မောင်ဘဦး - သည်မိုး သည်လေ၊ သည်လူတွေနှင့်
မောင်ဘဦး - သည်မိုး သည်လေ၊ သည်လူတွေနှင့်
(မိုးမခ) ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၅
မောင်ဘဦးတို့ နေရပ် နေအိမ် စွန့်ခွာ၍ မြို့သို့ စစ်ဘေးရှောင် ရောက်ရသည်မှာ အခါလည်ကျော်ချေပြီ။ စစ်ခွေးအပေါင်းပါတို့၏ မီးရှို့သည့်အထဲ ပါသွားသည့် နေအိမ်ကလည်း ပြန်ဆောက်ဖို့ မလွယ်။ နယ်မြေ အခြေအနေကလည်း ကောင်းကောင်း မအေးချမ်းသေး။ 'အိမ်တဆောင် မီးတပြောင်'၏ ခေတ်ကာလပေါက်ဈေးနဲ့တော့ မလွယ်ရေးချ မလွယ်။ အရေး ၃ ပါး၏ တတိယမြောက်၊ ဒုတိယမြောက်၊ နေရေး၊ ဝတ်ရေးတွေကို ခဏထား၊ ပထမဦးဆုံးသော စားရေး'ကိုပင် နပ်မှန်အောင် အတော်လုံးပန်းနေရပြီ။
မုံရွာဘုန်းကြီးကျောင်းတွင် ဘုန်းကြီးနှင့် ဆွေမျိုးနီးစပ်သူ၊ မိမိလို စစ်ပြေးဒုက္ခသည်မိတ်ဆွေနှင့် ဆက်နွှယ်၍ နေထိုင်ခွင့်ရစဉ်က စားရေးနှင့် နေရေး အဆင်ပြေသလိုရှိသော်လည်း၊ ဒီနှစ်တွင်မူ မလွယ်ချင်တော့။ မနှစ်က 'ဒဗယ်လျူ-အက်ဖ်-ပီ' ဆိုလား၊ လူသားချင်းစာနာ' ဆိုလား၊ အဖွဲ့ကြီးမှ ကျောင်းရှိ ဒုက္ခသည်များကို အိမ်ထောင်စုဇယား မိတ္တူပြစေကာ ဆန်၊ ဆီ၊ ပဲ ထောက်ပံ့ခဲ့သဖြင့်၊ နေထိုင်ရာကျောင်းကို အထိုက်အလျောက် ထောက်ပံ့ပေးနိုင်သေးသည်။ ထိုစဉ်က ၂ လ၊ ၂ လ ကြာလေတိုင်း၊ လူတစ်ယောက် ဆန် ၆ ပြည် တခွက်၊ မောင်ဘဦးတို့ လင်မယား ၂ ယောက် ၁၃ ပြည်လောက်၊ ၂ လ တစ်ခါ ကျောင်းကို ထောက်ပံ့ပေးနိုင်သေးသည်။ ကျောင်းထဲတွင် စစ်ဘေးရှောင်တွေက ရာဂဏန်းနီးပါး။ ကျောင်းဝေယျာဝစ္စအဖွဲ့များအဖို့ မနက်စာ ညစာ အတော်လေး ရုန်းကန်ရရှာပေလိမ့်မည်။
မှတ်မှတ်ရရ ဂျွန်၊ ဩဂုတ်၊ အောက်တိုဘာ၊ ဒီဇင်ဘာ၊ ၂ လ တစ်ကြိမ် ၄ လ ကြိမ်တိတိ ဆန်၊ ဆီ၊ ပဲ ထုတ်လို့ရခဲ့သည်။ ဒါရိုက်တာဦးရဲ ဆိုလား၊ ကိုယ်တိုင် စကားအနည်းငယ်ပြောပြီး ကျောင်းရှိ စစ်ဘေးရှောင်တွေကို ထောက်ပံ့ငွေ ပေးသွားခဲ့သေးသည်။မောင်ဘဦး ကိုယ်တိုင် ရလိုက်သေးသည်။
ဒီနှစ် ၂၀၂၅ တွင်တော့၊ အဆိုပါ လူသားချင်းစာနာအဖွဲ့ကြီးမှာ ဘာဖြစ်သွားသည် မသိ။ မပေးတော့ပါတဲ့။ ပယ်ချခဲ့သည်တဲ့။ မနှစ်က မန်နေဂျာမှာ အခြားမြို့နယ်သို့ ပြောင်းသွားပါသည်တဲ့။ ဒီနှစ် မုံရွာအလုံသူ၊ မဆည်းလည်း ဆိုလား။ 'အလုံသူ'ဆိုတော့ 'နမခ'နား နီးသူပေါ့။ ကျောင်းတိုက်တွေထဲ လာရောက် ခိုလှုံနေကြသည့် စစ်ဘေးရှောင် တော်တော်များများကို ပယ်ချလိုက်သည် တဲ့။ ခရစ်ယာန်အသင်းတော်ရှိ စစ်ဘေးရှောင်များလည်း အပယ်ခံရပါသတဲ့ လေ။ မြို့ပေါ်ဘုန်းကြီးကျောင်းတွေက အဆိုပါ လူသားချင်းစာနာအဖွဲ့ကြီးကို ၂၀၂၅ ဒီနှစ်တွင် အဝင်မခံကြတော့။
အိုးမဲ့အိမ်မဲ့ တကယ့်စစ်ရှောင် မိမိတို့ကိုသာ ပယ်သည်၊ မိမိတို့ရွာနားက နန်းစီဒင်ကောင်လေး၊ တီတီစီကျောင်းဆရာ၊ တနေ့က မြင်လို့ လာနှုတ်ဆက်သည်။ ဆန် လာထုတ်သည် တဲ့။ ဂျော်ကီလမ်းကြားမှာ တလ ၁၅ သိန်းနဲ့ ငှားထားတဲ့နေရာကို သွားထုတ်ရတယ် ဆိုလား။ မိသားစု ၅ ယောက်စာ ထုတ်၍ရခဲ့သည်တဲ့။ အစ်မလုပ်သူက မုံရွာထွေအုပ်ရုံးက နန်း။ ထိုအဖွဲ့ကြီး၏ 'မူ'ကတော့ လစာရ'ဝန်ထမ်းတွေကို မပေးရတဲ့။ လက်နက်ကိုင် အဖွဲ့အစည်းတွေကို မပေးရတဲ့။ ထားပါတော့လေ။ ရှိပါစေတော့။
ရေကြည်ရာမြက်နုရာ၊ တူ တူမတွေရှိတဲ့ရွာဆီ ရွှေ့နေကြတာပေါ့။ သူတို့ရွာက ပကဖ အားကောင်းသည်တဲ့။
ဟုတ်လည်း ဟုတ်သည်။ သွေးသစ္စာသီချင်းသံကို ဆောင်းဘောက်နှင့် ဖွင့်နေကြသော ရွာစဥ်တော်တော်များများကို ဖြတ်ကျော်ပြီးမှ၊ တူ တူမများ ရွာသို့ ရောက်တော့သည်။
ရောက်သည်နှင့်၊ ခရီးဦးကြိုကြသည်၊ ဘဒွေးချင်းထပ်အောင် နှုတ်ဆက်ကြသည်။ "ဘဒွေးတို့၊ မီးလောင်သယ် ကြားကတည်းက လာကြလိမ့်မယ် ထင်နေသာ။ ဘဒွေးတို့အတွက် စားစရာ နေစရာ အိပ်ရာကစ, လုပ်ထားပြီးသား။ ဘဒွေးတို့ ချမ်းသာသလိုသာ နေကြပါ။"
ရွာရောက်၍ ၄-၅ ရက်အကြာ၊ "ဘဒွေး၊ သမီးတို့ရွာ ညအိပ်လိုက်ခဲ့ဦး။ ဘဒွေးမိတ်ဆွေတွေက တွေ့ချင်နေကြတယ်။ ဒီအပတ်ထဲ အလှူလည်း ရှိတယ်။ ဒင်ည(ဒီနေ့ည)တောင် အသံမစဲစည်းဝေး ရှိတယ်။ ပြောနေ ကြာပါတယ်၊ အခုပဲ လိုက်ခဲ့တော့။"
"ဆိုင်ကယ်က ၂ ယောက်ပိုးစီးလို့ ရပါ့မလား တူမကြီးရ။"
"ဘဒွေးကလည်း ဒါ မြို့မဟုတ်ဘူး။ တော။ ပြီးတော့ ခွေးတွေ မလာရဲတဲ့ သမီးတို့ အညာ။"
ရွာမှာ အသံမစဲ မဟာပဋ္ဌာန်းပွဲ ကျင်းပကြဖို့ စီစဉ်နေပုံရသည်။ စိတ်ဝင်စားမိသည်။ ငယ်ပေါင်း မိတ်ဆွေတွေကို တွေ့ဆုံချင်စိတ်က ဝင်ရောက်လာသည်။ မဟေသီကတော့ နားချင်နေ၍ မလိုက်ခဲ့တော့။ တူမ သားလေး စီးလာသည့် ဆိုင်ကယ်နောက်က ထိုင်လိုက်ခဲ့သည်။
"အစက အသံမစဲပဌာန်းပွဲ ၃ရက်ပဲ ကျင်းပဖို့ စီစဉ်ထားသာ၊ ဆွမ်းကပ် လက်ဖက်ရည်ချိုပွဲ ကုသိုလ်ရှင် ၂ ဦး ထပ်ပေါ်လို့ ၅ ရက် လုပ်မယ်လို့ ဦးပဉ္စင်းလေးက ပြောသယ်။ ၅ ရက်ထက်လည်း ပိုလုပ်လို့ မရဘူး။ ဘုန်းကြီးတွေလည်း ပင်ပန်းကြမယ်။ ပြီးတော့ အလှူက ရှိသေးတယ်။ ဦးပဉ္စင်းလေးက ကွမ်းခြံ ရေပေးနေလို့၊ ပြီးရင် လာတော့မှာပါ။"
လူစုံတက်စုံ ရောက်ကုန်ကြပြီ။ အစည်းအဝေးက မစသေး။ ဦးပဉ္စင်းက ကွမ်းခြံ ရေပေး ဆိုပါလား။ တော်ပါသေးရဲ့၊ ပိုးသတ်ဆေးဖျန်းနေတယ် မပြောလို့။
အစည်းအဝေး တက်ရောက်လာကြသူတို့၏ ပြောသံ ဆိုသံနှင့် မျက်နှာအမူအရာတွေကလည်း ဤသည်ကို အထူးအဆန်း မဟုတ်တော့သလို။ ရိုးနေပြီလိုလို။ ပြောဆိုနေသူကို ကြည့်လိုက်တော့ ငယ်သူငယ်ချင်းကြီး။
"ဂေါပကကြီး ဆိုလိုတာက ဆွမ်းကပ်မရှိရင် ရွတ်မပေးနိုင်ဘူးပေါ့။ ဆရာတော်ကြီး နေကောင်းရဲ့လား။"
"ဟာ...။ ဟကောင်ကြီး။ ဘယ်တုန်းက ရောက်သာလဲ။ အိမ် မီးထဲ ပါသယ် ကြားသယ်၊ စိတ်မကောင်းဘူး။ လာကွာ ထိုင်လကွာ။"
မောင်ဘဦးတို့ ငယ်စဉ်က ဆရာ တော်ခဲ့ဖူးသော ကျောင်းထိုင်ဆရာတော်ကြီးမှာ သက်တော် ၉၇၊ သိက္ခာတော် ၇၇ ဝါ ရှိလေပြီ။ ကျမ္မာရေး ကောင်းသည်။ သွားနိုင် လာနိုင်တုန်း။ သို့သော် ကျောင်းကိစ္စအဝဝကိုကား အန္တေဝါသိကတပည့်ကြီးဖြစ်သူ ဦးပဉ္စင်းလေးကသာ စီမံတော့သည်တဲ့။
"အစည်းအဝေးမစခင် ဘုရား အရင်ကန်တော့လိုက်ဦးမယ်ကွာ"
အစည်းဝေးကျင်းပရာ အာရုံခံအတွင်းရှိ ဆင်းတုတော်ကြီးကို သွားရောက်ကန်တော့၏။ ဆင်းတုတော်ကြီး၏ ပလ္လင်တံကဲ ပန်းနွယ်ပန်းခက်များအကြားတွင် ထိုးစိုက်ထားသော စက္ကူလေးများကို တွေ့ရ၏။ ကိုရင် ကျောင်းသားလေးတွေ ကြက်လျှာ တံခွန် ကုက္ကား လုပ်တတ်အောင် လေ့ကျင့်ထားကြသည်များလား။
"အရင်အပတ်ထဲကမှ အလှူတစ်လှူ ပြီးသွားသယ်လေ။ တံခွန်ကုက္ကား ကြက်လျှာတိုင်တွေ မြင်သမို့လား။"
ဟိုတုန်းကတော့ အလှူတစ်လှူရှိလျှင် တစ်ရက် ကြိုတင်၍ ရွာရှိ လူကြီးများကို ဖိတ်ကြားပြီး တံခွန်ကုက္ကားများ ကြက်လျှာများကို ပြုလုပ်ပေးကြရသည်။ ကြက်လျှာတိုင်တွေက သုံးထောင့်ချွန်း အလံငယ်များပမာဏ ကြီးလည်း ကြီးသည်။ ရှည်လည်း ရှည်သည်။ တံခွန်လုံးနှင့် ကုက္ကားများဆိုလျှင် ကိုင်ဆောင်သူ၏ ဦးခေါင်းအထက် တော်တော်ကြီးအကျော်မှ၊ ကိုင်ဆောင်သူ ဒူးခေါင်းလောက်အထိ တွဲရလျားကျကာ၊ တပ်ဆင်ထားသော ဝါးကိုင်းလေးမှာ အလေးချိန်ကြောင့် ကွေးကာ ညွှတ်ကာ ကိုင်းကျနေသည့် သဏ္ဌာန်၊ ဝါးအဖျားလေးကိုပင် ကြိုးနှင့်ဆွဲ၍ ကွေးထားပေးကြ၏။ အလှူရှင်လောင်းလှည့်ရာတွင် သက်ကြီးရွယ်အို အဘိုးကြီးများမှာ တံခွန်ကုက္ကား ကြက်လျှာတိုင်များ ကိုင်ဆောင်ကာ အရှေ့ဆုံး ဗြောလှည်းနောက်မှလိုက်ကြရသည်။ ဗြောစည်သံ တဗြုန်းဗြုန်း၏နောက်မှ မောင့်ကျက်သရေ၊ ပိုးပဝါ၊ လက်ပေါင်း၊ တဘက်ခေါင်းပေါင်းကြီးများနှင့်အပြိုင် လေတွင်တလွင့်လွင့်။ တံခွန်တိုင် ရွှေကုက္ကားနှင့် ရွာထဲမဏ္ဍပ်မှ ကျောင်းကန်ဘုရားသို့ အဝင်။ ကြည်နူးဘွယ်ရာ ကျက်သရေမင်္ဂလာနှင့် အပြည့်။ ယခုမူ ဖြစ်ကတတ်ဆန်း။ တပေခန့် ဝါးတံလေးတွင် လက်တစ်အုပ်ပင်မပြည့်။ တိုနှန့်နှန့်နှင့်။
ဘုရားကန်တော့အပြီး စည်းဝေးကြမည့် လူအုပ်ရှိရာသိူ့ ရောနှောကာ ဝင်ထိုင်လိုက်သည်။
"ဦးပဉ္စင်းလေး ကြွလာပြီ။"
"လျှပ်စစ်မီးလေး လာခိုက်မို့ ကွမ်း...၊ အဲ ရေသွင်းရင်း ကြာသွားတယ်။ ကဲ ကဲ စ ကြရအောင်။ လာမယ့်အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် ၁ ရက်၊ အစက ဒီ ၃ ရက် မှန်းထားတာ။ နောက်ထပ် အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲ ဒကာ ၂ ယောက်က လာလျှောက်ကြလို့ နောက်ထပ် ၂ ရက်တိုး ရွတ်ပေးမယ်။ နောက်တရက် ခြားမယ် အလှူက ရှိသေးတယ်။"
"ဥက္ကဋ္ဌ၊ နောက်ကျသဗျာ။ လာလာ။ ခုလေးတင်မှ စကြတာပါ။"
"တွတ်'ပါတာလေးတွေဆီ လိုက်ပေးနေရလို့ နောက်ကျသွားတာပါ။ ဒီအပတ် ပေါက်သီး မပါဘူးဗျ။"
"သူငယ်ချင်း၊ ဒါ ငဆွေ့သား အကြီးကောင်လေ။ အခု ရွာဥက္ကဋ္ဌပေါ့။ ဥက္ကဋ္ဌဆိုသာ သွက်သွက်လက်လက် ချက်ချက်ချာချာ ရဲစခန်း အချုပ်ခန်း၊ ရုံးကန်ကန္နား ပြောတတ်ဆိုတတ် လိုက်တတ်ရမယ်လေ။ ပက်သင့်တာလည်း ပက်ရသာပေါ့။ ၂ လုံး ၃ လုံး လုပ်တော့ ငွေကြေးကအစ ပူစရာမလိုဘူး။ အခု ဦးဇင်းလေး ပဋ္ဌာန်းပွဲလည်း ဒကာ မပေါ်ရင် ဆွမ်းကိစ္စ သူက အကုန်တာဝန်ယူမှာ။"
"ဟုတ်ကဲ့ ဦးကြီး။ အဖေက ဆရာကြီးအကြောင်း ခဏခဏပြောပါတယ်။ လိုအပ်တာရှိ ပြောပါ။ ဒါ ကျနော့် ဖုန်းနံပါတ်။ လိုင်းကတော့ မမိတချက် မိတချက်ပဲ။"
လိပ်စာကဒ်တော့ မဟုတ်။ ဗလာစာရွက် ဖြတ်ပိုင်းလေးတွင် အသင့်ရေးထားဟန်တူသော လက်ရေးဖုန်းနံပါတ်လေး ဖြစ်ပါ၏။
အလယ်တန်းကျောင်းအုပ်ဘဝက တာဝန်ကျရွာရှိ လူမှုကူညီရေးအသင်း နှစ်ပတ်လည်ကို သွားသတိရမိသည်။ လက်ရှိဥက္ကဌမှာ ဘာသာရေးကိုင်းရှိုင်းပြီး ရိုးသားသည်။ ထိုစဉ်က ကျေးရွာလူမှုရေးအသင်းပိုင် 'ဝတ်သောက်'ကား အရေအတွက်ကို စာရင်းအကောက်ခိုင်းရာ ၎င်းရွာမှာ ကား ၁ စီးသာရှိ၍ ၁ စီးသာ တင်လိုက်၏။ အခြားပုဂ္ဂိုလ်တစ်ယောက်က ၂ စီး၊ ၃ စီး မတင်ရကောင်းလား အပြစ်တင်၏။ ကားမရှိသော်ငြား ၂ စီး၊ ၃ စီးတင်လိုက်လျှင် ဝတ်သောက်ကားပွဲစားများက ထိုခေတ်ကာလပေါက်ဈေး တစ်စီးလျှင် ၅ သိန်း ပေးမည်ဆို၏။ ရွာဝင်ငွေ တိုးတက်ရမည်ကို မလုပ်ရကောင်းလား အပြစ်တင်ကာ အသင်းကြီး နှစ်ပတ်လည်နေ့တွင် ထိုသူနေရာတွင် အထက်ပါအတိုင်း လုပ်တတ်ကိုင်တတ်သူ အခြားတစ်ဦး အစားထိုး ရွေးချယ်လိုက်သည် ဟူ၏။
"ကဲ၊ ဦးပဉ္စင်းလည်း ကွမ်း...၊ အဲ... မအားလို့။ အစည်းအဝေးကတော့ ဒီလောက်ပါပဲ။ ကိုယ်နိုင်တဲ့ ဝေယျာဝစ္စကို လာလုပ်ပေးကြပေါ့ဗျာ။ နောက်နှစ်ရက်နေ အလှူအတွက်ရော တခါတည်း ပြောလိုက်တာပါ။"
အညာ ကျေးလက်အစည်းအဝေးတွေကတော့ လိုရင်းတိုရှင်းသာ ဖြစ်ပါ၏။ မြန်မာစံတော်ချိန် ထုံးစံအတိုင်း အစည်းအဝေးဘိတ်ကြားချိန် ကို အဓိက မထားကြ။ နောက်ကျမှသာ ရောက်လာလေ့ ရှိကြ၏။ ဖိတ်ကြားသူကလည်း အချိန်အတိအကျ ဖိတ်မသွားခဲ့။ ဦးစီးဦးဆောင် ဖိတ်ကြားကြသူတွေကိုယ်တိုင် အချိန်ကို မလေးစားသည်ကတော့ တပြည်လုံး၏ ထုံးစံ ဖြစ်နေလေပြီ။
အညာကျေးလက် ရပ်ရွာအများစုသည်ကား ဩဇာတိက္ကမ ကြီးသူ၏ စကားကို လိုက်နာ နားထောင်လေ့ရှိကြ၏။ စောဒကတက်သူ မရှိသလောက် ဖြစ်ပါ၏။
အတွေးနယ်ဝယ် အံ့ဩမိသည်က၊ ဩဇာညောင်းသည်ပဲ ခေါ်ခေါ် အာဏာပါဝါရှိသည်ပဲ ဆိုဆို၊ ထိုထိုပုဂ္ဂိုလ်တို့၏ စကားကို လိုက်နာ ဆောင်ရွက်ကြခြင်းထက်၊ ထိုထိုပုဂ္ဂိုလ်တို့တွင် ဩဇာအာဏာ ဘယ်ပုံ ဘယ်နည်း ရလာသည်၊ ရောက်လာသည် ဆိုသည်က သာ၍ စိတ်ဝင်စားဖွယ် ကောင်းလှတော့၏။
ပဒေသရာဇ်မင်းများ လက်ထက်ကတော့၊ မင်းပေါက်စိုးပေါက်၊ မင်း၏အမြှောက်အစား၊ မြို့စားရွာစား၊ နယ်စားပယ်စား၊ လူပုဂ္ဂိုလ်၊ သာသနာပိုင် ရဟန်းပုဂ္ဂိူလ်တို့မှာ ဩဇာတိက္ကမ ကြီးမားကြပေလိမ့်မည်။ သည့်အတွက် ရေမြေ့ရှင်ထံ သမီးတော်ကို ဆက်သ,ကြ၊ ရွှေတွင်းငွေတွင်း, ကြေးနီတွင်း, သဘာဝဓါတ်ငွေ့တွင်း၊ ပယင်းဒုတ္ထာ၊ နီလာပတ္တမြား၊ မိမိတို့၏ ပိုင်နက်နယ်ပယ်များက အစ၊ ဆက်သကြခြင်း ဖြစ်ပုံရ၏။ သာသနာပိုင်ရဟန်း၏ ခမည်းတော် မယ်တော်ဘဝ ဖြစ်လိုကြသူလည်း များပုံရ၏။
ကိုလိုနီခေတ် နှစ်လုံးပြူးကိုင် ရွာသူကြီးလက်ထက်တွင်မူ နှစ်လုံးပြူးကြီးနှင့် တဒူဒူ ဆင့်ခေါ်လေသော မောင်းကြီးသည် ဩဇာတိက္ကမ၏အကြောင်းရင်း ဖြစ်ခဲ့ပြီး၊ ဝံသာနုခေတ်မှာတော့ အမျိုးဘာသာ သာသနာ၊ နာနာအော်တတ်သူထံ ဩဇာတိက္ကမ ရောက်ရှိ၍ နေပေလိမ့်မည်။
မြေယာကော်မီတီခေတ်တွင်မူ ထူးထူးခြားခြား 'ဥက္ကဋ္ဌ ခန့်အပ်ခံရသူသည် ၄-တန်း မအောင်စေရ' မူအရ၊ 'အ'သုံးလုံး မကြေကြသူများသည်လည်း ကျေးလက်၏ ဩဇာရှိပုဂ္ဂိုလ် ဖြစ်ခဲ့ဖူးကြလေ၏။ မိမိ၏ ကျေးရွာသား တစ်ဦးအား ကြိမ်နှင့်ပင် ခေါ်၍ ရိုက်နိုင်ကြ၏။
မဆလ ပါတီကောင်စီခေတ်ကဆိုလျှင် အရန်ပါတီဝင်ဖြစ်လျှင် ဘယ်နှမှတ်၊ တင်းပြည့်လျှင် ဘယ်နှမှတ်၊ ပါတီကေဒါ ပါတီကလပ်စည်း၊ အသီးအသီး၊ အာဏာတန်ခိုး ကြီးမားခဲ့ကြလေသည်။
၈-လေးလုံး သပိတ်ခေတ်၊ ၈၈ စစ်အာဏာရှင်ခေတ်တို့တွင်လည်း ဟောပြောစင်ပေါ်တက်၊ 'ဟဝှာစား-ဟဝှာလျက်၊' ဆဲထွက်နိုင်သူက ရွာ၌ ဩဇာသက်ရောက်ခဲ့ကြဖူးလေ၏။
စစ်အာဏာရှင်ခေတ်ထဲတွင်ပင် သန်းရွှေ ခေတ်၊ ခင်ညွန့် ခေတ်။ ပြီးတော့ ပါတီမစုံ ဒီမိုကရေစီခေတ်။ ၎င်းနောက် ဒီမိုကရေစီ အနည်းငယ် ရရှိလာသောခေတ်။ 'မ-အိုး-လေ' မအလ၏ စစ်အာဏာသိမ်းခေတ်။ သည့်နောက် ယခုအာဏာသိမ်း စစ်ကောင်စီကို အပြတ်ဖြတ်နေသော တော်လှန်ရေးခေတ်။ ခေတ်ကာလ အသီးသီးအသကအသက၊ သူ့ဩဇာ သူ့တိက္ကမနှင့်သူ၊ ရှိသည်ချည်းသာတည်း။
ထိုခေတ် ထိုကာလအသီးသီးတွင်မှ မြေရှင်ယာရှင်၊ ခရိုနီခရိုနက်၊ ကပ်ဖားယပ်ဖား၊ တရားမဝင် စီးပွားရေးလုပ်ငန်းဖြင့် ချမ်းသာလာကြသူများသည်လည်း ထိုထို ဩဇာအာဏာကြီးမား ပုဂ္ဂိုလ်များတို့၏ ရှေ့မှ လည်းကောင်း၊ ဘေးမှ လည်းကောင်း၊ နောက်မှ လည်းကောင်း၊ နောက်ကွယ်မှ လည်းကောင်း၊ ဩဇာတိက္ကမကို အသုံးချခွင့် ရရှိကြလေ၏။ ဒေါ်နာထွန်တို့ အီလွန်မက်တို့၏ ဥပမာရှိလေပြီ။
"ကဲ ဒို့အိမ်ရေ့။ အစည်းဝေးပြီးပြီဆိုရင်လည်း အိမ်ပြန်ခဲ့ဦးတော်ရေ့။ ကြက်သွန်ပွဲစားက စောင့်နေတာ ကြာကပြီ(ကြာလှပါပြီ) တော့။"
မည်သို့သော ဩဇာတိက္ကမ ရှိသူမျိုးဖြစ်စေ၊ အိမ်သူသက်ထား ဇနီးမယား၊ တူသားနောင်မယ်များက နောက်ကွယ်မှ ၎င်း၏ဩဇာတိက္ကမကို လျှို့ဝှက်ပိုင်ဆိုင်နေသည်လည်း ရှိပေလိမ့်ဦးမည်။
သို့နှင့် ပဋ္ဌာန်းပွဲလည်းပြီး၊ အလှူရှင်လောင်းလှည့်နေ့သို့ ရောက်ရှိလာလေ၏။ အသံချဲ့စက်ကလည်း မိုက်ခွက် စမ်းပြီ။
"ဟလို၊ ဟလို၊ ဖူး၊ ဖူး။ အလှူတော်မင်္ဂလာ ရှင်လောင်းလှည့်ဖို့အချိန် ရောက်ရှိလို့လာပါပြီ။"
"ဟိုး ဟိုး၊ ဦးရီး။ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် မိတ်ကပ်အလှပြင်တွေက အခု တဝက်တောင်မကျိုးသေးဘူး။ ဟိုး ဟိုး။"
"တကတည်း တော်။ ကလေးတွေမှ ဖြီးလို့ လိမ်းလို့ မပြီးသေးဘူး။ တော့်နှယ်။"
"အဲ အဲ။ ရှင်လောင်လှည့်ဖို့အချိန် နီးကပ်လို့လာတော့မှာ ဖြစ်ပါတယ်။ ဖိတ်မန္တကပြုထားတဲ့ ပုဂ္ဂိုလ်များ အဆင်သင့် ပြင်ဆင်ထားကြဖို့ နှိုးဆော်တိုက်တွန်းသမှု ပြုလိုက်ရပါတယ် ခင်ဗျား။"
ကျေးရွာ၏ ဩဇာအာဏာကြီးကြသူများထဲတွင် ဦးပဉ္စင်းလေး ပြီးလျှင် ဒုတိယဥက္ကဋ္ဌ၊ ၎င်း၏နောက် တတိယလိုက်နေသော မိတ်ဆွေရောင်းရင်း အပေါင်းအသင်း ငယ်သူငယ်ချင်းအဘိုးကြီး၏ ပြောင်းလဲခြင်းက ချက်ချင်းကြီးပါကော။ တော်လှန်ရေးကြီးသာ ဤသို့ ဤနှယ် လျင်မြန်စွာ ပြောင်းလဲပြလိုက်ပါက မည်မျှ ကောင်းလိုက်လှပါလေမည်နည်း။
"ကဲ ကဲ။ သူငယ်ချင်း။ မင်းတို့ ငါတို့က ရှေ့ဆုံး ဗြောလှည်းပြီးသာနဲ့ လိုက်ရမှာ။ ရော့ ကြက်လျှာတိုင်နဲ့ ကုက္ကား။ တံခွန်လုံးကတော့ ၆ နှစ်သမီး ငါ့မြေးနဲ့ ရွယ်တူ ကလေးမလေး ၂ ယောက်က ရှေ့တယောက် နောက်တယောက် တံခွန်လုံး ခေါင်းနဲ့အမြီးကို ဆွဲပြီး ကိုင်ကြမှာ။"
တခါတလေ ရှေ့ဆုံးရောက်နေသော နေရာသည်ကား၊ ဘုရားတံကဲ ပန်းခက်များအကြားတွင် ထိုးစိုက်ထားသော ကြက်လျာ၊ ကုက္ကားများကို ကိုင်ဆောင်၍ လိုက်ပါပေးရသော အဘိုးကြီးအိုတို့ နေရာမျိုးလည်း ဖြစ်နိုင်ပေသေးသည်။
ရှင်လောင်းလှည့်ရန် စီတန်းနေကြစဉ်၊ မိမိတို့ရှေ့က ဗြောလှည်းမှ စတင်၍ အသံပေးလေ၏။ ဟိုတုန်းကလို လော်စပီကာအော်လံကြီးကိုလည်း မမြင်။ တတောင်လောက်သာ ရှိသော ဘလူးတု ဆောင်းဘောက်လေးတော့ မြင်ပါ၏။
"ချမ်း - ချမ်း - ဗြုန်း၊ ချမ်းချမ်းချမ်း - ဗြုန်း၊ ချမ်း - ဗြုန်း။"
သို့တည်းမဟုတ်၊
"တုတ်တုတ် - ဗြုန်း၊ ပလုတ်တုတ်တုတ် - ဗြုန်း၊ တုတ် -ဗြုန်း။" ဟူသော ဗျောသံလည်း ထွက်မလာ။ ထွက်ပေါ်လာသည့် အသံမှာကား -
"ငါက ဗိုလ်အောင်ဒင်၊ နင်က ဒါကိုမမြင်"။
မိမိတို့အဘိုးကြီးများပင်လျှင် ခန္ဓာကိုယ်ကို တွန့်လိမ်ချင်ချင်။
အင်း...။ သည်မိုး သည်လေ သည်လူတွေနှင့်၊ ဘဝ လက်ကျန်ခရီးလေးကိုတော့ ကြိုးစားကာ မောင်းနှင်ရပေဦးတော့မည်။
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။
(မောင်ဘဦး၊ ၈၆၊ တွဲပြည့်)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar