Breaking News

အောင်ဝေး - ရောင်ကိုင်းနေသောမြစ်များ

Image - Credit
ရောင်ကိုင်းနေသောမြစ်များ
အောင်ဝေး
(မိုးမခ) မတ် ၁၂၊ ၂၀၂၅

မြစ်တွေဟာရောင်ကိုင်းနေတယ်
ရောင်ကိုင်းနေတဲ့
မြစ်တွေပေါ့။

မျက်လုံးတစ်ဖက်ရောင်ကိုင်းနေတယ်
နားတစ်ဖက်ရောင်ကိုင်းနေတယ်
ခန္ဓာကိုယ်တစ်ခုလုံး
ရောင်ကိုင်းနေတယ်။

ခေတ်ဟာဒဏ်ရာဗရပွနဲ့
မြင်မကောင်း
စနစ်ရဲ့အလောင်းတွေ
မြစ်ကြောင်းမှာ။

ဒီနေရာမှာ
ငါတို့ခေတ်ရဲ့အနှစ်(၇၀)ကျော်
စစ်ကြီးတစ်ခုလှဲလျောင်း
စစ်ဟာလှဲချောင်းအိပ်စက်လို့။
ရောင်ကိုင်းနေတဲ့မြစ်ရိုးမှာ
မိုးတွေရွာတယ်။

မျက်ရည်မိုးပေလား
ဒါမှမဟုတ်
သွေးတွေအငွေ့ပြန်ပြီး
သွေးတိမ်တွေဖြစ်
အဲဒီသွေးတိမ်တွေကသွန်ချတဲ့
ပြန်ကျမိုးလေလား။

ကံဆိုးမခြေထောက်မှာ
ကိုယ်ယောင်ဖျောက်ထားတဲ့
မိုးတစ္ဆေ လား။

မိုးစက်တင်လေရယ်
ဒုက္ခမိုးရေတွေထဲမှာ
မြစ်ဟာရောင်ကိုင်းနေတယ်။

ဘယ်တုန်းကမှ
ခေတ်ဆိုးကြီးမှာ
ချစ်မိုးကြီးလည်းမရွာခဲ့ပါဘူး။
မျှော်လင့်ခဲ့သမျှလည်း
မျှော်လင့်ခဲ့သလောက်
မရခဲ့ပါဘူး။

ရောင်ကိုင်းနေတဲ့မြစ်ပေါ်ကို
ဗုံးမိုးတွေလည်းရွာတယ်
ဒရုန်းမိုးတွေလည်းရွာတယ်လေ။

ခေတ်အသေခရီးမှာ
မြစ်ရေကြီးတော့မယ်။

မြစ်ဟာရောင်ကိုင်းနေပြီ
ခေတ်ရဲ့အိုင်းအနာကို
စစ်ကတိုက်စားသွားတော့မယ်။

မြစ်ရေကြောင်းမှာ
အချစ်လှေလောင်းနဲ့
ပန်းပေါင်းတစ်ရာရယ်
စိတ်ကူးမယဥ်နိုင်ပါဘူး။

ရောင်ကိုင်းနေတဲ့မြစ်ရိုးမှာ
မိုးစွေငှက်တွေနိမ့်နိမ့်ပျံသွားတယ်။

ကိုယ့်နှလုံးသားကိုယ်ပွေ့ပိုက်
ကိုယ့်ဓားသွားကိုကိုယ်လျက်လို့
ငါတို့အိပ်မက်တွေလည်းရောင်ကိုင်း
ရောင်ကိုင်း။

သေခြင်းတရား
နေခြင်းတရားတွေလည်းရောင်ကိုင်း
ရောင်ကိုင်း။

ဆက်လက်စီးဆင်းသွားကြပါ
ကမ်းပါးပေါ်က
နွေဦးခေါ်သံတွေ
မကြားကြဘူးလား
ဆက်လက်လှိုင်းထန်ပေးကြပါ။

ရောင်ကိုင်းနေတဲ့မြစ်ဝှမ်း
ခေတ်ကနွမ်းပြီး
စစ်ကကြမ်းတယ်။

ထောင်တံတိုင်းမှာလည်း
အမှောင်လှိုင်းတွေ
ရောင်ကိုင်းနေတယ်။

အရာရာဟာရောင်ကိုင်းလို့ပေါ့
သေနတ်ဒင်နဲ့အဆောင့်ခံထားရတဲ့
သမိုင်းဟာလည်း
ရောင်ကိုင်းနေတယ်။

မိတ်ဆွေ
ရောင်ကိုင်းခြင်းမှာဆေးရှိပါသလား
စိတ်တွေမသေခင်
လွမ်းအားမျှပါမိတ်ဆွေ။  ။

(မတ် ၁၁၊ ၂၀၂၅)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar