Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဆန်ရှင် နဲ့ ဆော့ဝဲ


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဆန်ရှင် နဲ့ ဆော့ဝဲ

မိုးမခ၊ မတ် ၁၁ ၊ ၂၀၂၅


မဆိုင်တာ ငလှိုင်ရာ ဖန်ခင်တာ ကော့ဖြဲရတယ်လို့။ ဆန်ရှင်နဲ့ ဆော့ဝဲက မှားစရာလား။ အဲလေ ဉာဏ်မရှိ လှန်မိတိုင်းကွဲ ဆိုသလို မဖြဲခင်က ပြဲနှင့်သည်ပေါ့။ လူခွေး ဉာဏ်ကြွက်၊ ငှက်မှန်းမသိ ကြက်မှန်းမသိ ငတုံးတိ။

တနေ့ကုန်ပြန် ငါ့ရုပ်နာမ် သေရန် တရက်နီးလှပြီဆိုတဲ့အတိုင်း မအလတို့တသိုက် တမနက်ပြီးတမနက် သေရက်ကို တွက်နေရတဲ့ ဘဝတွေဆိုတော့ကား ခု စစ်ကိုင်းမှာ "ရှင်"ပါတဲ့ ဘုရားမှန်သမျှ ထီးတော်လိုက်တင်နေတယ်။ စစ်ကိုင်းမှ ဘာလို့ရွေးတုံးဆိုတော့ စစ်ကို ကိုင်းအောင် ကွေးအောင်လို့တဲ့လေ။ ရှင်ကတော့ ရှင်ချင်တယ်၊ ရှင်ချင်ပါတယ်၊ ရှင်ချင်သေးတယ်၊ ရှင်ပါအုံးမယ်၊ ကယ်ပါ ယူပါ တစာစာပေါ့လေ။ ခု ပုညရှင်စေတီ ပြီးလို့ ရှင်ပင်နံကိုင်းဘုရားတောင် ငြမ်းဆင်နေပြီ။ ဆင်ပစေ‌၊ ရှင်ပင်နံကိုင်း ဆိုတဲ့အတွက် ရှင်ပင်ရှင်သော်လဲ နံကိုင်းမယ်လို့ ဝေဒပညာရှင်တယောက်က သုံးသပ်ပြတယ်။ နံကိုင်း ဆိုတာ ဘာအနက်ထွက်လဲဆိုတော့ ထောင်နန်းစံရမယ်၊ အချင်းချင်းဝရမ်းထုတ် ဖမ်းချုပ်ခံရမယ် ဆိုတဲ့ အထာတဲ့။ နံကိုင်း ဆိုတော့ အင်း စစ်ကြောရေးဝဋ်တွေ ဘာတွေ လည်အုံးမယ်ပ။ နံတွေ ကိုင်းဖို့သာ‌ ပြင်ပေတော့။ အွန်း မီးပတ်လည်ဝိုင်းတဲ့ခွေးကို မအလဟုခေါ်သည်ပေါ့‌ကွယ်။ 

မအေဘေး ဇော်မဲလုံးက ဗလာဒီမာကြွက်သိုးဆီက အပြန် လေဆိပ်မှာ လူငယ် ဆိုတာ ဘာညာနဲ့ ရွှီးတာ၊ လူငယ်တွေအကုန် စစ်ထဲ ဆွဲသွင်းနေတာကျ တခွန်းမှ မဟဘူး။ တတိုင်းပြည်လုံးကို မိုးလင်းမိုးချုပ် ဒုက္ခပေးနေတဲ့ သရေကြိုးကောင်ကလဲ ပြည်သူများ ကျန်းမာ ချမ်းသာပါစေတဲ့။ ပြီးတော့ သရေကြိုးက ခုထိ တိုင်းရင်းသားဒေသတွေမှာ ဘာမဆို သူ လုပ်ပေးမှ ရမယ်ထင်နေတုန်း။ ဒါတောင် သူ ဖြတ်လျှောက်လုပ်လို့မရတဲ့ ဒေသတွေက အများကြီးနော်။ သူ့ခမျာလဲ ကြွက်ရဲ့ မြင်းဆေး စားလာတာ ဆိုတော့ ကြွတက်နေတာ၊ ခွန်အားတွေ ရလာတယ်ချည်း ကရားရေလွှတ် တတွတ်တွတ် ရွတ်နေတော့တာရယ်။ ကောက်ရိုးဆွဲမိထားတဲ့ ရေနစ်သူလိုပေါ့။ ပူတင်ဆီက စုတ်ယူလာတဲ့ ခွန်အားတွေပေါ့လေ။ ပါးစုံကြီးတောင် ဖောင်းလို့။ ပူတင်ကို မြင်မြင်ချင်း အားကိုးတကြီးပြေးဖက်ပြီး ဖြစ်နေတဲ့မျက်နှာကြီးဆိုတာ ကြူကြူလှတောင် ကြူကြူပါအောင်ငိုရမယ့်အခွက်နော်။

အင်း တဖက်က မအလ ရေနစ်နေတုန်း သမတကြီးရော လူတကာပါ ပြော‌လာကြတဲ့ ပွန်းလာ ပဲ့လာ ပေါက်လာတဲ့ ပသုံးလုံးတွေ ထိန်းချုပ်ပဲ့ပြင်ရေးလည်း အမြန်လုပ်ဖို့လိုလာတယ်။ လူထုယုံကြည်မှု ကျလာလို့ မဖြစ်ဘူးလေ။ တချို့ပ-တွေက သူတို့လုပ်လို့ တော်လှန်ရေးခရီး ဒီလောက်ရောက်လာတယ်ချည်း ထင်နေတယ်။ ပြည်သူက အတူဝန်းရံ ထောက်ခံ တောင့်ခံထားလို့ဆိုတာ ထည့်တွက်ပုံမရ။ အဲဒီလိုဆိုတော့  ပြည်သူကို အလေးမထား စကစကိုယ်စား သတ်ဖြတ်နှိပ်စက် မုဒိမ်းကျင့် ချုပ်ချယ်မှုတွေပါ ရှိလာလို့ လူထု ယုံကြည်မှု ကျလာတယ်။ ယုံကြည်မှု ကျသလောက် တဖက်က ရွံရှာမှုတိုးလာတယ်ဆိုရင်တော့ သိပ်ဆိုးသွားပြီ။ ဒါက အရည်အသွေးနည်းလို့ ယုံကြည်မှု ကျတာမျိုးနဲ့ လားလားမှ မတူပြန်ဘူး။ အခွန်အတုတ်တွေ အလွဲသုံးစားလုပ်တာရော၊ အခွန်အကောက်တွေ ထပ်လာတာရော၊ မတိုက်မပြု နယ်ကို ဖင်ခုထိုင်ထားတာရော၊ အုပ်ချုပ်လုပ်ဆောင်ပုံမဟန်ဘဲ မတရားစီရင်ရေးတွေ ဖြစ်လာတာရောအပြင် ကိုယ့်အဖွဲ့ မဟုတ်ရင် တော်လှန်သူချင်းလည်း ရန်သူသတ်မှတ်တာ ဗိုလ်ကျစိုးမိုးလာတာ၊ အချင်းချင်း တိုက်ခိုက်ချေမှုန်းလာတာတွေကြောင့်  တော်လှန်စိတ်ဓာတ်ပါ ထိခိုက်လာကြတယ်။ အဲဒီလိုသာ တိုက်ခိုက်ဖိနှိပ်ချင်တာ မသိအမှတ်မပြုချင်တာ၊ အဲဒီလူတွေလုပ်လို့ရတဲ့ ရလဒ်ကျတော့လဲ မောင်ပိုင်စီးချင်သေးတယ်။ ဒါ့ကြောင့် စုပေါင်းတိုက်ပွဲဖော်ဖို့ ခက်လာတယ်။ ရှေ့ကျည်ထက် နောက်ကျည်ကို ပိုကြည့်နေကြရတယ်။ မအလကို အားဆေးတိုက်တာတမျိုးပါပဲ။ မင်းတို့တွေ စစ်ကြောင်း ကြိုက်သလိုထိုးကြလို့ပြောနေသလိုပါပဲ။

နောက်တမျိုးက နေရာယူပြီး ဘာမှမလုပ်တာ၊ မလုပ်တတ်တာ၊ လုပ်ရည်ကိုင်ရည် မရှိတာ။ တနယ်လုံးရဲ့ လုပ်ပိုင်ခွင့်က သူ့လက်ထဲမှာ။ သူက ဘာမှမလုပ်၊ ဟုတ်တိပတ်တိ မလုပ်တတ်။ လုပ်ရင်လည်း တလွှဲ။ အဲဒီလူမျိုးက တနယ်လုံးရဲ့ တော်လှန်ရေးယန္တရား တုံ့နှေးရပ်ဆိုင်းအောင် လုပ်ထားသူ ဖြစ်တယ်။ ဒလန်ထက်တောင် ဆိုးကျိုးများတယ်။ ဒလန် ရှင်းသလို အဲဒီလိုလူမျိုးတွေကိုလည်း ရှင်းထုတ်မှ။ ဖြုတ်ပစ်မှ။ မလုပ်ရင် ရုရှားနဲ့ တရုတ် အပင်းစို့ထားတဲ့ကြား ဗရုတ်သုက္ခ ဖြစ်သထက်ဖြစ်လာမယ်။ ပန်းမဝင်ခင် တက်ထောင်ချင်သူတွေကလည်း ရှိလာပြီမဟုတ်လား။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar