မောင်လူမွှေး - လေယာဉ်သံ
Photo - Credit
မောင်လူမွှေး - လေယာဉ်သံ
မိုးမခ ၊ မတ် ၁၆ ၊ ၂၀၂၅
ကျနော်တို့ ငယ်ငယ်ကတော့ လေယာဉ်ပျံသံ ကြားရင် ကောင်းကင်မှာ လိုက်ရှာရတယ်။ လေယာဉ်ပျံကို မြင်ချင်တာကိုး။ ခု စစ်အာဏာသိမ်းပြီးတော့ လေယာဉ်ပျံသံကြားရင် ဆောက် တည်ရာမရ ဖြစ်ကြရတယ်။ တွေ့ကရာ နေရာပြေးပုန်းကြရတယ်။
" လေယာဉ်ပျံသံ ကြားရင် နဖူးထိပ်နဲ့ ခေါင်းတည့်တည့်ကြားက တင်းပြီးကိုက်လာတာ" တဲ့။ မောင်လူမွှေးရဲ့ အစ်မကြီးဖြစ်တဲ့သူက သူ့ဝေဒနာကို တိတိကျကျ ရင်ဖွင့်တယ်။
မောင်လူမွှေး နေတဲ့ ဒေသပေါ်ကို စစ်ကောင်စီရဲ့ လူသတ်လေယာဉ်တွေပဲ ပျံသန်းနေတာတော့မဟုတ်ပါဘူး။ တစ်နိုင်ငံကနေ တစ်နိုင်ငံကို ကူးတဲ့ လေယာဉ်သံတွေကိုလည်း ကြားရတာပါပဲ။ ဘယ်နိုင်ငံကနေ ဘယ်နိုင်ငံကို ကူးကြတယ်ဆိုတာ တောသားမောင်လူမွှေး မသိပါ။
အရေးကြီးတာက ခရီးသည်လေယာဉ်သံလား၊ စစ်ကောင်စီ လေယာဉ်သံလား ဆိုတာ ခွဲခြားတတ်ဖို့ပါ။ ဒီနေရာမှာတော့ အသက်ကိုးဆယ်ပြည့်ဖို့ တစ်နှစ်သာလိုတော့တဲ့ ကျနော့်အုန်းကြီး (ဘကြီး) ကအားကိုးရပါတယ်။ ခရီးသည်လေယာဉ်သံ ဆိုရင် " ဒါ.. မင်းအောင်လှိုင်လေယာဉ် မဟုတ်ဘူး" တဲ့။ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ Y - 12 လာရင် "မင်းအောင်လှိုင်လေယာဉ် လာပြီတဲ့"။ ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ပြီး မှန်အောင်ပြောနိုင်တဲ့ အုန်းကြီးပါပဲ။
လေယာဉ်ကနေ ပစ်ချတဲ့ ဗုံးဆံမှ လူသတ်နိုင်တာ မဟုတ်ဘူး။ လေယာဉ်သံနဲ့ ဗုံးသံဟာလည်း လူကို သေစေနိုင်တာပါပဲ။ မောင်လူမွှေး နေတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းက ဖုန်းတာဝါတိုင်ကို ဒီနှစ်ဇန်နဝါရီ လကုန်ပိုင်းမှာ စစ်ကောင်စီက ညကြီး လေယာဉ်နဲ့ပစ်ချလိုက်တော့ အသက်လေးဆယ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ယောက် သေပြီး၊ နောက်အမျိုးသမီးတစ်ယောက် လမ်းမလျှောက်နိုင်ဘဲ ဖြစ်သွားလို့ ဆေးရုံတစ်ပတ် တက်ရပါတယ်။ သူတို့နှစ်ယောက်လုံးဟာ လေယာဉ်ဗုံးကျတဲ့နေရာနဲ့ လေးမိုင်လောက်ဝေးတဲ့ ရွာကြီးတစ်ရွာကပါ။ လေယာဉ်သံနဲ့ ဗုံးပေါက်ကွဲသံကြောင့် တစ်ယောက်က နှလုံးဖောက်ပြီး အသက်ဆုံးရှုံးရသလို နောက်အမျိုးသမီးတစ်ယောက်ကလည်း ဗုံးခိုကျင်းထဲ ပြေးအဝင်မှာ ချော်လဲပြီး လမ်းမလျှောက်နိုင် ဖြစ်ခဲ့ရတာပါ။
အထက်ပါ အမျိုးသမီးနှစ်ယောက်အကြောင်းကို ရေးရင် story တစ်ပုဒ် ကောင်းကောင်းရမယ်ဆိုတာ မောင်လူမွှေး နားလည်ပါတယ်။ ဒါပေမဲ့ အားလုံးက လက်ရှိအချိန်ထိ လေယာဥ်သံကို နားစွင့်နေကြရဆဲ ဖြစ်နေတာပါ။
လေယာဥ်သံကြားရင် မောင်လူမွှေးလည်း ဒူးတွေ မရပ်ချင်လောက်အောင် ကွေးညွှတ်လာတဲ့ ခံစားမှုမျိုး ခံစားရတတ်ပါတယ်။ ထိုင်ရမလို၊ ထနေရမလို ၊ ဝပ်နေရမလို ၊ ဆိုင်ကယ်စုတ်လေးနဲ့ တောစပ် ထပြေးချင်တာလိုလိုလည်း ဖြစ်တတ်ပါသေးတယ်။
ရွာထဲမှာ အကြောက်လွန်ကြတဲ့ အမျိုးသမီးကြီးတွေနဲ့တွေ့ရင် လေယာဥ်သံကြားရင် ကျနော် ဖြစ်ပျက်တတ်တာတွေကို ပြောပြတော့ သူတို့လည်း ဒီလိုဖြစ်တာပဲဆိုကာ ရယ်ကြပါတယ်။ ကျနော် မရှက်ပါဘူး။ ကြောက်တာကို ဝေမျှတာဟာလည်း တွေ့ဆုံရတဲ့သူတွေကို စိတ်သက်သာရာရစေတယ်ဆိုတာ သိလာပါတယ်။
ဒီစာကို ရေးနေစဥ်မှာပဲ လေယာဥ်သံတွေကို ကြားနေခဲ့ရတာပါ။ စစ်အာဏာရှင် မပြုတ်မချင်း ဒီလေယာဥ်သံတွေကို ကြားနေရဦးမှာပါပဲ။ လေယာဥ်သံ ကြားပြီဆိုတာနဲ့ ပြေးပုန်းဖို့ ဆူကြ၊အော်ကြနဲ့ လင်မယားချင်း၊ မိသားစုချင်းချင်း စကားများကြတာမျိုးလည်း ရှိပါတယ်။ ပျာယာခတ်သွားတဲ့အချိန်ဆို လူတွေဟာ ဒီလိုပါပဲ။ အေးဆေးတည်ငြိမ်မှု အတန်အသင့်ရှိတဲ့ လူတွေအချင်းချင်းတော့ ပျာယာခတ် အော်တာမျိုး သိပ်မရှိကြတာ သတိထားမိပါတယ်။
လက်ရှိအချိန်မှာ ကျနော်တို့နိုင်ငံဟာ နေရာတိုင်းလိုလို လေယာဥ်သံတွေ ကြားနေရတဲ့ နိုင်ငံပါ။ ကိစ္စရပ်တိုင်းကို လိုက်ပြီးပျာယာခတ်နေရင်လည်း အဆင်ပြေမှာ မဟုတ်ဘူးလို့ တွေးမိတယ်။ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ရင် အဆင်ပြေဖို့ နီးစပ်လေလို့ ယုံကြည်မိတယ်။ လေယာဥ်သံတွေကြား ဓမ္မသီချင်းတစ်ပုဒ်ဆိုဖို့ ခက်ခဲနေဆဲပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar