Breaking News

PDF မင်္ဂလာဆောင် စစ်ကောင်စီ ဗုံးကြဲခံရတာနဲ့ အညာဒူဘိုင်း ဆောင်းပါးဂယက်

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၅ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅


PDF မင်္ဂလာဆောင် စစ်ကောင်စီ ဗုံးကြဲခံရတာနဲ့ အညာဒူဘိုင်း ဆောင်းပါးဂယက်

မကွေးတိုင်း မြိုင်မြို့နယ်ထဲက လက်ဖြစ်တူးတဲ့ ရေနံမှော်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေအနေနဲ့ အခွန်အကောက်ရတဲ့ငွေ၊ စစ်တပ် ထောက်ခံတဲ့ ရေနံတွင်းတူးသူတွေ တိမ်းရှောင်သွားလို့ ထားခဲ့တဲ့ လက်လုပ်ရေနံတွင်းတွေက ရတဲ့ ငွေကြေးတွေနဲ့ အကျင့်ပျက် ခြစားမှုနဲ့ အာဏာ အလွဲသုံးစားမှုတွေကို ရေးချယ်ထားတဲ့ “အညာဒူဘိုင်း၏နောက်ကွယ်” အမည်ရှိတဲ့ သတင်းဆောင်းပါးကို ဧရာဝတီသတင်းဌာနက  ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ 

ဒီဆောင်းပါးနဲ့ ပတ်သက်လို့ လက်နက်ကိုင်တော်လှန်ရေး၊ နွေဦးတော်လှန်ရေး ထောက်ခံသူတွေ အကြားမှာပင်လျင် အမြင်မတူကြ ဝေဖန် ငြင်းခုံကြ၊ အပြစ်တင်ကြတဲ့ ပြောဆိုရေးသားမှုတွေ လူမှုကွန်ရက် မီဒီယာမှာ ဆူညံနေခဲ့ပြီးနောက် ယနေ့မနက်မှာတော့ ယနေ့နံနက်ပိုင်းမှာတော့ ဆောင်းပါးပါ ဒေသ တဝိုက်က ကျေးရွာတရွာဖြစ်တဲ့ ဆုံကုန်းကျေးရွာမှာ PDF တပ်ဖွဲ့ဝင် တဦးရဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီ ရဲ့ စစ်လေယာဥ်တွေက ဗုံးကြဲချခဲ့ရာမှာ ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားလည်း ဒဏ်ရာရတဲ့ သတင်းထွက်ပေါ်လာပါတယ်။ 

အထက်က အညာဒူဘိုင်း၏နောက်ကွယ် ဆိုတဲ့ သတင်းဆောင်းပါး ဖော်ပြမှုကြောင့် ဒီဒေသကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတယ်လို့ ကောက်ချက်ချသူတွေက သတင်းမီဒီယာကို အပြစ်တင်ကြပြီး တော်လှန်ရေးကို ထိခိုက်စေတဲ့ သတင်းဆောင်းပါး၊ ဒီဒေသကို လေကြောင်းတိုက်ခိုက်ခံရအောင် လုပ်တဲ့ သတင်းဆောင်းပါးဆိုပြီး အပြစ်တင်ပြောဆိုကြတာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တဲ့ ပစ်မှတ်က ဆောင်းပါးပါ ကျေးရွာတွေထဲက ရွာတရွာဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တယောက်ရဲ့ မင်္ဂလာဆောင် ဖြစ်လို့ အဆိုပါ တပ်ဖွဲ့ဝင်ရဲ့ ရဲဘော် လက်နက်ကိုင် အဖွဲ့ဝင်တွေလာကြလိမ့်မယ် ဆိုတဲ့ ယူဆချက်နဲ့ ပစ်မှတ်ထားတိုက်ခိုက်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ စစ်ကောင်စီ အနေနဲ့ သတင်းဆောင်းပါး ဆိုတာထက် PDF အဖွဲ့၊ ပအဖ လို့ အတိုကောက်ခေါ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အခမ်းအနားလိုမျိုး သတင်းအချက်အလက်တွေကို စောင့်ကြည့်နေပြီး တိုက်ခိုက်တဲ့ သဘောလို့ ယူဆနိုင်ပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလက ပဇီကြီးကျေးရွာ ပအဖ ရုံးဖွင့်ပွဲ ဆွမ်းကပ်တဲ့ အခမ်းအနားလိုမျိုးကို လေကြောင်း ဗုံးကြဲခဲ့တာကို ကြည့်ရင် ရန်သူက ပကဖ၊ ပအဖ တို့ရဲ့ လှုပ်ရှားမှု အခမ်းအနားတွေကို နံပါတ် ၁ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ယူဆနိုင်ပါတယ်။ 

တဖက်မှာတော့ သတင်းမီဒီယာတွေ အနေနဲ့ ပကဖ၊ ပအဖ အစရှိတဲ့ အဖွဲ့အစည်းတွေက ငွေပေါတဲ့ ရေနံမှော်လို နေရာမျိုးမှာ ကိုယ်ကျိုးရှာမှု၊ အကျင့်ပျက်မှု၊ အာဏာအလွဲသုံးမှုတွေ ရှိနေတယ်လို့ မြင်တွေ့တဲ့အခါ သတင်းရေးဖို့ ဝတ္တရားရှိတဲ့ ယူဆချက်၊ သတင်းမီဒီယာတွေ အနေနဲ့ အုပ်ချုပ်သူတွေ၊ အာဏာရှိသူတွေ အနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုရှိဖို့ ဝေဖန်ထောက်ပြတာဟာ အများပြည်သူ အကျိုးစီးပွား ဖြစ်တယ်ဆိုတဲ့ သတင်းမီဒီယာရဲ့ အဓိက တာဝန်ဝတ္တရားဆိုတဲ့ အချက်ကို ဆုပ်ကိုင်ပြီး ရေးသားဖော်ပြသင့်တယ် ရေးသားခွင့်ရှိတယ်လို့ ရပ်တည်ရေးသားကြတာ ဖြစ်ပါတယ်။ 

သတင်းမီဒီယာကို အပြစ်တင်သူတွေကတော့ လေကြောင်းတိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေမျိုးမှာ အခုလို ကျေးရွာ အမည်နဲ့ နေရာအသေးစိတ် အချက်အလက်တွေ၊ ပကဖ ခေါင်းဆောင်တွေရဲ့နာမည်တွေနဲ့ တကွ ရေးသားဖော်ပြလိုက်တာဟာ ရန်သူကို လေကြောင်းက တိုက်အောင် သတင်းပေးသလို ဖြစ်စေတယ်လို့ ထောက်ပြကြတာပါ။ ဖားကန့်တို့လို ကျောက်စိမ်းထွက်တဲ့ ငွေပေါတဲ့ဒေသမျိုးမှာ အနှိပ်ခန်း၊ ပြည့်တန်ဆာခန်း၊ ကာရာအိုကေခန်း၊ လောင်းကစားခန်းတွေ ရှိမှာ သဘာဝပဲ ဆိုတဲ့ သဘောလည်း ကာကွယ်ပြောဆိုကြပါတယ်။ ဒီလို ပြောဆိုမှုမှာ ငွေပေါတဲ့ ကျောက်တွင်းမှော်၊ ရွှေမှော်တွေမှာ လောင်းကစား၊ ကေတီဗွီ၊ အနှိပ်ခန်း၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာခန်းတွေ သာမန်ဒေသတွေထက် ပေါများခြင်းဟာ သဘာဝ ဖြစ်ပေမယ့် အဲဒီဒေသကို အုပ်ချုပ်တဲ့ အာဏာရှိသူတွေက ငွေကြေးနဲ့ အာဏာကို အလွဲအသုံးချမှုတွေ၊ ခြစားမှုတွေ ရှိခဲ့ရင် သတင်းမီဒီယာတွေက ရေးသားဖော်ပြလိုကြတာလည်း သဘာဝဖြစ်ပါတယ်။ 

စစ်ကောင်စီက နေ့စဥ်နဲ့အမျှ လက်နက်ကိုင် တိုက်ပွဲ ဖြစ်ပွားတဲ့နေရာတွေ ဒါမှမဟုတ် ဖြစ်ပွားခြင်းမရှိတဲ့ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေကို နေ့စဥ် လေကြောင်းက တိုက်ခိုက်နေတာပါ။ အခုလို ဆုံကုန်းရွာ တိုက်ခိုက်မှုက ဧရာဝတီ သတင်းဝက်ဆိုက်က ဆောင်းပါးကြောင့်လို့ ပြောရင် တစိတ်တပိုင်း ဆိုနိုင်ပေမယ့် တထစ်ချတော့ မဆိုနိုင်ပါဘူး။ တဖက်မှာ သတင်းမီဒီယာတွေ အနေနဲ့ အုပ်ချုပ်သူတွေကို တာဝန်ခံမှုရှိအောင် မြေပြင်မှာ ဖြစ်ပျက်နေတာကို မရေးသင့်တော့ဘူးလားဆိုတဲ့ မေးခွန်းလည်း ရှိနေပြန်တာ ဖြစ်ပါတယ်။ 

တော်လှန်ရေးကာလမှာ မီဒီယာတွေ အနေနဲ့ လွတ်လပ်စွာရေးခွင့် မရှိသင့်ဘူး ဆိုတဲ့ ယူဆချက်နဲ့ တဖက်မှာတော့ နွေဦးတော်လှန်ရေးဆိုတာ စစ်အာဏာရှင်တွေတင်မကပဲ မမှန်မကန် လုပ်ဆောင်နေတဲ့ ဘယ်ဘက်က သူကိုမဆို ရေးသားဖော်ပြရမှာပဲ ဆိုတဲ့ မီဒီယာရဲ့ လွတ်လပ်ခွင့်တို့ အားပြိုင်ကြတဲ့ အားပြိုင်မှုတရပ်လည်း ဖြစ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar