အိမ်နီးချင်းနိုင်ငံအချို့ရဲ့ မြန်မာ့အနာဂတ် အကဲဖြတ်ချက်
မြန်မာနွေဦးခရိုနီကယ် - မတ် ၁၁ မြင်ကွင်း
မိုးမခ၊ မတ် ၁၂၊ ၂၀၂၅
အိမ်နီးချင်းနိုင်ငံအချို့ရဲ့ မြန်မာ့အနာဂတ် အကဲဖြတ်ချက်
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခ နှစ်ရှည်ကြာလာခြင်းနဲ့ ဗဟိုထိန်းချုပ်မှု တစတစ နည်းပါးလာခြင်းတွေက အိမ်နီးချင်းနိုင်ငံအချို့က မြန်မာနိုင်ငံရဲ့ စုစည်းမှု အနာဂတ်ကို သံသယဝင်လာစေတဲ့ လက္ခဏာတွေ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအရှေ့မြောက် ဒေသက လက်နက်ကိုင်အဖွဲ့တွေအပေါ် တရုတ်နိုင်ငံရဲ့ သြဇာ၊ နယ်စပ်အဖွင့်အပိတ် ထိန်းချုပ်မှုတွေ လုပ်ဆောင်နေတာတွေက အားလုံးသိထားတဲ့ ကိစ္စတွေ ဖြစ်ပြီး ခုရက်ပိုင်းအတွင်း နိုင်ငံအနောက်ဘက် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံက ပြည်နယ်အဆင့်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေက တရုတ်နိုင်ငံတင်မဟုတ်တော့ဘဲ အိန္ဒိယနိုင်ငံဘက်မှာလည်း မြန်မာနိုင်ငံရဲ့ အနာဂတ် အနေအထားနဲ့ ပတ်သက်လို့ ရှုမြင်မှုတွေ ပြောင်းလဲလာတာ သတိပြုစရာ ဖြစ်လာခဲ့ပါတယ်။
ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အိန္ဒိယနိုင်ငံထဲက ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ် အထက်လွှတ်တော် ကိုယ်စားလှယ် PU K. Vanlalvena ဟာ ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် ချင်းလုံမြို့ကို အလည်အပတ်သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဥ်အတွင်း မီဇိုနဲ့ ချင်းဟာ လူမျိုးတမျိုးတည်း ဖြစ်ပြီး သမိုင်းမှတ်တမ်းတွေအရ ၁၉၃၅ ခုနစ်အထိ ဗြိတိသျှ ကိုလိုနီလက်အောက် အိန္ဒိယနိုင်ငံထဲမှာ မီဇိုနဲ့ ချင်းလူမျိုးတွေဟာ တနိုင်ငံတည်း အတူတကွနေထိုင်ခဲ့ကြတယ်လို့ ဆိုပြီး ချင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အိန္ဒိယနဲ့ ပူးပေါင်းဖို့ အဆိုပါ မီဇိုရမ် အထက်လွှတ်တော် ကိုယ်စားလှယ်က တိုက်တွန်းခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
မီဇိုရမ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူရဲ့ ခရီးစဥ် မတိုင်ခင် ရက်ပိုင်းအလိုမှာ ချင်းလက်နက်ကိုင် အဖွဲ့တွေအကြား အုပ်စု ၂ ခု ကွဲနေတဲ့ ချင်းပြည်ကောင်စီ (CC) နဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC ) တို့ကို ပေါင်းစည်းဖို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကြိုးပမ်းမှုကလည်း အကောင်အထည်ပေါ်လာခဲ့ပြီး ဖေဖော်ဝါါရီ ၂၆ ရက်နေ့မှာ ချင်းလက်နက်ကိုင် အုပ်စု ၂ စု ကို တဖွဲ့တည်းအဖြစ် ဖွဲ့စည်းဖို့ သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးခဲ့တဲ့ အဖြစ်အပျက်လည်း ရှိခဲ့တာဖြစ်ပါတယ်။
ဆယ်စုနှစ်များစွာ သက်တမ်းရှိပြီးဖြစ်တဲ့ ချင်းလက်နက်ကိုင် အဖွဲ့ CNF က ဦးဆောင်တဲ့ Chinland Council နဲ့ တဖက်မှာ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ မင်းတပ်တို့က လက်နက်ကိုင် အဖွဲ့တွေနဲ့ ချင်းညီနောင် အဖွဲ့ဖွဲ့စည်းကာ ICNCC နဲ့ လက်တွဲပြီး လုပ်ဆောင်နေတာဖြစ်လို့ ချင်းလက်နက်ကိုင်တွေအကြား အဓိက အုပ်စု ၂ ခု ကွဲပြားနေတာ ဖြစ်ပါတယ်။ အဆိုပါ ၂ အုပ်စု ကွဲနေတဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေကို ပေါင်းစည်းဖို့ မီဇီုရမ် ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းပြီး ပေါင်းစည်းလိုက်ကြောင်း စာချုပ်လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ချင်းလက်နက်ကိုင် အဖွဲ့တွေ အကြားပေါင်းစည်း လုပ်ဆောင်ကြဖို့ တိုက်တွန်း ဖိအားပေးလုပ်ဆောင်နေကြချိန်မှာပဲ အခုလို မီဇိုရမ် အထက်လွှတ်တော် ကိုယ်စားလှယ်က မီဇိုရမ်နဲ့ ပူးပေါင်းကြဖို့ အကြံပြု ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။ အခု ပြောဆိုချက်ဟာ လွှတ်တော်ကိုယ်စားလှယ် တဦးရဲ့ စိတ်ကူး၊ အဆိုပြုချက် တခုသာ ဖြစ်နိုင်သလို မီဇိုရမ် ပြည်နယ်အစိုးရ နဲ့ အိန္ဒိယဖက်ဒရယ် အစိုးရရဲ့ နိုင်ငံခြားရေးဌာနတို့ရဲ့ အမြင် သဘောထားတွေကိုပါ ထင်ဟပ်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံထဲက ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်တဲ့ တိုင်းရင်းသားအရေး လက်နက်ကိုင်တော်လှန်မှုတွေ အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ၄ နှစ်ကျော်လာချိန် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာရော အိမ်နီးချင်းနိုင်ငံတွေဆီပါ ထွက်ပြေးတိမ်းရှောင်ရသူ သန်းနဲ့ချီ ရှိလာချိန်မှာ အိန္ဒိယနိုင်ငံထဲက ပြည်နယ်တခုရဲ့ လွှတ်တော်ကိုယ်စားလှယ်က အခုလို ကမ်းလှမ်းမှုမျိုး အဆိုပြုမှုမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဆိုပါ မီဇိုရမ် လွှတ်တော် ကိုယ်စားလှယ်ရဲ့ တိုက်တွန်းပြောဆိုချက် ပေါ်ထွက်ပြီး သီတင်းတပတ်ကျော်အကြာမှာ စစ်ကိုင်းတိုင်း အထက်ပိုင်း တမူးမြို့နယ်ထဲက ကဘော်ချိုင့်ဝှမ်းနဲ့ ပတ်သက်လို့ မဏိပူရ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Leishemba Sanajaoba က ကဘော်ချိုင့်ဝှမ်းဟာ ဗြိတိသျှ ကိုလိုနီသိမ်းပိုက်ထားစဥ်ကာလမှာ မြန်မာဘက်ကို လျော်ကြေးပေးစေပြီး အငှားချထားခဲ့တယ်ဆိုတဲ့ အချက်အလက်နဲ့ ၁၉၅၃ ခုနှစ် မှာ ပြုလုပ်ခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ် နေရူးနဲ့ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနုတို့ အစည်းအဝေး မှာ အိန္ဒိယဝန်ကြီးချုပ်က ကဘော်ချိုင့်ဝှမ်းကို မြန်မာနိုင်ငံဘက် လက်ဆောင်ပေးခဲ့တယ် ဆိုတဲ့ သမိုင်းကြောင်းကို ပြန်လည် ထုတ်ဖော်ပြောဆိုပြီး ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲ ပြန်လည်ထည့်သွင်းဖို့ တိုက်တွန်းကြောင်း လွှတ်တော် အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သတင်းတွေဖော်ပြထားကြပါတယ်။
အကျယ်အဝန်း ၂၂.၂ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိတဲ့ ကဘော်ချိုင့်ဝှမ်းဟာ ၁၄၅၀ ပြည့်နှစ်ကတည်းက မဏိပူရ်ရဲ့ အစိတ်အပိုင်းတခုဖြစ်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ အိန္ဒိယဝန်ကြီးချုပ်က မြန်မာနိုင်ငံဘက်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။ အခုလို အတိတ်က သမိုင်းကြောင်းတွေ ၊ ဘာသာစကား၊ ယဥ်ကျေးမှုတွေ တူညီကြတဲ့ လူမျိုးအချင်းချင်းအကြား နက်ရှိုင်းတဲ့ ဆက်နွယ်မှုတွေကို ရည်ညွှန်းပြီး မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းအချို့ကို အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲ ပူးပေါင်းဖို့ ပြန်လည်ထည့်သွင်းဖို့ တိုက်တွန်းခြင်းဟာ စုစည်းမှုပြိုကွဲနေတဲ့၊ နိုင်ငံရေးနည်းလမ်းအရ အဖြေရှာဖို့ မလွယ်ကူတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေ၊ ဒေသအလိုက် လက်နက်ကိုင် အဖွဲ့အသီးသီးက ထိန်းချုပ်ထားကြပြီး စုစည်းအုပ်ချုပ်နိုင်စွမ်း ကျဆင်းလာနေတဲ့ အခြေအနေတွေကို အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံရေးသမားအချို့က အကဲဖြတ် ရှုမြင်လာကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေက ပြန်လည်စုစည်းဖို့ အမှန်တကယ် ခက်ခဲနေပြီလား ဆိုတဲ့မေးခွန်းကိုလည်း လက်ရှိ လက်နက်ကိုင်တပ်အသီးသီးနဲ့ နိုင်ငံရေးအင်အားစုတွေကို ဦးဆောင်နေကြတဲ့သူတွေ ဖြေဆိုဖို့ လိုအပ်လာနေတာ ဖြစ်ပါတယ်။
အိမ်နီးချင်း နိုင်ငံအချို့က အကဲဖြတ်ချက်၊ ယူဆချက်တွေက မြန်မာနိုင်ငံအနာဂတ်ရဲ့ ပုံရိပ်ကို ခပ်ရေးရေး ထင်ဟပ်ပြနေသလို ဖြစ်လာနေတာ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ သတိမူမိကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar