းချုပ်ထားတဲ့ နယ်ခြားစောင့်တပ်လို DKBA လို လက်နက်ကိုင်အဖွဲ့တွေသာ ကျားဖြန့်လုပ်ငန်းမှာ အကာအကွယ်ပေးနေသူတွေ မဟုတ်ကြတော့ပဲ ထိုင်းနိုင်ငံဘက်က ရဲအရာရှိကြီးတချို့ပါ လာဘ်ငွေရယူ၍ သော်လည်းကောင်း၊ အကျိုးအမြတ်ရှယ်ယာ ပါဝင်၍ သော်လည်းကောင်း ပတ်သက်ဆက်နွှယ်ကောင်း ဆက်နွှယ်နေနိုင်တဲ့ သဲလွန်စတွေ တွေ့လာရတာ ဖြစ်ပါတယ်။
မြန်မာဘက်မှာလည်း BGFနဲ့ DKBA သာမကပဲ အာဏာသိမ်းစစ်ကောင်စီဘက်က ဒေသကွပ်ကဲရေး စစ်ဆင်ရေးဌာနချုပ်လို စစ်တိုင်းမှူးတွေလို စစ်တပ်က အရာရှိကြီးတွေလည်း လာဘ်ငွေလက်ခံရရှိတာမျိုး ရှိမှာ အသေအချာဖြစ်ပါတယ်။ လတ်တလော ဖြစ်စဥ်တွေမှာတော့ ဒီစစ်ဆင်ရေးကို အဓိက တွန်းအားပေးတဲ့ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှုကိုလည်း နောက်ကွယ်မှာ တောင်းဆိုထားပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေ သတင်းအချက်အလက်တွေက လတ်တလောမှာ ထွက်ပေါ်လာတာ မတွေ့ရသေးဘဲ ဒီဒေသကို လက်ရှိ ထိန်းချုပ် အုပ်ချုပ်နေတဲ့ ကရင် လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ BGF နဲ့ DKBAက ဇာတ်လမ်းမှာ ငွေလိမ်ဂိုဏ်းကို အကာအကွယ်ပေးသူ နေရာက သရုပ်ဆောင်နေကြတဲ့သဘော ဖြစ်ပါတယ်။
မြန်မာသတင်းမီဒီယာတွေက အဆိုပါ လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့က ပြောဆိုခွင့်ရှိသူ၊ လက်နက်ကိုင် ခေါင်းဆောင်တွေကို နေ့စဥ်လိုလို ဆက်သွယ်ပြီး အင်တာဗျူးတာ မေးမြန်းတာတွေလည်း လုပ်ဆောင်နေကြတာ သတင်းတွေထဲ တွေ့နေရပါတယ်။ အဆိုပါ အင်တာဗျူးတွေကို နားထောင်ကြည့်ရင် ပြင်ပ အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေက သိသလောက် အချက်အလက်တွေနဲ့ မေးမြန်းလာတာတွေကို ကိုယ်တိုင်လျှို့ဝှက်ချက်တွေအားလုံး သိနေထားတဲ့ ကာယကံရှင်တွေက ငြင်းမရတဲ့ အစိတ်အပိုင်း၊ အများသိနေပြီး ဖြစ်တဲ့ အစိတ်အပိုင်းလောက်သာ ဝန်ခံထုတ်ပြပြီး ၄င်းတို့ ကိုယ်တိုင်ကတော့ ရိုးသားသူတွေအဖြစ်၊ အပြစ်ကင်းသူတွေအဖြစ် ဟန်ဆောင်ဖြေကြားနေကြတယ်လို့ ခံစားရပါတယ်။
ကျနော်တို့ မြေငှားခသာ ရရှိပါတယ် ဆိုတဲ့ ကာကွယ်ပြောဆိုမှုမျိုးနဲ့လည်း ဒီဒေသတွေကို ကာကွယ်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက ပြောဆိုလေ့ရှိပါတယ်။ ဒီမြေငှားသူတွေ ဘာတွေ လုပ်ကိုင်နေလဲ၊ မြေငှားကာ ဟိုတယ်ကြီးတွေလို ဆောက်လုပ်ပြီး ကိုယ်ပိုင် လုံခြုံရေးတွေနဲ့ ရာဇဝတ်မှုတွေ လုပ်ကိုင်နေကြတယ် ဆိုတာ မသိရှိလောက်အောင်တော့ ရိုးအကြသူတွေတော့ မဟုတ်တာ သေချာပါတယ်။ ဒီကျားဖြန့်လုပ်ငန်းဟာ ရည်ရွယ်ချက်ကိုက ငွေကြေးလိမ်လည်ဖို့ လုပ်ကိုင်တာ၊ လိမ်လည်တဲ့ အလုပ်တွေကို လုပ်ကိုင်ပေးဖို့ လူတွေကို ဖျားယောင်းခေါ်ဆောင်တာ၊ ရောက်ရှိလာခဲ့ရင် ခေတ်သစ် ကျေးကျွန်တွေသဖွယ် နှိပ်စက်ခိုင်းစေတာ၊ အသက်သေဆုံးမှုတွေ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းထိခိုက်မှုတွေ နဲ့ နောက်ဆုံး လူလွတ်မြောက်ချင်ရင် များပြားတဲ့ ငွေကြေးပမာဏကို ပေးမှ သို့မဟုတ် မိမိလိုသူ နောက်တယောက်ကို စည်းရုံးခေါ်ဆောင်ပေးမှ လွှတ်ပေးတဲ့ ဖြစ်ရပ်တွေကို အကာအကွယ်ပေးနေတဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မသိရှိဘဲ မရှိပါဘူး။
သတင်းမီဒီယာတွေ အနေနဲ့ မေးမြန်းရာမှာ မေးသင့်တဲ့ တည့်မေးခွန်းတွေလိုမျိုး မမေးရဲဘဲ ထိုင်းဘက်ကို ဘာပြောချင်လဲ၊ ထိုင်းဘက်က ဝရန်းထုတ်ခဲ့ရင် ဘယ်လိုပြောချင်လဲ စသဖြင့် မျက်နှာမပျက်စေမယ့် မေးခွန်းတွေကိုသာ သက်ညှာစွာနဲ့ မေးနေတာတွေ့ရပါတယ်။ အမှန်တော့ ကျားဖြန့်လုပ်ငန်းကို ဘာလို့ အကာအကွယ်ပေးတာလဲ၊ ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးတာထက် ကာစီနိုလို လောင်းကစား လုပ်ငန်းကို အကာအကွယ်ပေးတာထက် ဘယ်လောက် အကျိုးအမြတ်ပိုရသလဲ ဆိုတဲ့ ခန့်မှန်းသိရှိနိုင်တဲ့ တည့်မေးခွန်းတွေ မေးမြန်းသင့်ပေမယ့် မမေးရဲကြတာကို ပရိသတ်အနေနဲ့ အားမလို အားမရ ဖြစ်နေကြတဲ့ အနေအထားပါ။
ကျားဖြန့်လုပ်ငန်း နှိမ်နှင်းရေးကို သံတမန်ရေးအရ အစွမ်းကုန် ဖိအားပေးမယ့် တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်က ၄င်းတို့နိုင်ငံသားတွေထဲက ဂိုဏ်းခေါင်းဆောင်တွေကို အပြစ်ပေးဖို့၊ ၄င်းတို့နိုင်ငံသားတွေကို ပစ်မှတ်ထား ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေ အကာအကွယ် မရှိတော့ဘဲ ချုပ်ငြိမ်းသွားဖို့ အဓိက ဖြစ်တယ်လို့ နားလည်ပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ အဆိုပါရည်ရွယ်ချက်ကို ပြည့်မြောက်ဖို့ အိမ်နီးချင်းနိုင်ငံ၊ မဟာမိတ်နိုင်ငံတွေကို တိုက်တွန်းတာ ဖိအားပေးတာတွေ လုပ်နိုင်သလောက် အားလုံးလုပ်ဆောင်နေတာ ဖြစ်ပြီး ဒီလုပ်ငန်းတွေ အခြေစိုက်တဲ့ ပိုင်နက်နယ်မြေ ဖြစ်တဲ့ မြန်မာနိုင်ငံဘက်မှာတော့ နိုင်ငံရေး ရည်ရွယ်ချက်ရှိတယ်လို့ ကြွေးကြော်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဂုဏ်သိက္ခာအရရော လက်တွေ့ရုပ်ဝတ္ထု ငွေကြေးအရပါ ဆုံးရှုံးမှုတွေ နဲ့ ရင်ဆိုင်ကြရမယ့် အနေအထားဖြစ်ပါတယ်။ နယ်ခြားဒေသ ကုန်သွယ်မှု အကောက်အခွန်လိုမျိုး၊ မူးယစ်ဆေးဝါး ဖြတ်သန်းသယ်ဆောင်မှု၊ တနေရာကနေ တနေရာကို သယ်ယူပေးခတွေ နဲ့ ရပ်တည်ကြတဲ့ အနေအထားကနေ ခေတ်သစ် အွန်လိုင်းငွေလိမ်မှုနဲ့ ကျေးကျွန်ပြုမှု ရာဇဝတ်လုပ်ငန်းတွေကို အကာအကွယ်ပေးရတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်လာတာ လက်တွေ့ ပကတိ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar