တိုင်းရင်းသား နယ်မြေတွေက အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းမှုသတင်းထွက်ပေါ်လာ
မြန်မာနွေဦးခရိုနီကယ် - မတ် ၁၆ မြင်ကွင်း
မိုးမခ၊ မတ် ၁၇၊ ၂၀၂၅
တိုင်းရင်းသား နယ်မြေတွေက အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းမှုသတင်းထွက်ပေါ်လာ
ခုရက်ပိုင်း သတင်းတွေမှာ မိုးကုတ်မြို့မှာ မြို့ကိုကာကွယ်ရန် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများ တအိမ်ထောင်တဦးနဲ့ အမျိုးသမီးများဖြစ်ပါက ၂ ဦးနဲ့ အထက်ရှိတဲ့ အိမ်ထောင်စုများစစ်မှုထမ်းဖို့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်က စုဆောင်းနေတဲ့ သတင်းနဲ့ ဒေသခံမြို့ခံတွေ အနေနဲ့ အခုလို မြို့နေအိမ်ထောင်စုတွေကို အခုလိုအတင်းအကြပ် စုဆောင်းတာကို ကန့်ကွက်နေကြတယ် ဆိုတဲ့ သတင်းတွေ သတင်းဌာနတခုမက ဖေါ်ပြလာကြတာတွေ့ရပါတယ်။
အခုလို မိုးကုတ်မြို့မှာ စစ်မှုထမ်း စုဆောင်းတဲ့ သတင်းကို သတင်းဌာန ၅ ခုထက်မနည်း ဖေါ်ပြထားကြပြီး သတင်းဌာနတခုကတော့ မိုးကုတ်မြို့ကိုသိမ်းယူပြီးခါစကာလက MDY-PDF နဲ့ TNLA တပ်ဖွဲ့ဝင်တွေ မြို့ တွင်းလမ်းမှာ အတူတူကြည့်ရှုစစ်ဆေးနေတဲ့သတင်းဓါတ်ပုံနဲ့ ဖေါ်ပြထားတာတွေ့ရပါတယ်။ MDY-PDF တွေအနေနဲ့ မိုးကုတ်မြို့တိုက်ခိုက်သိမ်းယူရာမှာ ပူးပေါင်းပါဝင်ခဲ့တာကြောင့် အခုလိုအဓမ္မစစ်သားစုဆောင်းတဲ့အဖြစ်အပျက်တွေ ဖြစ်ပွားနေတဲ့အပေါ် ဘယ်လိုတုံ့ပြန်မှုမျိုး ပေါ်ထွက်လာမလဲလို့ မျှော်လင့်မှုနဲ့ သတင်းဓါတ်ပုံကို ဖေါ်ပြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သတင်းဖေါ်ပြမှုတွေအားလုံးမှာ ဖေါ်ပြထားတဲ့ အချက်အလက်တွေက မတ်လ ၆ ရက်နေ့မှာ မိုးကုတ်မြို့က အုပ်ချုပ်ရေးမှူးတွေကို TNLA က ခေါ်ယူတွေ့ဆုံပြီး မြို့စောင့်တပ်ဖွဲ့စည်းဖို့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အကြား ရှိတဲ့ ကျား/မ မရွေးစစ်မှုထမ်းဖို့ ညွှန်ကြားခဲ့တဲ့အကြောင်း အဲဒီနောက် ရပ်ရွာလူထုကို မတ်လ ၁၀ ရက်နေ့မှာ အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်နေ လူထုကို ပြန်လည်ရှင်းပြခဲ့တယ်လို့ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။
လူမျိုးအပေါ် အခြေပြုဖွဲ့ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ၄င်းတို့ လူမျိုးစုတူတဲ့သူတွေကို ယေဘုယျ အားဖြင့် စုဆောင်းလေ့ရှိတာပါ။ သို့ပေမယ့် စစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲနေတဲ့ ကာလမျိုးမှာ အခြားသော တိုင်းရင်းသားတွေကိုလည်း MNDAA က စုဆောင်းခဲ့တဲ့ အဖြစ်အပျက်တွေ ယမန်နှစ်က ဖြစ်ပွားခဲ့ဖူးတာ သတင်းတွေအရ သိရှိရပါတယ်။
MFP သတင်းဌာနက ဖော်ပြထားရာမှာတော့ TNLA သိမ်းယူထိန်းချုပ်ထားတဲ့ မြို့ ၁၂ မြို့မှာ ဒေသခံ လူမျိုးပေါင်းစုံပါဝင်တဲ့ မြို့တွင်းလုံခြုံရေး တပ်တွေ ဖွဲ့စည်းဖို့ ကြိုးစားနေတာဖြစ်ကြောင်း TNLA ပြန်ကြားရေး တာဝန်ခံရဲ့ ပြောဆိုချက်ကို ကိုးကားရေးသားထားပါတယ်။ မိုးကုတ်နဲ့ ကွတ်ခိုင်ကို စာရင်းကောက်တာတွေ စတင်ဆောင်ရွက်နေပြီး နမ့်ခမ်းမြို့မှာတော့ ဆောင်ရွက်ပြီး ဖြစ်တယ်လို့လည်း အဆိုပါ ပြောဆိုချက်မှာပါရှိပါတယ်။
ယခုမိုးကုတ်မြို့မှာတော့ မြို့စောင့်တပ်လို့ဆိုပေမယ့် အချိန်မရွေး စစ်ပွဲ ပြန်လည်ဖြစ်ပွားလာနိုင်ချေနဲ့ မြို့စောင့်တပ် လို့ဆိုပေမယ့် စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ စစ်မြေပြင် ဘယ်နေရာမဆို စေလွှတ်ခံရနိုင်တဲ့ အလားအလာကို မြို့ခံတွေက စိုးရိမ်မှုရှိကြတာ ဖြစ်ပါတယ်။
အခုလို မြို့ကာကွယ်ရေးတပ်လို့ ဖွဲ့စည်းရာမှာ လူမျိုးမရွေးဘဲ စစ်သားစုဆောင်းတဲ့စနစ်ကို ဒေသခံ လူထုအနေနဲ့ မျှော်လင့်မထားတဲ့အနေအထားလို့လည်း ဆိုကောင်းဆိုနိုင်မယ် ထင်ပါတယ်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ အနေနဲ့ ၄င်းတို့ လူမျိုးတွေ ၄င်းတို့ထိန်းချုပ်နယ်မြေတွင်းနေထိုင်သူတွေကို တအိမ်ထောင် ဘယ်နှဦး အမျိုးသားရော အမျိုးသမီးပါ စစ်မှုထမ်းရတဲ့အစဥ်အလာက အရင့်အရင် ဆယ်စုနှစ်တွေကတည်းက ရှိနှင့်ပြီးဖြစ်ပါတယ်။ ရှမ်း၊ ပအို့ဝ်၊ ပလောင် စသဖြင့် ရှမ်းပြည်နယ်က လက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်မှု ထမ်းစုဆောင်းမှုနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေ အများအပြားရှိနှင့်ပြီး ဖြစ်ပါတယ်။ အရင်က ဖြစ်ပျက်ခဲ့တဲ့အခြေအနေ စစ်ပွဲတွေ ကြိုကြားလောက်ဖြစ်ပွားတဲ့အခြေအနေမှာ စစ်မှုထမ်းရတဲ့ ထိခိုက်သေဆုံးနိုင်ခြေနဲ့ အခုလို စစ်ပွဲတွေ တနိုင်ငံလုံးအနှံ့အပြား နေ့စဥ်လိုလိုဖြစ်ပွားနေတဲ့အခြေအနေအောက်မှာ စစ်မှုထမ်း စု ဆောင်းခံရတဲ့အနေအထားက ကွာခြားတာကိုလည်း လူထုအနေနဲ့ နားလည်သိရှိထားတာ ဖြစ်ပါတယ်။
ယမန်နှစ် မတ်လဆန်းမှာ စတင်အသက်သွင်းလိုက်တဲ့ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေ၊ နယ်တွေက လူငယ်တွေအများအပြား ရွှေ့ပြောင်းနေထိုင်ကြ၊ ပြည်ပကို ထွက်ခွာကြတာတွေ ဖြစ်ပွားနေသလိုပဲ တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ ဒေသတချို့မှာလည်း အဓမ္မစစ်မှုထမ်းစုဆောင်းတဲ့ပြဿနာအချို့ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ပအို့ဝ် ဒေသမှာ စစ်ကောင်စီကို ထောက် ခံရပ်တည်ပေးတဲ့ PNO/PNA လို လက်နက်ကိုင်တပ်ဖွဲ့က ပအို့ဝ်ဒေသခံ ထောင်သောင်းချီ စစ်မှုထမ်းနဲ့ ပြည်သူ့ စစ်အဖြစ်စုဆောင်းပြီး ပအို့ဝ် ဒေသနဲ့ ထိစပ်နေတဲ့ နေရာတွေမှာ အခြားပအို့ဝ်လက်နက်ကိုင်တပ်ဖြစ်တဲ့ PNLO/PNLA ၊ ကရင်နီဒေသက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
နိုင်ငံအနှံ့ စစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေချိန်မှာ မိမိတို့ ဆန္ဒမရှိဘဲ စစ်မှုထမ်းအဖြစ် စုဆောင်းခံရခြင်းဟာ အသက်အန္တရာယ်နဲ့နီးတဲ့ စုဆောင်းခံရမှုအဖြစ် ရှုမြင်ကြသလို စစ်ကောင်စီဘက်ရဲ့ အဓမ္မစုဆောင်းခံခဲ့ရလျင် အသက်အန္တရာယ် နဲ့ ဂုဏ်သိက္ခာ ၂ ခုစလုံး ထိခိုက်ဆုံးရှုံးနိုင်ခြေ ရှိနေတာလည်း ဖြစ်ပါတယ်။
ကျန်းမာရေးအကြောင်းကြောင့်နဲ့ သာသနာ့ဝန်ထမ်းဖြစ်လို့ ကင်းလွတ်ခွင့်ရသူတွေကလွဲရင် အသက် အရွယ်အလိုက် မဖြစ်မနေစစ်မှုထမ်းဆောင်ခြင်းဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဝတ္တရားအဖြစ်နဲ့ ကမ္ဘာ့နိုင်ငံအများအပြားမှာ ဥပဒေပြဌာန်းလုပ်ဆောင်နေကြပေမယ့် မြန်မာနိုင်ငံလို ပြည်တွင်းစစ် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့နိုင်ငံမှာတော့ နိင်ငံသားတယောက်ရဲ့တာဝန်ဝတ္တရားဆိုတဲ့ရှုထောင့်ထက် အဓမ္မအာ ဏာသိမ်းထားပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့အာဏာရှင် စစ်အစိုးရဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမယ့်အဖြစ်ဟာ ဘယ်လိုမှ လက်မခံနိုင်တဲ့ အနေအထားတရပ် ဖြစ်နေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိတိုက်ပွဲတွေ ကျယ်ပြန့်စွာဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှု ကြောင့် လျော့နည်းသွားတဲ့အင်အားတွေ ပြန်လည်ဖြည့်တင်းဖို့အတွက်သော်လည်းကောင်း၊ တိုက်ခိုက်သိမ်းယူတဲ့နယ်မြေ ကျယ်ပြန့်လာတာနဲ့အမျှ လိုအပ်လာတဲ့တပ်အင်အားကိုလည်း တိုးချဲ့ ဖွဲ့စည်းနေရတာကြောင့် အခုလို အတင်းအကျပ်စစ်သားစုဆောင်းတဲ့အဖြစ်တွေကို တွန်းတွန်းထိုးထိုး လုပ်ဆောင်လာကြမယ့်အနေအထားလည်း ဖြစ်ပါတယ်။ တဖက်မှာလည်း လူထုရဲ့ထောက်ခံမှုက တော်လှန်ရေးရဲ့အဓိက အသက်ဖြစ်တာကြောင့် လူထုဆန္ဒကို ဆန့်ကျင်ပြီး အတင်းအကြပ် စုဆောင်းမှုတွေက နိုင်ငံရေးအရ ဆုံးရှုံးမှု၊ ကျဆုံးမှုတွေ ဆီဦးတည်စေနိုင်တာလည်း သတိပြုကြဖို့လိုအပ်တာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar