Breaking News

မင်းတပ်မြို့ ပြန်ဝင်နေထိုင်မယ့်သူတွေ အလှူငွေထည့်ရန် မင်းတပ် PDF ကြေညာ၊ မြဝတီနဲ့ ဘုရားသုံးဆူဒေသက ကျားဖြန့်လုပ်ငန်းတွေ နောက်ဆုံးအခြေအနေ



မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၀ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅


မင်းတပ်မြို့ ပြန်ဝင်နေထိုင်မယ့်သူတွေ အလှူငွေထည့်ရန် မင်းတပ် PDF ကြေညာ၊ မြဝတီနဲ့ ဘုရားသုံးဆူဒေသက ကျားဖြန့်လုပ်ငန်းတွေ နောက်ဆုံးအခြေအနေ 

နွေဦးလက်နက်ကိုင် တော်လှန်ရေး အစောဆုံးစတင်ခဲ့တဲ့ မြို့တမြို့ဖြစ်တဲ့ မင်းတပ်မြို့ကို မကြာသေးတဲ့ ကာလက ချင်းညီနောင်တပ်ပေါင်းစု အဖွဲ့ဝင်တဖွဲ့ဖြစ်တဲ့ မင်းတပ် PDF အဖွဲ့က စစ်ကောင်စီလက်ထဲက သိမ်းယူခဲ့ပြီးနောက် မြို့ခံတွေ အနေနဲ့ မြို့ကို ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်း အခုလိုပြန်လည်ဝင်ရောက်နေထိုင်မယ့် မြို့ခံတွေအနေနဲ့  တော်လှန်ရေး အတွက် ရံပုံငွေ လှူဒါန်းခဲ့တဲ့ အထောက်အထားတွေ ပြသ၍သော်လည်းကောင်းနဲ့ အဲဒီလို ထည့်ဝင်ထားတာ မဟုတ်ခဲ့ရင် ထည့်ဝင်လှူဒါန်းပြီးမှသာ မြို့တွင်းပြန်လည် နေထိုင်ခွင့်ပေးမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အများပြည်သူသိအောင် ထုတ်ပြန်တဲ့ စာထဲမှာ ဘယ်၍ဘယ်မျှ ထည့်ဝင်ရမယ်လို့တော့ ဖော်ပြထားခြင်း မရှိပါဘူး။ မြို့ဝင်ဂိတ်မှာ ရန်ပုံငွေထည့်ဝင်ဖူးတဲ့ အထောက်အထားကို ပြသ၍ သော်လည်းကောင်း သို့မဟုတ် လက်ငင်းထည့်ဝင်ပြီးမှ မြို့တွင်း ဝင်ခွင့်ပြုမယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားတာပါ။ မင်းတပ်မြို့ဟာလည်း လက်နက်ကိုင် တိုက်ပွဲဖြစ်တဲ့ အခြားသောဒေသက မြို့တွေလိုပဲ လက်နက်ကြီးကျည်ကျလို့ ပျက်စီးတာ၊ စစ်ကောင်စီတပ်က မီးရှို့တာကြောင့် ပျက်စီးတာတွေလည်း ရှိနေပြီး အချို့သော မြို့ခံတွေအဖို့ နေအိမ်လည်း ဆုံးရှုံး အလုပ်အကိုင်လည်း မလုပ်ကိုင်နိုင်တာ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်လို့ ရံပုံငွေ ထည့်ဝင်ဖို့ ခက်ခဲတဲ့အခြေအနေတွေလည်း ရှိနေနိုင်တာ ဖြစ်ပါတယ်။ 

တဖက်မှာတော့ ချင်းပြည်နယ် တောင်ပိုင်းကို ချင်းပြည်နယ်ဟာ အခြားသော တိုင်းရင်းသားဒေသ နဲ့ မြန်မာနိုင်ငံအခြားဒေသတွေနဲ့ နှိုင်းယှဥ်ရင် သဘာဝသယံဇာတ ထွက်ရှိမှုနည်းပါးတဲ့ ဒေသလည်းဖြစ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းလည်း မကျတဲ့အတွက် ကုန်သွယ်မှုကနေ အခွန်အကောက် ရရှိမှုလည်း နည်းပါးတဲ့ ပြည်နယ်ဖြစ်တာကြောင့် အခုလို ကောက်ခံရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးဆီကနေ တိုက်ခိုက်သိမ်းယူပြီးနောက် လောလောဆယ်မှာ မြို့နယ် အုပ်ချုပ်ရေး၊ တိုက်နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး ရာထူးတာဝန်တွေ သတ်မှတ်တာဝန်ပေးထားပေမယ့် အရပ်ဖက် အုပ်ချုပ်ရေးလိုမျိုး ပီပီပြင်ပြင် ဖော်ဆောင်ဖို့ မလွယ်ကူသေးတဲ့ အခြေအနေမျိုးလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တိုက်ခိုက်ရေးမှာသာမက အုပ်ချုပ်ရေးမှာလည်း တာဝန်ဝင်ယူနေရတဲ့ အနေအထားက ရေရှည်အတွက်တော့ ကောင်းတဲ့ အနေအထား မဟုတ်ပါ။ ကြားကာလလို့ ခေါ်ဆိုကြတဲ့ နယ်မြေ သိမ်းယူနိုင်သည့်တိုင် လက်နက်ကိုင် တိုက်ပွဲတွေ မပြီးသေးတဲ့ကာလမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို ဘယ်လိုဖော်ဆောင်မလဲ သို့မဟုတ် လက်နက်ကိုင် အဖွဲ့အစည်းတွေ သို့မဟုတ် အဖွဲ့အစည်းကသူတွေပဲ အမိန့်နဲ့ အုပ်ချုပ်တာမျိုး အနေအထားနဲ့ ကာလတခုထိ သွားကောင်းလည်း သွားကြမယ့် အနေအထားတွေ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ လူထုအနေနဲ့ စစ်ဘေးတိမ်းရှောင်ရကတည်းက နေအိမ်၊ ရိက္ခာ၊ ကျွဲနွားက အစ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့လာခဲ့ကြရတဲ့ အခက်အခဲကိုလည်း လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ နားလည်ပေးဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ 

ဒီနေ့ အဖို့နောက်ထပ် အကြောင်းအရာ တခုကတော့ လူအများစိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ မြဝတီ၊ ဘုရားသုံးဆူဒေသက ကျားဖြန့်လုပ်ငန်းတွေ နှိမ်နှင်းမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ခုလပိုင်းတွေမှာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုနဲ့ ထိုင်းနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေကို လျှပ်စစ်၊ လောင်စာဆီနဲ့အခြားဆက်စပ်ပစ္စည်းတွေ ဖြတ်တောက်ရေး လို အရေးယူမှုတွေ လုပ်ဆောင်လာနေတာ တရစ်ပြီးတရစ် မြင့်တက်လာနေတာဖြစ်ပါတယ်။ ၄င်းတို့နယ်မြေထဲမှာ အခြေမစိုက်ပေမယ့် ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့သူတွေ ဝင်ရောက်ရာလမ်းကြောင်း ဖြစ်နေပြီး နယ်စပ်ဖြတ်ကျော်ကာ လျှပ်စစ်မီး၊ အင်တာနက်နဲ့ အခြား အိုင်တီပစ္စည်းတွေ ဝယ်ယူအသုံးပြုပြီး လည်ပတ်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံအနေနဲ့ ၄င်းတို့နိုင်ငံ အစိုးရအဖွဲ့ရဲ့ ဂုဏ်သတင်းလည်း ထိခိုက်နိုင်သလို ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကိုလည်း ထိခိုက်စေတာ ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီအစိုးရကတော့ ၄င်းတို့နဲ့ လမ်းခွဲသလို ထုတ်ဖော်ပြောဆိုထားတဲ့ ယခင်နယ်ခြားစောင့်တပ်ဖွဲ့ BGF နဲ့ စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ DKBA တို့ ပါဝင်ပတ်သက်နေတဲ့ ဒီလုပ်ငန်းတွေဟာ လောလောဆယ် ၄င်းတို့ ထိန်းချုပ်မှုအောက်မှာ မရှိဘူးဆိုတဲ့ သဘောနဲ့ ဝေဖန်ချက် များများစားစား မပေးပေမယ့် တရုတ် အစိုးရ ကျေနပ်ဖို့ အတွက် အတိုင်းအတာတခုထိတော့ ပါဝင်ဆောင်ရွက်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ မြဝတီကို လောင်စာဆီဖြတ်တောက်တဲ့ လုပ်ဆောင်မှုမှာ မြန်မာဘက်ကလည်း ပူးပေါင်းပါဝင် လုပ်ဆောင်နေတာကြည့်ရင် တရုတ်နိုင်ငံက ကျေနပ်ဖို့ လုပ်ဆောင်တယ် ဆိုတာ ထင်ရှားပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ BGF နဲ့ DKBA ကို ဘယ်လောက်ထိ ဖိအားပေးနိုင်မလဲ၊ ဘယ်လို အရေးယူနိုင်မလဲ ဆိုတာ အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။ လာဘ်စားမှုတွေ အတိုင်းအတာတခုထိရှိတဲ့ ထိုင်း စစ်တပ်၊ ရဲ နဲ့ ထောက်လှမ်းရေးလို အဖွဲ့အစည်းတွေ အနေနဲ့ မြဝတီဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတွေ တဖြည်းဖြည်း ကြီးထွားလာတဲ့ အဖြစ်အပျက်မှာ ဘယ်လောက် အထောက်အကူပေးခဲ့သလဲ ဘယ်လောက် မျက်စိမှိတ်ခွင့်ပြုခဲ့သလဲဆိုတာတော့ လောလောဆယ်မှာ တိတိကျကျ မသိနိုင်သေးပါဘူး.။

ကျားဖြန့်လုပ်ငန်းတွေဟာ ရာဇဝတ်ဂိုဏ်းတွေ ဖြစ်တာကြောင့် ဒီလုပ်ငန်းတွေကို အကာအကွယ်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာလည်း ကြံရာပါလို့ ဆိုနိုင်သလို ပြစ်မှုကျူးလွန်မှုမှာ တစိတ်တပိုင်း တာဝန်ရှိနေတာ ဖြစ်ပါတယ်။ ၄င်းတို့ ဆင်ခြေပေးသလို မြေငှားခသာ ရတယ်ဆိုတဲ့ ပြောဆိုချက်ကိုတော့ အများက မယုံကြည်ကြဘဲ ကြီးမားတဲ့ ပမာဏတခု အကျိုးအမြတ် ခွဲဝေခံစားကြရလိမ့်မယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ ယမန်နှစ် လယ်မတိုင်ခင် အထိ ဒီဒေသမှာ တပ်ရင်းစခန်း၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်လို စစ်စခန်းတွေ နဲ့ ထိန်းချုပ်ထားတဲ့ မြန်မာစစ်တပ်အနေနဲ့လည်း ဒီဒေသမှာ အခြေစိုက်တဲ့ ကျားဖြန့်လုပ်ငန်းကနေ အကျိုးခံစားနေခဲ့ကြမှာ မလွဲပါဘူး။ လတ်တလော ဖြစ်ရပ်ဖြစ်ပွားချိန်မှာ မြန်မာစစ်တပ်အနေနဲ့ မြဝတီကို အလုံးစုံထိန်းချုပ် မထားနိုင်တဲ့ အခြေအနေက တဖက်ကတွေးရင် ၄င်းတို့အတွက် ကံကောင်းတယ်လို့ မှတ်ယူကောင်း မှတ်ယူနေကြလိမ့်မှာ ဖြစ်ပါတယ်။ 

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသခေါင်းဆောင် ပယ်စောက်ချိန်ကို မြန်မာ စစ်ကောင်စီက တရုတ်လက်အပ်သလို စောချစ်သူကိုတော့ အပ်နိုင်တဲ့ အနေအထား သူ့မှာ ရှိမနေတာလည်း ဖြစ်ပါတယ်။ မကြာခင် ရက်ပိုင်း သီတင်းပတ်တွေမှာ ထိုင်းနိုင်ငံအနေနဲ့ BGF နဲ့ DKBA ကို ဘယ်လောက် အရေးယူ ဖိအားပေးတာတွေ လုပ်နိုင်ဦးမလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar