မောင်တူး - နွေဦး DVB
မောင်တူး - နွေဦး DVB
(မိုးမခ) ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၅
နှင်းတောင်ပေါ်က၊ ထုတ်လွှင့်အသံ
ရန်ကုန်ပြန်သော်၊ လွှင့်ရန်မသာ
စစ်အာဏာသိမ်း၊ ဝေးရာတိမ်းရ
သူစိမ်းတိုင်းပြည်၊ "နွေဦး DVB"
ဆက်လက်တည်နေပြန်တော့သည်တကား။ ။
(DVB) Democratic Voice of Burma ဒီမိုကရက်တစ် မြန်မာ့အသံကို စတင်တည်ထောင်ခဲ့တာ ၁၉၉၂ ခုနှစ်ကပါ။ အခု DVB TV သတင်းဌာနကြီးဟာ လွန်ခဲ့သော ၃၃ နှစ် အကြာ ၁၉၉၂ ဇူလိုင် ၁၉ ကစပြီး တနေ့ကို ၂၅ မိနစ်ပဲ လွှင့်ခဲ့တဲ့ ရေဒီယို အစီအစဥ်နဲ့ စခဲ့ကြတာပါ။ အခု ၃၃ နှစ် ရှိပါပြီ။ DVB TV ရုပ်မြင်သံကြားကိုတော့ ၂၀၀၅ ခုနှစ် မေလ ၂၈ ရက်မှာ စတင်ထုတ်လွှင့်ပါတယ်။ ဒါပေမဲ့ ၂၀၀၅ ခုနှစ်ကတော့ ဂြိုဟ်တု ရုပ်သံလှိုင်းနဲ့ စနေ တနင်္ဂနွေ ၁ နာရီစာသာ အပတ်စဉ် ထုတ်လွှင့်နိုင်ခဲ့တာပါ။ အခုတော့ ၂၄ နာရီ ထုတ်လွှင့်နေနိုင်ပါပြီ။ DVB TV စလွှင့်ပြီး ၂ နှစ်အကြာမှာ ဖြစ်ပွားတဲ့ ၂၀၀၇ ခု စက်တင်ဘာ သံဃာရွှေဝါရောင်တော်လှန်ရေး သတင်းမှတ်တမ်းတွေကို DVB က (ရေဒီယိုရော TV ရော) ဝေဝေဆာဆာ ထုတ်လွှင့်နိုင်ခဲ့တယ်။ သံဃတော်လှန်ရေးနဲ့ ဒီဗွီဘီ သမိုင်းဟာလည်း မှတ်တမ်းတခုပေါ့။ အချိန်တခုတုန်းကတော့ နော်ဝေး၊ မာနယ်ပလော၊ ဒေါင်းဂွင် (ဖာပွန်)၊ မဲဆောက်၊ ဘန်ကောက်၊ နယူးဒေလီ၊ မဲ့ဟောင်ဆောင်၊ ချင်းမိုင်တို့မှာ အသီးသီး ရှိခဲ့ကြတဲ့ DVB ရုံးတွေဟာ ရန်ကုန်မှာ သွားစုခဲ့ကြတယ်။ နှစ် အချိန် ကာလတခုလောက်တော့ တရားဝင် ထုတ်လွှင့်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့. . .
#ဆိုင်ကယ်စီးပြေး DVB သတင်းသမားများ
ဆိုင်ကယ်စီးပြေး၊ ရုပ်ဖျက်သေး၏
လွတ်ရေးမမြင်၊ နယ်စပ်တွင်နား
သတင်းများလွင့်၊ ဆင်မသင့်သော်
တဆင့်ကျော်ပြန်၊ ထိုင်းနိုင်ငံရောက်
သတင်းထောက်ဆက်လုပ်ကြပြန်တကား။ ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီးမှာ DVB သတင်းထောက်၊ DVB အယ်ဒီတာ၊ DVB ကင်မရာသမားတွေ စသဖြင့် DVB ဝိုင်းတော်သားအားလုံးတို့ဟာ တဖြည်းဖြည်း မြို့ကြီးတွေကနေ ပျောက်ကုန်ကြပြီ။ #နွေဦးDVB အယ်ဒီတာ ဖြစ်လာမည့် ကိုဇင်မောင်နဲ့ #နွေဦးDVB စီနီယာသတင်းထောက် ကိုအောင်သူတို့ဟာ မော်တော်ဆိုင်ကယ်တစီးနဲ့ အန္တရာယ်ရှိလာနေပြီဖြစ်တဲ့ ရန်ကုန် ရွှေမြို့တော်ကနေ မဲဆောက်မြို့ကို ခရီးနှင်သတဲ့။ တရွာဝင် တရွာထွက်၊ တမြို့ဝင်တမြို့ထွက် ရုပ်တွေဖျက်။ တီဗွီမှာ ကိုယ့်ရုပ်ကြီးတွေက အထင်းသား နေ့တိုင်းလိုလို ပေါ်နေခဲ့တော့ မှတ်မိဖို့ လွယ်တာကိုး။ မျက်မှန်ကြီးတွေ တပ်၊ အခု ဆိုင်ကယ်စီးနေတဲ့ မြို့သား ရွာသား အလုပ်သမားတွေပုံ ပေါက်လေအောင် အဝတ်အစားကောင်းကောင်းတွေလည်း ဝတ်မထားရဲဘူး။ ခပ် ပေစုတ်စုတ်တွေ ပုံစံလုပ်လာကြပေါ့။ ကံတော့ ကောင်းကြပါတယ်။ သူတို့ နှစ်ယောက် ဆိုင်ကယ်စီးလာရင်း နေပူမိရင်းက ကျိုက်ထို ရောက်တယ်။ ဆက်သွားလို့ မရတော့ ကျိုက်ထိုကနေ နယ်စပ်ဘက်လမ်းကို ကားနဲ့ ဆက်ပြောင်းရတယ်။ ကူညီသူတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ မဲဆောက် မရောက်ဘဲ တခြားနယ်စပ်ဘက် ရောက်သွားရော။ အဲ့သည်ကမှ တောတွင်း အဆောက်အဦတွေမှာ ဖြစ်သလို DVB အသံလွှင့်ခန်းတွေ လုပ်ရတယ်။
နောက်တော့ လျှပ်စစ်မီး ပြဿနာ၊ အင်တာနက် အခက်တွေကြောင့် ထိုင်းဘက်ကူးပြီး ဖြစ်သလို DVB TV ကို လွှင့်ကြရတာပေါ့။ သူစိမ်း တိုင်းပြည်၊ သူများတိုင်းပြည် ရောက်ရပြန်တော့တာပေါ့။ အခု ၄ နှစ်အကြာဆို ဆိုင်ကယ်စီးပြေး နွေဦး DVB အယ်ဒီတာ ကိုဇင်မောင်နဲ့ သတင်းထောက် ကိုအောင်သူတို့ ၂ ယောက်ဟာလည်း အမေရိကန်နိုင်ငံ၊ ဩစတေးလျနိုင်ငံတွေကို ရောက်သွားကြပြီ။ သူတို့က ရန်ကုန်ကနေ ရုပ်ဖျက်၊ ဆိုင်ကယ်စီးပြေးပြီး နယ်စပ်ရောက်တော့လည်း ရည်ရွယ်ချက်မပျက် သတင်းတွေ ဆက်လုပ်ခဲ့ကြတယ်။ အခက်အခဲတွေကြားက သူစိမ်းတိုင်းပြည် ထိုင်းနယ်စပ်ဘက်ရောက်တော့လည်း သတင်းတွေ ဆက်လုပ်နေခဲ့တယ်။ အခု အမေရိကားနဲ့ ဩစတေးလျနိုင်ငံတွေဆီ ရောက်သွားချိန်မှာလည်း မမှတ်ကြသေးဘူး။ အခက်အခဲ အကျပ်အတည်း ဖိအားမျိုးစုံ စိမ်ခေါ်မှုမျိုးစုံကို စိတ်မနာနိုင်ကြသေးဘူး။ သတင်းထောက်အလုပ် သတင်းထုတ်လွှင့်တာတွေ ဆက်လုပ်နေကြဆဲ။ အာဂ#နွေဦးDVB သတင်းသမားတွေပေါ့ဗျာ။
#ပြည့်မျက်လုံးကို ဖောက်ထုတ်ဖို့ ကြံ
သတင်းထောက်လေး၊ ဝါးရမ်းပြေးဟု
စစ်ခေးတွေအော်၊ အိမ်ခြံကျော်ဝင်
ဖမ်းဖို့ပြင်သော်၊ ကိုအောင်ကျော်သည်
ကျနော်လာပေါ့၊ ဖမ်းပါတော့ဗျာ
အော်ကာ အော်ကာ ပြောသတည်း။ ။
စစ်အာဏာသိမ်းအပြီး ပြည်မြို့သတင်းထောက် ကိုမင်းညို၊ ဝက်လက်မြို့က DVB CJ သတင်းထောက် ကိုအောင်စံလင်း၊ မင်းလှမြို့ အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်း၊ မုံရွာ DVB သတင်းထောက် ကိုရန်နိုင်စိုးနဲ့ မြိတ်မြို့ DVB သတင်းထောက် ကိုအောင်ကျော်တို့ကို စစ်တပ်က ဖမ်းဆီးပြီး ရိုက်နှက် နှိပ်စက်ခဲ့တယ်။ ထောင်တွေ ချလိုက်ကြတယ်။ မြိတ် သတင်းထောက် ကိုအောင်ကျော်ကို ဖမ်းတဲ့အချိန် စစ်တပ်က အိမ်ကို သေနတ်တွေနဲ့ ပစ်တယ်။ ခြံစည်းရိုးကို ဖျက်၊ အိမ်တံခါးတွေကို ဖျက်ပြီး ၃ ထပ်မှာ နေတဲ့ ကိုအောင်ကျော်ကို စစ်သား အင်အား ၂၀ လောက်နဲ့ တက်ဖမ်းခဲ့တယ်။ ဒီလို ဖမ်းနေတာကို ကိုအောင်ကျော်က Live လွှင့်ပြခဲ့သေး။ အာဂ "နွေဦး DVB" သတင်းထောက်ပါ။
ကိုအောင်ကျော်က လက်ရှိ နော်ဝေးနိုင်ငံမှာ နေပါတယ်။ သူ့ကို လှမ်းပြီး #နွေဦးDVB သတင်းထောက် ဘဝကို မေးတော့ အခုလို ပြောပြတာပေါ့။
ကိုအောင်ကျော်က မြိတ်မြို့က လုပ်ငန်းရှင်တဦးလည်း ဖြစ်ပါတယ်တဲ့။ သူ့ဇနီးကလည်း ကုန်ဆိုင်တဆိုင် ဖွင့်ထားတယ်။ သူဌေးတွေလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူက DVB သတင်းထောက် အလုပ်ကိုပဲ လုပ်ချင်သူပါတဲ့။ ဒါကြောင့်လည်း အရင်ကတည်းက စစ်တပ်နဲ့ သတင်းကိစ္စမှာ ပြဿနာ ဖြစ်ခဲ့ဖူးတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းအပြီးမှာတော့ သူက စစ်တပ်တွေရဲ့ မတရားမှုသတင်းတွေ ဆက်လုပ်နေခဲ့တာကြောင့် သူ့ကို ဖမ်းခဲ့တယ်တဲ့။ မြိတ်က ကိုယ်ဝန်ဆောင်သည်တဦးရဲ့ အိမ်ကို အာဏာသိမ်းစစ်တပ်က ဝင်စီးပြီး အိမ်ရှိ ပစ္စည်းတွေကို လုယူတဲ့သတင်းကို Live လွှင့်ပြီး DVB TV မှာ ပြခဲ့တာပါ။ ဒါကြောင့် အဲ့သည်ညမှာ သူ့အိမ်ကို သေနတ်တွေနဲ့ ပစ်ပြီး ဝင်ဖမ်းခဲ့တာ။ ဖမ်းစဉ်လည်း ဝိုင်းရိုက်ကြတယ်။ စစ်ကြောရေးမှာလည်း မျက်လုံးတဖက် ဒဏ်ရာရခဲ့တဲ့အထိ ရိုက်သတဲ့။ အခုထိ သူ့မျက်လုံးက မကောင်းဘူး။ သူကတော့ သူ့ကိုယ်သူ ဒီညတော့ သေပြီလို့ တွက်ထားတာတဲ့။ "တပ်မတော်ကို သိက္ခာကျအောင် သတင်းတွေ လွှင့်တဲ့ DVB သတင်းထောက်တွေကို အကုန်သတ်ပစ်မယ်။ မင်းကိုလည်း ဒီည သတ်မယ်။ ဒေါ်လာစားတွေ" ဆိုပြီး မြိတ်က လေ့ကျင့်ရေးတပ်မှုးကိုယ်တိုင် သူ့ကို ရိုက်တာတဲ့။ ထောင် ၂ နှစ် ချတယ်။ ၈ လမှာ လွှတ်တယ်။ လွှတ်တဲ့ည နောက်နေ့မနက်မှာပဲ သူက ထွက်ပြေးလာခဲ့တာ။ သူ့ကို လွှတ်တော့ စစ်ကြောရေး ဗိုလ်မှူးကြီးက သူ့ကို သတင်းတွေ ဆက်လုပ်ဦးမလားလို့ မေးသတဲ့။ သူက #နွေဦးDVB သတင်းထောက် ဆက်လုပ်မှာလို့ ပြောခဲ့သတဲ့။ အခုထိ နော်ဝေနိုင်ငံကနေ ဆက်လုပ်နေဆဲ။
အသတ်ခံခဲ့ရတဲ့ #နွေဦးDVB သတင်းထောက်များ
၂၀၂၄ ခု ဩဂုတ်လ ၂၁ ရက်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ DVB သတင်းထောက် ကိုဝင်းထွဋ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပါတယ်။ ကိုဝင်းထွဋ်ဦးဟာ ၂၀၂၃ ခုနှစ်က စပြီး နယ်မြေခံသတင်းထောက်အနေနဲ့ DVB သတင်းဌာနကို သတင်းတွေ ပုံမှန်ရေးသား ပေးပို့နေသူပါ။ နွေဦးတော်လှန်ရေးကာလ သတင်းထောက်တွေကို ဖမ်း နှိပ်စက် သတ်ဖြတ်နေတဲ့ ကာလမှာမှ #နွေဦးDVB သတင်းထောက်အဖြစ် ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင်ရခိုင်ပြည်နယ် မြောက်ဦးမြို့က DVB သတင်းထောက် ဖိုးသီဟ (ခ) ကိုမြတ်သူထွန်းဟာလည်း အာဏာသိမ်း စစ်ကောင်စီတပ်က သတ်ဖြတ်တာ ခံခဲ့ရပါတယ်။
#ကျနော် မောင်တူး ရုပ်ဖျက်ဦးမှ
သတင်းနဲ့ပျော်၊ ကျနော်မောင်တူး
ရုပ်ဖျက်ဖူး၏၊ ပဲခူးမှသည်
မြဝတီကို၊ အဖိုးအိုအလား
တောင်ဝှေးအားဖြင့်၊ စကားမပြော
လေဖြတ်သောသူ၊ အသွင်ယူကာ
လာခဲ့ပါသေး၊ သောင်းရင်းဘေးမှ
လှေထဲကျခဲ့၊ ဒူးနဲ့ခါးနာ
မြစ်ကူးရာတွင်၊ ကြံပင်ခင်းကြား
ပြုတ်ကျသွားသေး၊ ခွေးတွေဟောင်သံ
သောသောညံဆဲ၊ ထိုင်းရဲကြောက်လျှက်
မဲဆောက်ဘက်ရောက်သတည်း။ ။
စစ်အာဏာသိမ်းတော့ ကျနော် DVB သတင်းထောက် မောင်တူးက ဗိုလ်တထောင်မြို့ ၄၄ လမ်းမှာနေတယ်။ ဟိုး ရက်တော်တော်ကြာကြာကတည်းက လမ်းထိပ်မှာ အမြဲရှိနေတဲ့ ပုပုဖြူဖြူ စစ်ထောက်လှမ်းရေး တယောက် ကျနော့်ကို စောင့်ကြည့်နေတယ်။ လမ်းထဲမှာလည်း ကြံ့ဖွတ်တွေက များတယ်။ အိမ်ထဲက အိမ်ပြင်မထွက်ရဲဘူး။ ဒီကြားထဲ နေ့လည်ပိုင်းမှာ ဖုန်းတလုံးက ဝင်လာတယ်။ ညကျရင် မင့်အိမ်ကို ဝင်တော့မယ်တဲ့။ ဘာလုပ်ရမှန်း မသိတော့။ ကံကောင်းချင်တော့ မိတ်ဆွေ တရုတ်လူမျိုးတယောက်က ကျနော့် အိမ်ရှေ့ကို ကားတစင်းနဲ့ ရောက်လာခဲ့တယ်။ ဘာမှ ပစ္စည်းမယူနဲ့၊ ကျနော့်ကိုယုံရင် ကျနော့် ကားပေါ် တက်တဲ့။ လွတ်မြောက်ရာ ပို့ပေးမယ်တဲ့။ ကျနော်လည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး လိုက်လာခဲ့တာ။ အခုလို မဲဆောက်ကို ရောက်လာတဲ့ အထိပေါ့။
ကြားမှာလည်း လမ်းတွေမှာ အစစ်အဆေးများတော့ ပဲခူးအထိ ကားနဲ့ တတန်၊ ဆိုင်ကယ်နဲ့ တမျိုး ပုန်းလျှိုးကွယ်လျှိုး လာခဲ့ရပေါ့။ ဘုန်းကြီးကျောင်း တကျောင်းမှာ ပုန်းနေရာမှာလည်း သတင်းလုပ်ဖော်ကိုင်ဖက် စစ်တပ်နဲ့ နီးစပ်တဲ့ ဦးလေးတော် တဦးက ပြန်လာဖို့ ခဏခဏ ဖုန်းဆက်လာသေးတယ်။ ပြဿနာ မတက်စေရဘူး။ သူ တာဝန်ယူတယ်။ ပြန်လာပြီး အိမ်မှာနေပါ။ သူ အာမခံတယ်တဲ့။ အာဏာသိမ်း စစ်ကောင်စီကို မဆန့်ကျင်တဲ့ သတင်းတွေတော့ လုပ်ခွင့်ရမယ်တဲ့။ ကျနော်ကတော့ ဖုန်းပိတ်ထားလိုက်တယ်။ အဲ့သည်ကမှ ပဲခူးကနေ မြဝတီအထိ လိုင်းကားနဲ့ပေါ့။ ကျနော်က မုတ်ဆိတ်မွှေးဖြူ နှုတ်ခမ်းမွှေးဖြူ ကိုယ်တခြမ်းမသန် ထော့နဲ့ထော့နဲ့ အဖိုးကြီးပုံဆိုတော့ စစ်သားတွေ ဂိတ်တွေမှာ မစစ်တော့ဘူး။ "အဘ လာ ဒီနားမှာ ထိုင်နေ" ဆိုမျိုးပဲ ပြောကြတယ်။ အသံမှတ်မိမှာစိုးလို့ စကားကတော့ မပြောရဲဘူး။ ဒီလိုနဲ့ မြဝတီကို ရောက်တယ်။ မြဝတီကားဂိတ်ကျတော့ လူတယောက် "ရင်းရင်းနှီးနှီး တွေ့ဖူးတယ်။ ဘယ်မှာ တွေ့ဖူးမှန်း မသိဘူးလို့ " လာပြောတာခံရတော့ ခေါင်းကြီးသွားခဲ့သေးတယ်။ ညဘက် မြဝတီက မဲဆောက်အကူး သောင်းရင်းမြစ်အဖြတ် ကယ်ရီသမားက အတင်းမြန်မြန်တက်ခိုင်းတော့ လှေဝမ်းထဲ ပြုတ်ကျပါတော့တယ်။ ဒူးနဲ့ ခါးထိသွားတာ တော်တော်နာပေါ့။ ဒါတောင် လှေကူးခက ဘတ် ၁၀၀၀ ပေးရတယ်။ ထိုင်းဘက် ရောက်တော့လည်း လာခေါ်တဲ့ ကားဆီအရောက် ၁၀ မိနစ်လောက် ကြံခင်းတခုထဲ ဖြတ်အပြေး ကန်သင်းပေါ်က ပြုတ်ကျလို့ ခါးထပ်ထိပြန်တယ်။ ခွေးတွေကဟောင် ထိုင်းရဲကို ကြောက်၊ ကျနော်တို့ကပြေး "လိုက်လို့ ပြေးတာလား။ ပြေးလို့ လိုက်တာလား။" ဆိုတဲ့ ချယ်ရီသင်း သီချင်းသံကလည်း မြဝတီဘက် ပွဲခင်းဆီက ဖွင့်သံ ကြားနေရတယ်။ စိတ်ထဲမှာတော့ စစ်တပ်က လိုက်ဖမ်းလို့ ကျနော် #နွေဦးDVB သတင်းထောက်မောင်တူး မဲဆောက် ပြေးလာတာလို့ ပြောနေတယ်။ အလားတူ မရေရာလို့ တပြည်တရွာကို အရောက် ပြေးကြရတဲ့ #နွေဦးDVB ဝိုင်းတော်သားတွေ အားလုံး၊ ထောင်တွင်း #နွေဦးDVB ဝိုင်းတော်သားတွေ အားလုံး၊ စစ်အာဏာရှင်လက်ချက်နဲ့ အသက်ပေးခဲ့ကြရတဲ့ #နွေဦးDVB ဝိုင်းတော်သား အားလုံးတို့ကို ဂုဏ်ယူ လေးစား မှတ်တမ်းတင်နေမိပါတော့တယ်။ တဆက်တည်းပဲ DVB ရေဒီယို လွှင့်စဉ်က အဖွင့်သီးချင်လေးဖြစ်တဲ့
"လူ့အခွင့်အရေးနဲ့ ++ ဒီမိုကရေစီ ++
ရအောင်တိုက်မယ် DVB ++
မဝေးတော့တဲ့ အနာဂတ်တခေတ်ဆီ ++
လွတ်လုပ်တဲ့ ခေတ်တခေတ်ကိုမျှော်ရည်" ဆိုတဲ့ သီချင်းသံလေးကို ကြားနေမိပါတော့တယ်။ ကျွန်တော် #နွေဦးDVB သတင်းထောက် မောင်တူးပါ။ ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar