ရှမ်းမြောက်ဒေသက နယ်မြေပြဿနာ လူထုဆန္ဒခံယူမယ့်နည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ဆို
မြန်မာနွေဦးခရိုနီကယ် - မတ် ၈ မြင်ကွင်း
မိုးမခ၊ မတ် ၉၊ ၂၀၂၅
ရှမ်းမြောက်ဒေသက နယ်မြေပြဿနာ လူထုဆန္ဒခံယူမယ့်နည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ဆို
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ လတ်တလော ဖြစ်ပွားနေတဲ့ KIA တပ်ဖွဲ့ဝင်တွေနဲ့ TNLA တပ်ဖွဲ့ဝင်တွေအကြားက ပြဿနာကို လူထုသဘောထား ရယူပြီး ဆုံးဖြတ် အဖြေရှာဖို့ KIA ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂွန်မော်က ဆိုရှယ်မီဒီယာမှာ ရေးသားမှတ်ချက်ပြုခဲ့ပါတယ်။
တအာင်းပလောင်၊ ကချင်၊ ရှမ်းလူမျိုးတွေ အဓိကနေထိုင်ကြတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ လက်နက်ကိုင်အဖွဲ့အသီးသီးက ထိန်းချုပ်ထားကြတဲ့ နယ်မြေနယ်နိမိတ်တွေက ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းယူမှုက အပြောင်းအလဲတွေ များစွာဖြစ်ပေါ်စေခဲ့ပါတယ်။ ဗဟိုအာဏာလို့ ယေဘုယျအခေါ်အဝေါ် အားဖြင့်လည်းခေါ်ဆိုကြပြီး လက်ရှိအချိန်မှာတော့ စစ်အာဏာသိမ်းပြီး တနိုင်ငံလုံးရဲ့ အာဏာကိုရယူထားတဲ့ မင်းအောင်လှိုင်ရဲ့စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ကနေ ကိုးကန့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြားသောနယ်မြေတွေကို MNDAA က သိမ်းယူအုပ် ချုပ်နေသလို ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ အခြားသော ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသတွေကို TNLA က သိမ်းယူအုပ်ချုပ်နေကာ KIA ကလည်း ဗြိတိသျှကိုလိုနီခေတ်က Kachin Sub-state လို့ သတ်မှတ်ခဲ့တဲ့နယ်မြေထဲကအချို့ကိုတိုက်ခိုက်သိမ်းယူပြီး အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ နှစ်ရာထောင်ချီကာလတုန်းက မြန်မာနိုင်ငံလို့ အခုခေါ်ဆိုသတ်မှတ်ထားကြတဲ့နယ်မြေဒေသထဲကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကနေ လူမျိုးနွယ်စုတွေ ရွှေ့ပြောင်းအခြေချခဲ့ကြစဥ်က ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဒေသ အသီးသီးမှာ မတူတဲ့မျိုးနွယ်စုတွေ နေရာဒေသအလိုက် နေထိုင်လုပ်ကိုင်စားသောက်ခဲ့ကြတာ ဖြစ်ပါတယ်။
သမိုင်းမှတ်တမ်းအချက်အလက်တွေ အရ ရှမ်း၊ ပလောင်၊ ကချင်၊ လီဆူ၊ ကိုးကန့်၊ ဝ နဲ့ အခြားလူမျိုးစုတွေ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အသီးသီးနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
၁၈၀၀ ပြည့်နှစ်အစပိုင်း ဗြိတိသျှကိုလိုနီ နယ်ချဲ့တွေကမသိမ်းယူမီအနေအထား၊ ဗြိတိသျှကိုလိုနီနယ်ချဲ့တွေက မြန်မာတနိုင်ငံလုံးကိုသိမ်းယူပြီးနောက် သတ်မှတ်ချက်၊ လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်ကာလ စတဲ့ သမိုင်းတွေက မဝေးတဲ့သမိုင်းလို့ ဆိုနိုင်ပါတယ်။ ၁၉၄၇ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသားလွတ်မြောက်ရေး လက်နက်ကိုင်လှုပ်ရှားမှုက အခုချိန်ထိ အုပ်ချုပ်သူအစိုးရအဆက်ဆက် ကြာရှည်လာခဲ့တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ လတ်တလောစစ်ရေးအောင်မြင်မှုတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နယ်မြေစိုးမိုးမှုပြဿနာကို ရှေ့ရောက်လာစေပြီး အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပွတ် တိုက်မှုနဲ့ အငြင်းပွားမှုကို ပေါ်ပေါက်စေတာ ဖြစ်ပါတယ်။
KIA နဲ့ TNLA အကြားဖြစ်ပွားတဲ့ ပြဿနာ တခုထည်းတင်မဟုတ်ပဲ KIA နဲ့ MNDAA အကြား နယ်မြေပြဿနာ ရှမ်းလက်နက်ကိုင် အဖွဲ့နဲ့ TNLA အကြားပြဿနာတွေလည်း ရှိနေတာဖြစ်ပါတယ်။ လူများစုဖြစ်တဲ့ ရှမ်းလူမျိုးစုကိုအဓိကထားပြီး ရှမ်းပြည်နယ်လို့အမည်ပေးထားတဲ့ နယ်မြေထဲမှာ လူမျိုးစုအများအပြား အခြေ ချနေထိုင်ကြတာဖြစ်ပြီး လူများစုဖြစ်တဲ့ ရှမ်းလူမျိုးလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့က လတ်တလော နယ်မြေစိုးမိုးမှုတွေထဲ ပါဝင်မလာသေးတဲ့အနေအထားလည်း ဖြစ်ပါတယ်။
ဗဟိုအင်အားထိန်းချုပ်မှုရဲ့ အလွန်တနည်းအားဖြင့် စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားရတဲ့အနေအထားမှာ ရှမ်းပြည်နယ်ကို ဘယ်လိုခွဲဝေထိန်းချုပ်ကြမလဲ။ စစ်အင်အားနဲ့ တိုက်ခိုက်သိမ်းယူနိုင်တဲ့လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ခွင့်ရပြီး အဲဒီဒေသထဲမှာ နေထိုင်တဲ့လူမျိုးစုလူဦးရေအပေါ် မူမတည်ပဲ၊ အစဥ်အဆက်နေထိုင်လာတဲ့သမိုင်းကြောင်း စတာတွေက အရေးမပါတော့တဲ့အနေအထားလား ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ တိုက်ခိုက်အောင်မြင်ခဲ့တဲ့နယ်မြေတွေကို တိုက်နိုင်တဲ့သူယူဆိုတဲ့ အခြေအနေက သဘာဝမကျဘူးလို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ယူဆထားတာလည်း ရှိပါတယ်။ တဖက်မှာလည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း လက်နက်၊ စစ်သည်၊ စီမံအမိန့်ပေးမှုတွေ ရင်းနှီးထားရတာဖြစ်လို့ ဒီနယ်မြေတွေကိုတခြားလက်နက်ကိုင်အဖွဲ့ကိုလွှဲအပ်မပေးနိုင်ဘူးလို့ခံယူထားကြတာလည်း ဖြစ်ပါတယ်။ သို့ပေမဲ့ ဖက်ဒရယ်မူ၊ ဒီမိုကရေစီစံနှုန်းတွေအရ ဒီဒေသမှာနေထိုင်သူတွေရဲ့ဆန္ဒကို အဓိကရယူခြင်းက ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့လုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။
လူထုဆန္ဒခံယူခြင်းကို ဘယ်လိုလုပ်ကြမလဲဆိုတဲ့မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက အုပ်ချုပ်ထားတဲ့အောက်မှာ လွတ်လပ်တဲ့ဆန္ဒခံယူမှုကိုကျင်းပဖို့ ဖြစ်နိုင်ခြေ စတာတွေကလည်း အရေး ကြီးတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ KIA ရဲ့ ဒု-ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးဂွန်မော်အဆိုပြုတဲ့ဒေသခံ လူထုရဲ့ ဆန္ဒခံ ယူပွဲကိုလက်ရှိအဆိုပါဒေသတွေကိုထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ကကျင်းပဖို့ ဆန္ဒရှိပါ့မလား ဆိုတဲ့ မေး ခွန်းက အဓိက ဖြစ်ပါတယ်။
ရှမ်းမြောက်နဲ့ပတ်သက်လို့ KIA က အခုလိုကမ်းလှမ်းတဲ့ နည်းတူ ကချင်ပြည်နယ်မှာလည်း ရှမ်းနီလူမျိုးစုတွေ နေထိုင်တဲ့ ဒေသတွေမှာ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ဖို့ ပြောဆိုလာရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ မေးခွန်းလည်း ရှိနေတာဖြစ်ပါတယ်။ အမှန်တကယ်သာ လူထုဆန္ဒခံယူတဲ့နည်းလမ်းကို တော်လှန်ရေး လက်နက်ကိုင်တွေအနေနဲ့လက်ခံခဲ့ရင် အခြားသောဒေသတွေမှာလည်း အလားတူတောင်းဆိုမှုတွေ ပေါ်ထွက်လာစရာရှိနေတဲ့ အနေ အထားပါ။
ရှမ်းမြောက်ဒေသတင်မကဘဲ အခြားသော တိုင်းရင်းသားဒေသတချို့မှာလည်း ဆန္ဒခံယူဖို့ တောင်းဆိုလာတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ် ကရင်ပြည်နယ်တို့လို ဒေသတွေမှာ လက်ရှိသတ်မှတ်ထားတဲ့နယ်မြေနယ်နိမိတ်တွေကို ပြန်လည်သုံးသပ်ဖို့ အဆိုပြုတာတွေလည်း ရှိလာနိုင်တာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar