မြန်မာ့အရေးအတွက် ကမ္ဘာ့အရေးက ရတဲ့ သင်ခန်းစာ
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၆ မြင်ကွင်း
မိုးမခ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅
မြန်မာ့အရေးအတွက် ကမ္ဘာ့အရေးက ရတဲ့ သင်ခန်းစာ
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ ရုရှားတပ်တွေ ယူကရိန်းနိုင်ငံထဲ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ရာက ဖြစ်ပွားခဲ့တဲ့ ယူကရိန်း-ရုရှားစစ်ပွဲဟာ ၃ နှစ်တင်းတင်းပြည့်ချိန်မှာ ယူကရိန်းနိုင်ငံကို စစ်လက်နက်တွေ အဓိကအထောက်အပံ့ပေးနေတဲ့ အမေရိကန်ပြည်ထောင်စုက စတင်ကျူးကျော်သူ ရုရှားနဲ့နှစ်နိုင်ငံချင်း ဆွေး နွေးကာ စစ်ပွဲရပ်ဆိုင်းဖို့လုပ်ဆောင်ပြီး သွားနေတဲ့လမ်းကြောင်းကို ဂငယ်ကွေ့ ကွေ့ချလိုက်ပါတော့တယ်။
ယူကရိန်း-ရုရှား စစ်ပွဲရပ်ဆိုင်းဖို့ကိစ္စမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန်က ရုရှားနဲ့သာဆွေးနွေးပြီး ယူကရိန်းကို ဘေးဖယ်ထားတာ၊ ရုရှားဆွေးနွေးပြီးနောက်မှ ရလဒ်ကိုအသိပေးပြီးလိုက်နာဖို့ ဖိအားပေးတာတွေက ယူကရိန်းတင်မက အမေရိကန် မဟာမိတ်လို့ဆိုတဲ့ အနောက်ဥရောပနိုင်ငံတွေအဖို့ အံ့အားသင့်စရာတွေ ဖြစ်ကုန်ပါတော့တယ်။
စစ်ပွဲဖြစ်လာစေတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ NATO မြောက်အတ္တလန်တစ်စာချုပ်ဆိုတဲ့ စစ်ရေးမဟာ မိတ်အဖွဲ့ကြီးကို နိုင်ငံတွေတိုးချဲ့စည်းရုံးရတဲ့ အကြောင်းရင်းဆိုတာကို အမေရိကန်နဲ့အနောက်ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေကမှေးမှိန်ထားသလို လက်မခံခဲ့ကြပါဘူး။ အခုတော့ ရုရှားနဲ့မရရအောင် ညှိနှိုင်းမယ် ဆိုတဲ့ရပ်တည်ချက်ကိုဆုပ်ကိုင်ထားတဲ့ သမ္မတထရန့်ဟာ ယခင်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ရပ်တည်ချက်နဲ့ လုံး လုံးလျားလျားပြောင်းပြန်ဖြစ်ပြီး ယူကရိန်းသမ္မတအမြင်မှာတော့ သစ္စာဖေါက်တယ်လို့ခံစားရမှာ အမှန်ပဲဖြစ်ပါတယ်။ သို့ပေမဲ့ ယူကရိန်းသမ္မတအနေနဲ့ ကိုယ့်ကိုစွန့်ထားခဲ့တဲ့သစ္စာဖောက်သူ ထရန့်နဲ့ အမေရိကန် အစိုးရကိုအပြစ်မတင်ရက်ဘဲ အမေရိကန်က ယူကရိန်းလုံခြုံရေးကိုအာမခံဖို့ အရေးကြီးတယ်ဆိုတဲ့ စကားနဲ့ ချည်နှောင်ပြောဆိုနေဆဲ၊ လွန်ခဲ့တဲ့ ၃ နှစ်တာစစ်ပွဲအတွင်း လက်နက်ခဲယမ်းနဲ့ အခြားအကူအညီတချို့ ပေးခဲ့တဲ့ အတွက်နဲ့ မကြာမီနှစ်တွေအတွင်းပေးမယ့်အကူအညီတွေအတွက် တုံ့ပြန်ပေးဆပ်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ယူကရိန်းနိုင်ငံက သယံဇာတတွေကို ထုတ်ယူခွင့် သဘောတူညီချက်တွေကို လက် မှတ်ထိုးဖို့လည်း ဖိအားပေးနေတာ နောက်ဆုံးအခြေအနေတွေအရဆို ယူကရိန်းက သဘောတူလက်မှတ်ထိုးရတော့မယ့် အနေအထားဖြစ်ပါတယ်။
အမေရိကန် သမ္မတ အပြောင်းအလဲက ယူကရိန်း အဖို့၊ မျှော်လင့်မထားတဲ့ အကျိုးဆက်တွေ ပေါ်ထွက်လာပြီး အမေရိကန်ကဦးဆောင်ခဲ့တဲ့ NATO အဖွဲ့အတွက်လည်း နိဂုံးလို့ဆိုရမလောက်အောင် အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေရဲ့ စစ်ရေး၊ စီးပွားရေးပိုင်းမှာ အကျိုးစီးပွား မဟာမိတ်ဆက်ဆံရေးတွေ ပျက်သုဥ်းလုနီး အနေအထားရောက်နိုင်ခြေ ဆိုက်နေပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ မတိုင်ခင် အခြေအနေမှာ ကတည်းက ယူကရိန်းကို ရုရှားမကျူးကျော်အောင် ကာကွယ်နိုင်တဲ့နည်းလမ်းမရှိတော့ဘူးလားဆိုတဲ့မေးခွန်းရှိလာပါတယ်။ ရှောင်လွှဲလို့မရတဲ့ ကျူးကျော်မှုလား စစ် ပွဲလားဆိုတဲ့ မေးခွန်းလည်းရှိသလို ကျူးကျော်စစ်ဖြစ်ပွားပြီးနောက် လပိုင်းအကြာမှာ စစ်ပွဲကို ရပ်ဆိုင်းကြဖို့ ကြိုးပမ်းမှုတွေကို ဘယ်နိုင်ငံတွေက ဘယ်သူတွေက သဘောမတူခဲ့ကြသလဲဆိုတဲ့ အချက်အလက်တွေလည်း မေးစရာရှိလာပါတယ်။ အဲဒီအချိန်က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့သဘောထား၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယူကရိန်းကို သွားရောက်ပြီး စစ်ပွဲ ရပ်စဲဖို့ လမ်းကြောင်းတွေကို သွေဖီစေခဲ့ပြီး အမေရိကန်က ယူကရိန်းကို စစ်လက်နက် ကူညီမယ့်ကတိကဝတ်တွေနဲ့ ရုရှားကို စစ်ပွဲနဲ့ဆယ်စုနှစ်အတန်ကြာ သြဇာအာဏာအရရော၊ စီးပွားရေး စစ်ရေးအရပါ နွံနစ်စေလိုတဲ့မဟာဗျူဟာနဲ့ ဆက်လက်ခုခံတိုက်ခိုက်ဖို့ ထောက်ခံ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
ချုံ့ပြောရရင်တော့ ယူကရိန်းနိုင်ငံဟာ ၃ နှစ်ကြာစစ်ပွဲထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ကမ္ဘာလုံးဆိုင်ရာ မဟာ ဗျူဟာရဲ့ အစိတ်အပိုင်းတခုအဖြစ် အသုံးချခံရတဲ့အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။ အမေရိကန်မှာ ရွေး ကောက်ပွဲကျင်းပပြီး ထရန့်သမ္မတဖြစ်လာချိန်မှာ သူ့အရင် သမ္မတရဲ့မူဝါဒတွေကို ပြောင်းပြန်လှန်ပြီး ရုရှားနဲ့ဆက်သွယ်စကားပြောကာ အမေရိကန်ရဲ့စီးပွားရေးအကျိုးစီးပွားသာလျင် ပထမဆိုတဲ့မူဝါဒနဲ့ ဥရောပ မဟာ မိတ်တွေရော ယူကရိန်းကိုပါ ဒီစစ်ပွဲရပ်ဆိုင်းရေးနဲ့ပတ်သက်လို့ ကာယကံရှင်တွေက ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့မယူဆတော့ပဲ လုပ်ချင်တာကို တိုးလုပ်နေတဲ့ နေအထားဖြစ်ပါတယ်။
အထက်က ယူကရိန်း-ရုရှားစစ်ပွဲမှာ ဂငယ်ကွေ့ကွေ့တဲ့ အမေရိကန်မူဝါဒက မြန်မာနိုင်ငံအဖို့ သင်ခန်းစာယူစရာ အများကြီးရှိပါတယ်။ ကျူးကျော်စစ်၊ ဒီမိုကရေစီနဲ့ နိုင်ငံတနိုင်ငံရဲ့အချုပ်အချာအာဏာကိုလေးစားမှု ဆိုတဲ့အရာတွေက အမှန်တကယ် ယုံကြည်ကျင့်သုံးတဲ့တန်ဖိုးတွေမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၊ ကိုယ့်နိုင်ငံ သြဇာ၊ အင်အားကြီးရေးအတွက်ဆို ကျန်တဲ့ န်ဖိုးတွေ၊ စကားလုံးတွေကို လွှတ်ချထားခဲ့တာ ဂငယ်ကွေ့ကွေ့ကြတယ်ဆိုတဲ့ သင်ခန်းစာဖြစ်ပါတယ်။
ကမ္ဘာမှာ လက်ချိုးရေလို့ရတဲ့ ၂ နိုင်ငံ ၃ နိုင်ငံမျှသောအင်အားကြီးနိုင်ငံတွေရဲ့အကျိုးစီးပွားမှာ ကြားက အသုံး ချခံမဖြစ်စေဖို့ တဆင့်ခံ စစ်ပွဲတွေ မိမိတို့နိုင်ငံမှာ ဆင်နွှဲတဲ့အဖြစ်မျိုးမကျရောက်စေဖို့ ခေါင်းဆောင်တွေ အနေနဲ့ အမြော်အမြင်ရှိဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အတိတ်က ကိုလိုနီဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာလည်း ခါးသီးတဲ့သမိုင်းအတွေ့အကြုံ၊ သင်ခန်းစာရှိခဲ့ပြီးဖြစ်ပါတယ်။ ဗြိတိသျှနယ်ချဲ့ကိုတိုက်ထုတ်ဖို့ ဖက်ဆစ်နယ်ချဲ့ကိုဖိတ်ခေါ်မိခဲ့တဲ့ သမိုင်းသင်ခန်းစာလည်း ရှိခဲ့ပြီး ဖြစ်ပါတယ်။
တချို့ကတော့ အဲဒီသင်ခန်းစာကို ရှုထောင့်တမျိုးနဲ့ ချဥ်းကပ်ကောင်းလည်း ချဥ်းကပ်နိုင်ပါတယ်။ လိုအပ်ချက်ကြောင့် ဖြစ်ခဲ့တဲ့သဘောမျိုးချဥ်းကပ်သူလည်း ရှိကောင်းရှိပေမယ့် လက်တွေ့ ကျကျ သုံးသပ်ရင်တော့ သမိုင်းမှာ အမှားကျူးလွန်ခဲ့တယ်လို့သာ သင်ခန်းစာယူရမှာပါ။
အခုလိုကာလမှာလည်း အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး ရှုထောင့်အရ အရေးပါတဲ့ ဒေသမှာ တည်ရှိနေတာ၊ ကမ္ဘာ့ ဒုတိယအင်အားအကြီးဆုံးနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်ကာ နောက်အိမ်နီးချင်းကလည်း ဒုတိယအင်အားအကြီးဆုံးနိုင်ငံနဲ့ ပြိုင်ဘက်၊ လူဦးရေအရ ရော စီးပွားရေးအင်အားအရပါ လျင်မြန်စွာတိုးတက်လာနေတဲ့ နိုင်ငံဖြစ်နေတာတွေက တဆင့်ခံ စစ်ပွဲလိုမျိုးဆင်နွှဲရာ စစ်မြေပြင် ဖြစ်နိုင်ခြေအနည်းနဲ့အများ ရှိနေတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
မြန်မာနိုင်ငံက ဖက်ဒရယ်ပြဿနာ၊ ဒီမိုကရေစီ ပြဿနာတွေကို မိမိတို့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအကြားမှာ အဖြေရှာနိုင်အောင်ကြိုးပမ်းကြဖို့ အရေးကြီးပါတယ်။ အဲလိုမဟုတ်ဘဲ ပြင်ပအင်အားကြီးနိုင်ငံတွေရဲ့သြဇာခံအဖြစ်ကျရောက်ပြီး တဆင့်ခံစစ်ပွဲတွေဆင်နွှဲရတဲ့အဖြစ်မျိုးမကျရောက်စေဖို့ သက်ဆိုင်တဲ့ လက်နက်ကိုင်၊ နိုင်ငံရေးအဖွဲ့အသီးသီးက တာဝန်ရှိနေတာလည်း ဖြစ်ပါတယ်။
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar