Breaking News

လှကျော်ဇော - ချယ်ရီပင်များအောက် ရေချိုသောက်နေရသူများ



လှကျော်ဇော - ချယ်ရီပင်များအောက် ရေချိုသောက်နေရသူများ

မိုးမခ ၊ မတ် ၂၀ ၊ ၂၀၂၅


အခုတလော ကျွန်မတို့နေတဲ့-ကူမင်းမြို့မှာ ချယ်ရီတွေ အကြီးအကျယ်ပွင့်နေပါတယ်။ လမ်းဘေးတဖက်တချက်တွေမှာရော၊ ပန်းခြံတွေပတ်ပတ်လည်မှာရော၊ ရပ်ကွက်တွေထဲမှာရော၊ ဘယ်နေရာမှ မလွတ်။

တရုတ်အစိုးရကလည်း ခရီးသွားလာရေး၊ လုပ်ငန်းလည်ပတ်ရေးနဲ့ တိုးတက်ရေးကို အားပေးထောက်ပံ့နေလေတော့ တရုတ်ပြည်က ဒေသအသီးသီးကလည်း ဒီလှိုင်းကို စီးနိုင်ဖို့ မိမိတို့ဒေသတွေကို အပြိုင်အဆိုင် အလှဆင်ပြီး ခရီးသွားတွေကို ဆွဲဆောင်နေကြပါတယ်။

ကူမင်းတိရစ္ဆာန်ရုံကလည်း ဒီလို ကြော်ငြာတင်လာပါတယ်။

'ချယ်ရီပန်းအလှကို ကြည့်ချင်ရင် ဂျပန် သွားစရာမလိုဘူး။ တိရစ္ဆာန်ရုံကိုသာ ကြွခဲ့ကြပါ'တဲ့။

ဒီတော့ တနေ့ ကျွန်မတို့လည်း တိရစ္ဆာန်ရုံကို ချီတက်ကြတာပေါ့။

တိရစ္ဆာန်ရုံ ဆိုပေမယ့် အများစုကို မြို့ပြင်တိရစ္ဆာန်ရုံကြီးကို ရွှေ့လိုက်လို့ ဆင်ရွာလောက်။ မျောက်ရွာလောက်၊ ဒေါင်းရွာတို့လောက်ပဲ ကျန်တာပါ။ အဓိက က ပန်းပေါင်းမျိုးစုံကို ရာသီအလိုက် စိုက်ထားတဲ့ ပန်းခြံအမျိုးအစား တမျိုးပါပဲ။

အ၀င်၀ ရောက်ရင်ပဲ လူပင်လယ်ကြီး စတွေ့ရတော့တာပဲ။ တမြို့လုံးက လူတွေများ အဲဒီ ရောက်နေသလားလို့တောင် ထင်ရပါတယ်။

 ၃-၅ ကီလိုလောက် ရှည်တဲ့ ချယ်ရီပင်တန်း သုံးတန်းစီ စိုက်ထားတာ အခုလို အစွမ်းကုန်ပွင့်ချိန်မှာတော့ ပတ်၀န်းကျင်တခုလုံး ပန်းသွေးရောင် တောက်နေပြီး ပန်းပင်တွေကလည်း တကိုင်းကို တကိုင်းယှက်-တပင်ကို တပင်ယှက်ပြီး ပန်းရုံကြီးတွေ ဖြစ်နေပါတော့တယ်။

အလွန်ကြည်နူးဖွယ်ကောင်းတဲ့ မြင်ကွင်းတွေကတော့ အဲဒီပန်းရုံကြီးတွေအောက်က မြက်ခင်းတွေပေါ်က မြင်ကွင်းတွေပဲ။

တချို့က အခင်းတွေ ခင်းထားပြီး လဲလျောင်နားနေကြ။ ဖဲရိုက်ကြ၊ ယူလာတဲ့ အစားအသောက်တွေ စားကြ။ ကလေးတွေက ပြေးလွှားဆော့ကစားနေကြ၊ တချို့ အ၀တ်အစားအမျိုးမျိုးလဲ၊ ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံတွေ။ ဗွီဒီယိုတွေ ရိုက်ကြ။

အသက်အရွယ်က အမျိုးမျိုး။ လမ်းမလျှောက်နိုင်လို့ လက်တွန်းလှည်းနဲ့ ခေါ်လာရတဲ့ အဘိုး အဘွား အရွယ်က အစ လသားအရွယ် ကလေးလေးတွေကို ချီပိုးခေါ်လာတာတွေလည်း တွေ့ရပါတယ်။

ကလေး ကစားစရာအစုံ (မြင်းပုလေးတွေတောင် ငှားစီးနေကြတာ) မျိုးစုံပါ။

စားစရာ ဈေးတန်းကြီးကလည်း အနားမှာတင်။ ရေခဲမုန့်အပါ သစ်သီးဖျော်ရည်နဲ့ အအေးအမျိုးမျိုး။ တို့ဟူး၊ မုန့်တီ၊ ခေါက်ဆွဲ စတဲ့ စားစရာတွေ၊ လက်မလည်အောင် ရောင်းချနေရတာ။

အဲသလို တရုတ်ပြည်သူတွေ စိတ်လွတ်လက်လွတ် အပူအပင်မဲ့စွာ ပျော်ရွှင်နေတာကို ကြည့်နေရင်းက--

"သြော်- တော်လှန်ရေးတွေဆိုတာ တယ်လုပ်ပျော်ပါလား။ တော်လှန်ရေးတွေအတွက် စွန့်လွှတ်စွန့်စားခဲ့ကြရသူများအတွက်လည်း တယ်တန်ပါလား"လို့စဥ်းစားဆင်ခြင်မိပါတယ်။ 

တဆက်တည်းမှာလည်း အလွန်ရှည်ကြာခက်ခဲလှတဲ့ တရုတ်တော်လှန်ရေးအတွင်းက ရင်နင့်ဖွယ်အဖြစ်အပျက်အချို့ကို သတိရလာမိပါတယ်။

တရုတ်တွေဟာ အခုအခါ ရေချိုသောက်နေရပြီ ဖြစ်နေရပေမယ့် သူတို့အတွက် ရေတွင်းတူးပေးခဲ့သူများကို မမေ့မပျောက် ရှိပါတယ်။ 

အထူးသဖြင့် အခါကြီးရက်ကြီးတွေ (ပါတီနေ့၊ နိုင်ငံတော်နေ့)မှာ အထူးရုပ်ရှင်တွေ၊ စာစောင်စာတမ်းတွေ ထုတ်ပြီး နောက်မျိုးဆက်တွေကို ပညာပေးတတ်ပါတယ်။

တို့တတွေ ဒီလို ငြိမ်းချမ်းသာယာတဲ့ ဘ၀မျိုးတွေ ရဖို့ ဘယ်လိုလူတွေက ဘယ်လို စွန့်လွှတ်ခဲ့သလဲ။ သူ ဒီလို စွန့်လွှတ်ဖို့ လိုအပ်လာရင်လည်း စွန့်လွှတ်ကြဖို့ ပညာပေးတာပါ။

အဲသလို ပညာပေး ဇာတ်လမ်းများထဲက တချို့ကို သတိရမိတာပါ။

ချစ်သူများ.. . ခွဲခွာရလို့ အကြင်နာ ပျောက်ဆုံးသွားရတဲ့ အဖြစ်မျိုး

ဘယ်တော့မှ မဖြစ်စေဖို့.......

ကလေးတွေ..... မိဘရဲ့နွေးထွေးတဲ့ လက်မောင်းပေါ်မှာ

စိတ်ချလက်ချ ခိုလှုံမှေးစက်နိုင်ကြဖို့......

ပြီးတော့.... လူငယ်တွေအတွက် သင့်ရဲ့အိပ်မက်တွေ

တကယ်ဖြစ်တည်လာဖို့......

သူမကတော့..

မျက်ရည်ကို သုတ်ပြီး...ဆက်လက်ချီတက်ခဲ့ပါပြီ...

ဒီကဗျာအပိုင်းအစလေးကတော့ 'လူငယ်တေးသံ' ဆိုတဲ့ စာအုပ်(ရုပ်ရှင်လည်းရှိ)ထဲကပါ။

၁၉၃၁-၃၅ တရုတ်ကျောင်းသားအရေးအခင်းအတွင်းက အဖြစ်အပျက်ကို အခြေခံထားပြီး အဲဒီလှုပ်ရှားမှုမှာ ဖမ်းမိသွားပြီး ထောင်ထဲမှာ ကျဆုံးသွားတဲ့ ပီကင်းတက္ကသိုလ် ကျောင်းသားခေါင်းဆောင်တယောက်ရဲ့ အပြင်မှာ ကျန်ရစ်သူ ချစ်သူလေးကရေးတဲ့ ကဗျာလေးထဲက တစပါ။ (ဒီဇာတ်လမ်း တခါက ရေးဖူးခဲ့ပါတယ်။) "အမေရယ်။ စိတ်မကောင်းမဖြစ်ပါနဲ့။ နောင် မိသားစုတွေ မကွဲရအောင် သားတို့ မိသားစု ခွဲခွာကြတာပေါ့" တဲ့။

ဒါကလဲ ၁၉၄၀ ပြည့်နှစ်များက (တော်လှန်ရေး အောင်မြင်ခါနီး) ဖမ်းဆီးခံလိုက်ရတဲ့ တရုတ်ကွန်မြူနစ် မြေအောက်ပါတီ၀င် သတင်းစာအယ်ဒီတာ မိသားစုတစုရဲ့ တကယ့်အဖြစ်အပျက်ပါ။ (ရုပ်ရှင်ရိုက်ထားတာလည်း ရှိပါတယ်။)

အဲဒီရဲဘော်က သူ့မြေအောက်လုပ်ငန်းတွေ နှစ်ရှည်လများ လုပ်လာတာ ဆယ်ကျော်သက်ရွယ် သားအကြီးလေးကို သူ့ဆက်သားအဖြစ် ခိုင်းခဲ့ပါတယ်။ ဒီတော့ သူ ပေါ်သွားတဲ့အခါ သူက ဘယ်လိုမှမဖော်တော့ သားလေးကိုပါ ဖမ်းထားတာ။

သားကိုလည်း ဘာမှမေးလို့မရ။ နောက်ဆုံး သားအဖနှစ်ယောက်လုံးကို သေဒဏ်ပေးလိုက်ပြီး သားလေးကို နောက်ဆုံးမိခင်နဲ့ တွေ့ခွင့်ပြုချိန်မှာ သားလေးက အမေကို ပြောလိုက်တဲ့ စကားပါ။

အဲသလို ဇာတ်လမ်းတွေ အများကြီးရယ်။

ဆိုဗီယက်ယူနီယံခေတ်က ဆိုက်ဘေးရီးယားသွား မီးရထားလမ်းဖောက်ခဲ့ရတဲ့ ဆိုဗီယက်ကွန်မြူနစ်လူငယ်အဖွဲ့ ခေါင်းဆောင် ပေပဲယ်ကော်ချာကင် (သူ့ရဲ့ သံမဏိသူရဲကောင်း စာအုပ်ထဲမှာ) ပြောဖူးတဲ့ စကားတရပ် ရှိပါတယ်။

'တို့တတွေ ပေးဆပ်ရတာ၊ စွန့်လွှတ်ရတာတွေ များပေမယ့် ရမှာက ပိုများပါတယ်'တဲ့။

ဟုတ်ပါတယ်။ အခု ဗမာပြည်သူတွေ ဆင်နွှဲနေရတဲ့ နွေဦးတော်လှန်ရေးမှာ စွန့်လွှတ်စွန့်စားရတာတွေ များပါတယ်။ ဒါပေမဲ့ ဆုံးရှုံးရမှာတွေက စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုနှောင်ကြိုးများသာ ဖြစ်ပြီး ရမှာက အလွန်သာယာ၀ပြောတဲ့ ဗမာပြည်သစ်ကြီးပါ။

ကဲ- တော်လှန်ရေးကြီးကို ရှေ့တိုးတင်ဖို့ ဘက်ပေါင်းစုံက ကြိုးစားအားထုတ်လိုက်ကြစို့ရဲ့။

(PLA မှ ခွဲခွာနေရတဲ့ ချစ်သူစုံတွဲများအတွက် သတိတရဖြင့်)

လှကျော်ဇော

၁၆-၃-၂၀၂၅။

မှတ်ချက်။ ဆက်စပ်ဖတ်ရှုရန်👉 လှကျော်ဇော - လွမ်းတေးမဆုံးနိုင်သေး




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar