Breaking News

အမေရိကန်ပြည်မှာ အခြေခံဥပဒေအကြပ်အတည်းကို ရင်ဆိုင်နေရပြီလား

အမေရိကန်ပြည်မှာ အခြေခံဥပဒေအကြပ်အတည်းကို ရင်ဆိုင်နေရပြီလား

နိုင်ငံတကာသာဂိ (မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅

(NPR) National Public Radio ၏ သတင်းဆောင်းပါးကို ဘာသာပြန်သည်။

လွန်ခဲ့သည့် ၃ ပတ်က သမ္မတရာထူးကို ပြန်လည်ရောက်ရှိလာသည့် ၄၇ ဦးမြောက် သမ္မတသည် အဆိုပါ ၃ ပတ်အတွင် သမ္မတ၏ တချက်လွှတ်အမိန့်များ ၅၀ ကျော်ကို ထုတ်ပြန်ခဲ့သည်။ အဲသည်အတွက် တရားရုံးများကနေ ပြန်လည် တရားစွဲမှုများစွာ ရင်ဆိုင်ရပါသည်။ အိမ်ဖြူတော်၏ လုပ်ရပ်များကို စိန်ခေါ်သည့် အမှုပေါင်း ဒါဇင်များစွာရှိပြီး အိမ်ဖြူတော်၏ လုပ်ရပ်များသည် တရားမ၀င်ဖွယ်ရာ ရှိကြောင်း နိုင်ငံတစ်ဝှမ်းရှိ တရားသူကြီးများက ဆုံးဖြတ်ချက်ပေးကြပါသည်။

USAID ကို ဖျက်သိမ်းခြင်း၊ ဖက်ဒရယ်ထောက်ပံ့ကြေးများနှင့် အခြားအရာများကို ရပ်ဆိုင်းရန် အစိုးရအမိန့်များကို တရားရုံးများက ပြန်လှန် တားမြစ်ထားသည့် အပြင် ...

လူဝင်မှုကြီးကြပ်ရေးတွင် မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်ရန် Trump ၏အမိန့်ကို တရားသူကြီးများက ဆိုင်းငံ့ထားသည်။

ပြည်ထောင်စုအဆင့် အစိုးရဝန်ထမ်းများအား ရာထူးမှနုတ်ထွက်ရန် ဖိအားပေးသည့် အစိုးရကမ်းလှမ်းချက် ကို တရားသူကြီးတစ်ဦးက တားမြစ်ခဲ့သည်။

Trump အစိုးရက လိင်ပြောင်းထားသည့်အမျိုးသမီးများကို နဂိုအမျိုးသားများ၏ အကျဉ်းထောင်များသို့ ပြန်ပြောင်းရွှေ့ခြင်အား တားမြစ်သည်ဟု လိင်ပြောင်းထားသူများ၏ အခွင့်အရေးဘက်က တရားသူကြီးတစ်ဦးက ထုတ်ပြန်ပေးသည်။

ထိုသို့ ပြန်လည် တရားစွဲမှုများ ရုံးတော်၏ ပြန်လှန်ရုံး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း Trump ၏အစိုးရအဖွဲ့သည် နောက်ပြန်ဆုတ်ရမည့်အစား အတင်းကို ရှေ့တိုးရန် အားထုတ်လျက်ရှိသည်။

ပြည်ထောင်စုအစိုးရရုံးများက ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် အခြားဘဏ္ဍာရေးဌာနစနစ်များကို Elon Musk ၏ DOGE အဖွဲ့က ဝင်ရောက် ကြည့်ရှုခွင့်ကို တရားသူကြီးတဦးက ပိတ်ပင်ခဲ့ပြီးနောက် Musk က အဆိုပါတရားသူကြီးအား "အကျင့်ပျက်ခြစားမှုကို ကာကွယ်ပေးသော အကျင့်ပျက် တရားသူကြီး" အဖြစ် ရည် ညွှန်းပြီး တရားသူကြီးကို ပြစ်တင်ရှုတ်ချ အရေးယူပေးရန် တောင်းဆိုခဲ့သည်။

ဒုတိယသမ္မတ JD Vance က "တရားသူကြီးများသည် အုပ်ချုပ်ရေး၏တရားဝင်အာဏာကို ဝင်ရောက် စွက်ဖက်ခွင့် ထိန်းချုပ်ခွင့်မရှိ" ဟု တနင်္ဂနွေတွင် အငြင်းပွားဖွယ်ရာ ပြောဆိုခဲ့သည်။

တနင်္လာနေ့တွင် ရေဒီယိုအစီအစဉ်တင်ဆက်သူ Mark Levin နှင့် အင်တာဗျူးတစ်ခုတွင် တရားသူကြီးများက တိုင်းပြည်ကို မည်သို့အုပ်ချုပ်ရမည်ကို ဝင် ရောက် စွက်ဖက် ပြောကြားခြင်းအတွက် သမ္မတ Trump က ဝေဖန်ခဲ့သည်။ "တရားသူကြီးတွေက အစိုးရအလုပ်တွေကို ဝင်ပြီး မဆုံးဖြတ်သင့်ဘူး၊ ဒါမျိုးကို သူတို့မှာ လုပ်ပိုင်ခွင့် မရှိဘူးဟု ဝေဖန်လိုက်သည်။

အဆိုပါမှတ်ချက်များသည် Trump ၏အဝန်းအဝိုင်းသည် တရားရုံးအမိန့်ကို လျစ်လျူရှုကာ တရားစီရင်ရေးအာဏာကို ဖီဆန်ရန် ဆန္ဒရှိနိုင်သည် အလားအလာများ မြင်လာရသည် ။ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃ တွင် လွှတ်တော်က ဖွဲ့စည်းထားသော အမြင့်ဆုံးတရားရုံးတော်နှင့် လက်အောက်ခံ တရားရုံးများသည် အစိုးရနှင့် အခြားအငြင်းပွားဖွယ်များကို စီရင်ခွင့် ရှိသည်ိဟူသော ပြဌာန်းချက် ရှိပြီး ဖြစ်ရာ ထရန့်အစိုးရသည် နိုင်ငံတော်ကို သစ္စာဖောက်သည်ဟု ပြစ်တင်ခံနိုင်သည့် အမှုကို ဦးတည်နေသည်ဟု ဆိုနိုင်သညိ။

အုပ်ချုပ်ရေးမဏ္ဍိုင်က လိုက်နာရန် ငြင်းဆိုပါက တရားစီရင်ရေးမဏ္ဍိုင်တွင် အဘယ်သို့ အာဏာစွမ်း ရှိနိုင်သနည်း။

အမေရိကန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပါသလား။

အပြန်အလှန်ထိန်းကျောင်းမှုကို ဘယ်လို သတ်မှတ်ကြမည်လဲ။

Amanda Frost သည် ဗာဂျီးနီးယားဥပဒေတက္ကသိုလ်မှ ဥပဒေပါမောက္ခဖြစ်သည်။ အများအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ခုသည် အခြေခံဥပဒေဆိုင်ရာ အခွင့်အာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း၊ စည်းကျော်ခြင်းများ ပြုလုပ်လာခြင်း၊ ထိုအခါ အခြား နိုင်ငံတော်၏ မဏ္ဍိုင်များဖြစ်သည့် လွှတ်တော်နဲ့ တရားရုံးတော်တို့က တားဆီးရန် မစွမ်းသာခြင်း သို့မဟုတ် မတတ်သာ ခြင်းတို့ ဖြစ်လာပါက - ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ပေါ်တတ်သည်ဟု သူမက ဆိုသည်။

Frost က သူမ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၏ ပထမတစ်ဝက်မှာ ဖြစ်ပျက်နေပြီဖြစ်ပြီး၊ သမ္မတ Trump သည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ အခွင့်အာဏာကို ကျော် လွန်သွားပြီ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ ကွန်ဂရက်လွှတ်တော်၏ ဘဏ္ဍာရေးဆိုင်ရာ ဘတ်ဂျက်ဆိုင်ရာ ဆုံးဖြတ်ခွင့် “ပိုက်ဆံအိတ်၏ပါဝါ” ကို သိမ်းပိုက်ရန် ကြိုးစားခြင်း သို့မဟုတ် မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို နိဂုံးချုပ်ရန် ကြိုးပမ်းနေခြင်းကို ဥပမာအဖြစ် သူမက ထောက်ပြသည်။

“ဒါကြောင့် အမေရိကန်တိုင်း ဖြစ်သင့်တယ်လို့ ထင်တဲ့အတိုင်းပဲ၊ အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားလုပ်ပြီး အာဏာပိုင်တွေရဲ့ နယ်နိမိတ်တွေကို ကျော်လွန်သွားပုံနဲ့ ပတ်သက်ပြီး ကျမ လေးလေးနက်နက် စိုးရိမ်မိပါတယ်” ဟု Frost က ပြောကြားခဲ့သည်။ “ဒါပေမယ့် ကျမ ပြောချင်တာက ဒီနေ့အထိ၊ တရားရုံးအမိန့်ကို ဖောက်ဖျက်နိုင်တဲ့ ဒါမှမဟုတ် တရားရုံးအမိန့်ကို လိုက်နာဖို့ မလိုအပ်ဘူးလို့ အုပ်ချုပ်ရေးမဏ္ဍိုင်က ခြေလှမ်းမပြင်လာသေးဘူး။ ဒါကြောင့် အုပ်ချုပ်ရေးက လိုက်နာနေတဲ့ စနစ် မှာ ရှိနေသရွေ့၊ အနည်းဆုံးတော့ တရားရုံးက ထိန်းသိမ်းထားမယ်၊ စနစ်က ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ကျွန်ုပ်တို့၏စနစ် အလုပ်ဖြစ်စေရန် ရည်ရွယ်ထားသည့်နည်းလမ်းမှာ မဏ္ဍိုင် သုံးခုမှ တစ်ခုစီသည် အစွန်းရောက်ရန် ကြိုးစားလာပါက အခြားမဏ္ဍိုင်များက ပြန်လည် တွန်းလှန်ခြင်း ထိန်းသိမ်းခြင် တို့ လုပ်ဆောင်သင့်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

တရားရုံးက အမိန့်ပေးတယ်ဆိုတာ ဘာလဲ။

ဒီတော့ အစိုးရတွေက တရားဝင်တရားရုံးအမိန့်ကို မလိုက်နာရင် ဘာဖြစ်မလဲ။ တရားရုံးများတွင် ၎င်းတို့၏အမိန့်ကို လိုက်နာရန် ယန္တရားများ သို့မဟုတ် ကိရိယာများစွာရှိကြောင်း Frost က ပြောသည်။

"အမိန့်မလိုက်နာရင် အစိုးရအရာရှိတွေကို မထီမဲ့မြင်ပြုမှုနဲ့ ဒဏ်ငွေရိုက်ခိုင်းတာတို့၊ အစိုးရအရာရှိတွေကို ဆင့်ခေါ်စာတင် ဖြေရှင်းခိုင်းတာမျိုးတွေပေါ့။

အစိုးရမဏ္ဍိုင်ရော ပြည်သူတွေကပါ ဥပဒေပြဋ္ဌာန်းတာကို မမြင်ချင်ကြဘူး၊ လက်မခံတော့ဘူးဆိုရင် နောက်ဆုံးမှာ တရားရုံးတွေက ပျက်ပြယ်သွားလိမ့် မယ်။ ကျွန် တော် တို့ရဲ့ စနစ်က ပြည်သူတွေ၊ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးမဏ္ဍိုင် ၃ ရပ် အပေါ်မှာ မှီခိုနေရမယ်။ အဲသည်ကနေ နောက်ဆုံးမှာ ဥပဒေနဲ့ အညီ အုပ်ချုပ်တဲ နိုင်ငံတော်အဖြစ်ကို ရရှိမှာ ဖြစ်ပါတယ်။

စိန်ခေါ်မှု အသစ်များ

တနင်္လာနေ့တွင်၊ တရားသူကြီး John McConnell, Jr. က ထရန့်အစိုးရအဖွဲ့သည် "ဖက်ဒရယ်ရန်ပုံငွေများကို ဆိုင်းငံ့ထားခြင်း" ယာယီတားမြစ်မိန့်ကို ထပ်မံ ဖီဆန်ခဲ့ကြောင်း ရေးသားခဲ့သည်။

တားမြစ်မိန့် “ကို မလိုက်နာရခြင်းကို ပေးရသည့် ဆင်ခြေမှာ မိမိတို့က စေတနာအကောင်းဖြင့် ပြုလုပ်ခြင်း ဖြစ်ပါကြောင်း နှင့် စီရင်ချက်ကို ထရန့်အစိုးရက အယူခံဝင် ခဲ့ သည်။

"သူတို့က တရားရုံးအမိန့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး လိုက်နာစရာ မလိုဘူးလို့ ပြောရင် ငါတို့ စိန်ခေါ်မှုအသစ်တွေအဆင့်ကို ရောက်နေပါပြီ။"

ကျွန်ုပ်တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းတွင် မပါဝင်သေးသော်လည်း၊ ကျွန်ုပ်တို့သည် "ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဖိစီးမှု စမ်းသပ်မှုကို ခံနေရသည်" ဟု သူမက ပြောကြားခဲ့သည်။

"ကွန်ဂရက်လွှတ်တော်ရဲ့ အာဏာကို သိမ်းပိုက်ပြီး တရား ရုံးရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး အုပ်ချုပ်နေတဲ့ အစိုးရခေါင်းဆောင် တစ်ယောက်ရှိနေတယ်။ မေးစရာကတော့ တရားရုံးတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲပြီး သည်လုပ်ရပ်ကို ရပ်တန့်ဖို့ တကယ်အရေးယူမလား။ အဲဒီကျရင် အစိုးရမဏ္ဍိုင်က တရားရုံးအမိန့်တွေကို တကယ်လိုက်နာမှာလား။”

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar