Breaking News

မိုး သက် ငြိမ် ဦး - ငါတို့မြို့ငါတို့ပြန်ယူမယ်

Art by Than Htay Maung
ငါတို့မြို့ငါတို့ပြန်ယူမယ်
မိုး သက် ငြိမ် ဦး
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅

ကြွေသွားတဲ့ကြယ်တွေကိုကတိပြုတိုင်တည်ကြ
နီဆဲသွေးတွေပို၍ရဲရင့်နီစွေးကြမယ် 
ဟောင်မြဲခွေးတွေအကုန်လုံး
တိုက်ထုတ်ချေမှုန်းကြမယ် ။

ကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့ လက်သီးထဲမှာ
ငါ့မြို့ရဲ့မြေစိုင်ခဲတွေ
ငါ့မြို့ရဲ့မှော်သားဓာတ်တွေ
ငါတို့ငယ်ဘ၀ရဲ့ အသစ်ဖြစ် စ တည်ရာတွေ ။

မိစ္ဆာတွေဖျက်စီးရင်လဲ 
မြို့ကလေးကိုမထိခိုက်စေချင်ဘူး
စစ်ကျွန်တွေချေမွရင်လဲ
 မြို့ကလေးကိုမနာကျင်စေချင်ဘူး
မြို့ကလေးမှာ အပြစ်မရှိဘူး ။
မြို့ကလေးမှာအပြစ်မရှိပါဘူး ။

အခု
တိုက်မောင်းသံတွေ စစ်ချီသံတွေ ကြားကြရဲ့လား
မဆုတ်မနစ်ရှေ့ဆက်တိုးကြ
မယိမ်းမယိုင်စိတ်ဓာတ်ခိုင်မာကြတဲ့ အောင်စိတ်တွေ
တပ်တော်ဦးက မြို့သိမ်းတိုက်ပွဲတွေ
တိုက်ပွဲအောင်လံတွေ 
ငါတို့အသံတွေ ။

ပြန်ရောက်တဲ့အခါ
မြို့ကလေးရဲ့မြေကြီးကိုနမ်းရှိုက်ကြစို့
ငါတို့မြို့ကိုငါတို့ပိုင်တယ်
ငါတို့မြို့ကိုငါတို့ပြန်ယူမယ် ။ ။

9.2.2025
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar